(၂၀၀၁) ခုနှစ်၊စက်တင်ဘာလ (၁၁) ရက်နေ့မှာကမ္ဘာ့ သမိုင်းကို လှုပ်ခါ သွားစေခဲ့တဲ့အကြမ်းဖက် တိုက်ခိုက် မှုကြီးဖြစ်ပွား ခဲ့ပါတယ်။ဒီတိုက်ခိုက် မှုကြီး ဖြစ်ပွား ချိန်တုန်းက ကမ္ဘာ့ ကုန်သွယ်ရေး စင်တာကို လေယာဉ်ပျံ တစင်း ၀င်တိုက်ပြီးချိန် အထိ၊ မူလတန်း ကျောင်းတခုမှာ ကလေး တွေကို စာဖတ်ပြဖို့ သွားနေတဲ့ အမေရိကန် သမ္မတ ဖြစ်သူက "ဒါဟာ ပိုင်းလော့ရဲ့ အမှား ဖြစ်မှာပါ" လို့ မှတ်ချက် ပေးနေ ခဲ့ပါတယ်။ အဲဒီ လေယာဉ်ဟာ ပြန်ပေးဆွဲခံ ထားရပြီး ဖြစ်တဲ့ လေယာဉ် ဆိုတာကို အမေရိကန် သမ္မတ မသိခဲ့ပါဘူး။
ဒုတိယ သမ္မတ ဖြစ်သူက အိမ်ဖြူတော်က ပုံမှန် အစည်းအဝေး အတွက် ထိုင်ခုံမှာ စထိုင် ဆဲမှာပဲ ကိုယ်ရေး အတွင်းရေးမှူးက တီဗွီ ဖွင့်ကြည့်ဖို့ ပြောလို့ ကြည့်လိုက် တော့မှ ဒုတိယ လေယာဉ် ပျံတစင်း ၀င်တိုက် တာကို ရုပ်မြင် သံကြား ကနေ မြင်လိုက် ရပါတယ်။ အမေရိကန် ပြည်ထောင် စုရဲ့ ရှေ့နေချုပ် ဇနီးသည် ကိုယ်တိုင်က လေယာဉ် တစင်းပေါ်မှာ ခရီးသည် ဖြစ်နေ တာကြောင့် သူ့အမျိုးသားကို ဖုန်းဆက် ပြောခဲ့ပေမယ့်၊တရားသူကြီး ချုပ်ကို ဖုန်းဆက် အကြောင်း ကြားလို့ မရခဲ့ ပါဘူး။
နံနက် (၈) နာရီ၊ (၁၉) မိနစ်က စပြီး လေယာဉ် ပြန်ပေး ဆွဲမှုတွေ အစဉ်လိုက် ဖြစ်ပွား နေခဲ့ပြီး၊ နံနက် (၁၀) နာရီ ခွဲမှာ ပင်တဂွန် စစ်ဌာနချုပ်ကို တိုက်ခိုက်ပြီး ချိန်ကျမှ ကာကွယ်ရေး ၀န်ကြီးကို အိမ်ဖြူတော်က အဆက်အသွယ် ရခဲ့ ပါတယ်။ လေယာဉ်တွေ ပျောက်နေမှန်း သိပေမယ့် လေကြောင်း တာဝန်ရှိသူ တွေက နံနက် ကိုးနာရီ အထိ သင့်လျော်တဲ့ အကြောင်း ကြားမှုတွေ၊ အရေးပေါ် အခြေအနေ နှိုးဆော် မှုတွေ မရှိခဲ့ ပါဘူး။ လေကြောင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ FAA Representative ကို အိမ်ဖြူတော် အရေးပေါ် အစည်း အဝေးက နံနက် (၁၀) နာရီခွဲ ကျမှ ရှာတွေ့ ခဲ့ပါတယ်။
(၂၀၀၁) ခုနှစ်၊ဇန်န၀ါရီလ (၂၀) ရက်ကနေ စက်တင်ဘာ (၁၀) ရက်နေ့ အထိကာလ အတွင်းမှာ စီအိုင်အေ ဒါရိုက်တာက သမ္မတနဲ့ နေ့စဉ် တွေ့ပြီး အစီရင် ခံရတဲ့ President's Daily Brief (PDB) တွေထဲမှာ ဘင်လာဒင်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ (၄၀) ကျော် ရှိခဲ့ ပါတယ်။ အထူး သဖြင့် သြဂုတ်လ (၆) ရက် အစီရင် ခံစာမှာ ဘင်လာဒင်ဟာ အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက် ချပြီး ဆိုတဲ့ အစီရင်ခံစာ ပါပါတယ်။ သို့ပေမယ့် သမ္မတက "ဒီအစီရင် ခံစာ အရ ဘင်လာဒင်ဟာ အန္တရာယ် ရှိတယ်လို့သာ သူသိရ ကြောင်းနဲ့ အကယ်၍ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ဘင်လာဒင်ရဲ့ မြေအောက် ဆဲလ်တွေ ရှိနေကြောင်း သိရ ရင်တော့ သူ့အနေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှု ရှိကောင်း ရှိခဲ့ လိမ့်မယ်" လို့ ဆိုပါတယ်။
ဒီလို သမ္မတရဲ့ အားနည်းချက်၊ ကမ္ဘာကျော် ထောက်လှမ်းရေး အဖွဲ့များရဲ့ အားနည်းချက် တွေက အစပြုလို့ သင်ခန်းစာ ယူဖွယ်ရာ အားနည်း ချက်တွေ၊ အမှား အယွင်း တွေကို ပြည့်ပြည့် စုံစုံနဲ့ မှန်မှန်ကန်ကန် ဖော်ပြ ထားတာ ကတော့ စာမျက်နှာ (၅၀၀) ကျော်ရှိတဲ့ 9/11 Commission Report မှာ ဖြစ်ပါတယ်။ အများ ပြည်သူနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွား လာခဲ့ရင် (သို့မဟုတ်) အများပြည်သူ အကျိုး အတွက် မူဝါဒများ ချမှတ် ရာမှာ သတင်း အချက် အလက်များ လိုအပ် လာခဲ့ရင်၊ အစိုးရ များက ဦးဆောင်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် (Commission of Inquiry) တွေ ဖွဲ့စည်း ရပါတယ်။ ရံဖန် ရံခါမှာလဲ ပြည်တွင်းရေး ပဋိပက္ခတွေ ပြင်းထန် နေချိန်မှာ လူ့အခွင့် အရေး ချိုးဖောက်မှုများ၊ မျိုးတုံး သတ်ဖြတ် မှုများနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာ အဖွဲ့အစည်း များက စုံစမ်းရေး ကော်မရှင်များ ဖွဲ့စည်း စုံစမ်းလေ့ ရှိပါတယ်။
စုံစမ်း စစ်ဆေးရေးကော်မရှင် ဆိုရာဝယ်
စုံစမ်း စစ်ဆေးရေး ကော်မရှင် ဆိုတာကို သတင်း အချက်အလက်များ ရယူရန် အစိုးရ များမှ ဖွဲ့စည်းသော အရေးပေါ် အကြံပေး အစုအဖွဲ့ များလို့ အဓိပ္ပာယ် ဖွင့်ဆို ထားကြ ပါတယ်။ စုံစမ်း စစ်ဆေးရေး ကော်မရှင် တွေရဲ့တာဝန် ကတော့ သက်ဆိုင်ရာ အချက်အလက် များကို စုစည်းပြီး၊ သင့်လျော်တဲ့ အကြံ ပြုချက် များကို အစိုးရ အဖွဲ့သို့ တင်ပြရန် ဖြစ်ပါတယ်။ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့သွင်ပြင် လက္ခဏာ တွေကို (၁၂) ရာစု ခေတ်မှာအင်္ဂလိပ် ဥပဒေ ကျင့်ထုံးများမှာ စတင် တွေ့ရှိ လာရကြောင်း ဥပဒေ သမိုင်း ပညာရှင် များက ဆိုထား ကြပါတယ်။
စုံစမ်း စစ်ဆေးရေး ကော်မရှင် အမျိုးအစားများ
စုံစမ်း စစ်ဆေးရေး ကော်မရှင် တွေရဲ့အဓိက တာဝန်ကတော့ သက်ဆိုင်ရာ အစိုးရကို သတင်း အချက်အလက်များ အစီရင်ခံရေး ဖြစ်ပါတယ်။ စုံစမ်း စစ်ဆေးရေး ကော်မရှင် တွေကို ယေဘုယျ အားဖြင့် အမျိုးအစား နှစ်မျိုး ခွဲခြား သတ်မှတ် နိုင်ပါတယ်။ပထမ အမျိုးအစား ကတော့အစိုးရ မူဝါဒများ (ဥပမာ- အဆင့်မြင့် ပညာရေး မူဝါဒ၊ နိုင်ငံတကာ ကုန်သွယ်ရေး မူဝါဒ) စတာ တွေကိ ပြဌာန်းရေး၊ ပြင်ဆင်ရေး၊ ဆန်းစစ်ရေး (သို့မဟုတ်) အကောင်အထည် ဖော်ဆောင် နေသော ၀န်ကြီး ဌာနရဲ့ လုပ်ငန်း တာဝန် များကို စစ်ဆေးရေး စတာနဲ့ ပတ်သက်ပြီး သတင်း အချက်အလက်များ စုစည်းရေး ဖြစ်ပါတယ်။ ဒုတိယ အမျိုးအစား ကတော့အများ ပြည်သူရဲ့ အကျိုးကို တစုံတရာ ထိခိုက် စေသော ဖြစ်ရပ် တခုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး ရတဲ့ ကော်မရှင် ဖြစ်ပါတယ်။ ဒီလို စုံစမ်း စစ်ဆေး ရာမှာ မည်သို့မည်ပုံ ဖြစ်ပွား ခဲ့တယ်၊ ဘယ်လို အားနည်း ချက်တွေ၊ အမှား အယွင်းတွေ ရှိခဲ့တယ် စတာ တွေကို လေ့လာ စုံစမ်းပြီး၊ သင့်လျော်တဲ့ အကြံပြုချက်များ (recommendations) များကို အစိုးရထံ အစီရင်ခံ ရတာ ဖြစ်ပါတယ်။
စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်း
တိုင်းပြည် အများစုမှာ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်း များကို ပြဌာန်း ထားတဲ့ စုံစမ်း စစ်ဆေးရေးေ က်ာမရှင် အက်ဥပဒေများ ရှိပါတယ်။ ဒီအက် ဥပဒေအရ စုံစမ်း စစ်ဆေးရေး ကော်မရှင် များကို နိုင်ငံတော် အကြီးအကဲ (သမ္မတ၊ ဝန်ကြီးချုပ်) များက ဖွဲ့စည်း ပေးရပါတယ်။ ဒီလို ဖွဲ့စည်း ရာမှာ အများ ပြည်သူရဲ့ အကျိုးစီးပွား အတွက် လိုအပ်တဲ့ မူဝါဒများ (သို့မဟုတ်) ဖြစ်ရပ် စုံစမ်းမှုများ အတွက်သာ ဦးတည် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
အင်္ဂလန်က စုံစမ်း စစ်ဆေးရေး ကော်မရှင် တွေမှာတော့ မူဝါဒ ရေးရာနဲ့ ပြည်သူ့ အုပ်ချုပ်ရေးရာ များကို စုံစမ်း လေ့လာရေး အတွက် Royal Commissions များကို တာဝန် ပေးအပ်ပြီး၊ ဖြစ်ရပ် စုံစမ်း စစ်ဆေး မှုများ အတွက် tribunals of inquiry က တာဝန်ယူ ရပါတယ်။ Royal Commissions များကို အစိုးရ အဖွဲ့ အကြီးအကဲ များက ဖွဲ့စည်း ပေးရပြီး၊ tribunals of inquiry များကိုတော့ The Tribunals of Inquiry (Evidence) Act 1921 ဥပဒေပါ လုပ်ထုံး လုပ်နည်းများ အတိုင်း ဖွဲ့စည်း ရပါတယ်။
အချို့နိုင်ငံ များမှာတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်များ ဖွဲ့စည်းရာမှာ ပါလီမန်မှ တိုက်ရိုက် ပါဝင်ပတ်သက်မှု (direct parliamentary involvement ) လုပ်ဆောင်လို့ ရပါတယ်။ ဒီလို လုပ်ဆောင်ချက် အားဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့သင့် မဖွဲ့သင့်၊ မည်သို့သော terms of reference များ ထားရှိ သင့်မသင့်၊ ကော်မရှင်တွင် မည်သို့သော ပုဂ္ဂိုလ်များ ပါဝင် သင့်မသင့်ကို ပါလီမန်က တိုက်ရိုက် ဆုံးဖြတ် နိုင်တဲ့ အတွက်ပြည်သူလူထု အကျိုးစီးပွားကို ပိုမို ကိုယ်စား ပြုနိုင်တယ်လို့ အဆိုပြုသူ တွေလဲ ရှိပါတယ်။
ဖွဲ့စည်းပုံ သဏ္ဍာန်
ကော်မရှင် အဖွဲ့ရဲ့ ဖွဲ့စည်းပုံ သဏ္ဍာန်ဟာ အချက် သုံးချက် အပေါ်မှာ မူတည် ပါတယ်။ ပထမ တချက်က ဥပဒေ ပြဌာန်း ချက်များ ဖြစ်ပြီး၊ ဒုတိယ တချက် ကတော့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းတဲ့ instruments များ ဖြစ်ပါတယ်။ တတိယ အချက် ကတော့ ကော်မရှင် အဖွဲ့ဝင်များ ဆိုင်ရာ အစီအမံများ ဖြစ်ပါတယ်။ ဒီအစီအမံ များမှာ အသက်အရွယ်၊ လူမှု အဆင့်အတန်း၊ ပညာ အရည်အချင်း၊ အတွေ့အကြုံ စတာ တွေကို ထည့်သွင်း စဉ်းစားဖို့ လိုအပ် ပါတယ်။
ယေဘုယျ အားဖြင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူး တို့က ဦးဆောင်ပြီး စီမံ ကွပ်ကဲ ရမှာ ဖြစ်ပါတယ်။ ပါဝင် ရမယ့် ကော်မရှင် အဖွဲ့ဝင် အရေ အတွက် ကတော့စုံစမ်း စစ်ဆေး ရမယ့် အကြောင်း အရာနဲ့သဘော သဘာဝ အပေါ်မှာ မူတည်ပြီး ကွဲပြား ခြားနားမှု ရှိပါတယ်။ ကော်မတီ ဖွဲ့စည်း ပြီးတာနဲ့ ကော်မတီရဲ့ ပထမဦးဆုံး လုပ်ဆောင် ရတဲ့ အလုပ် ကတော့ The rules of commission ကို ရေးဆွဲ ပြဌာန်းခြင်း ဖြစ်ပါတယ်။ ဒီလို ရေးဆွဲ ပြဌာန်း ချက်ကို သတင်းစာ မှတဆင့် အများ ပြည်သူကို အသိ ပေးဖို့ လိုအပ် ပါတယ်။ ဒီလို အသိပေး ရာမှာ ကော်မရှင်ရဲ့ သက်တမ်း ကာလကိုလဲ ထည့်သွင်း ဖော်ပြရမှာ ဖြစ်ပါတယ်။
ကော်မရှင် သက်တမ်းကာလ
ကော်မရှင် ဖွဲ့စည်းရာမှာ သမ္မတ (သို့မဟုတ်) ၀န်ကြီးချုပ်က ဖြစ်စေ၊ ကော်မရှင် ဖွဲ့စည်း ပြီးနောက် The rules of commission ထုတ်ပြန် ကြေငြာ ရမှာ ဖြစ်စေ၊ ကော်မရှင်ရဲ့ သက်တမ်း ကာလကို အများပြည်သူကို အသိပေး ဖော်ပြရမှာ ဖြစ်ပါတယ်။ ဒီလို ဖော်ပြ ထားခြင်း မရှိရင် အများ ပြည်သူရဲ့ အပြည့်အ၀ ယုံကြည် ကိုးစားမှုကို ရရှိမှာ မဟုတ်ပါဘူး။ သတ်မှတ် ကာလ အတွင်း ကော်မရှင် အစီရင်ခံစာ မထွက်နိုင် ခဲ့ရင် သမ္မတနဲ့ ညှိနှိုင်းပြီး အချိန် တိုးမြှင့် နိုင်ပါတယ်။ ဖြစ်ရပ်ရဲ့ အတိမ်အနက် (သို့မဟုတ်) မူဝါဒရဲ့ အတိမ် အနက်ပေါ် မူတည်ပြီး ကော်မရှင် သက်တမ်း ကာလတွေ ကွဲပြား ခြားနားပါတယ်။ ပုံမှန် အားဖြင့် သုံးလမှကိုးလ ကြာမြင့် တတ်ပါတယ်။
ကော်မရှင် ၀န်ထမ်း (Commission Staff) များ ခန့်ထားခြင်း
(၂၀) ရာစု နှောင်းပိုင်း တတိယ ဒီမိုကရေစီ လှိုင်းလုံးကြီးနဲ့ အတူ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်လာခဲ့တဲ့ တိုင်းပြည်တွေ (ဥပမာ- အရှေ့ ဥရောပနဲ့ အာဖရိက တိုင်းပြည်တွေ) မှာ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဆိုတဲ့ စကားလုံးက အတော်ပဲ ရေပန်း စားခဲ့ပါတယ်။ ဘယ်လို အတိုင်းအတာ၊ အတိမ်အနက်မှာ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရတယ် ဆိုတဲ့ တိုင်းတာမှု စံနှုန်း များကလဲ မရှိတဲ့ အတွက် အသေးအမွှား ပြဿနာ လေးများက အစပြုလို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်များ ဖွဲ့စည်း ခဲ့ကြပြီး၊ ကော်မရှင်တွေ မှိုလို ပေါက်အောင် ပေါ်ထွက် ခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်များ ဖွဲ့စည်း ခြင်းကသာ အဖတ်တင်ပြီး၊ ထိရောက်တဲ့ အစီရင်ခံစာ ပေါ်ထွက် လာမှုက အတော် နည်းပါး ခဲ့ပါတယ်။ အဓိက ပြဿနာ ကတော့ Command သာရှိပြီး၊ Staff မပါတဲ့ ပြဿနာ ဖြစ်ပါတယ်။
စစ်ဘက် ဆိုင်ရာ နယ်ပယ်မှာ command and staff ဆိုတဲ့ စကားလုံး ရှိပါတယ်။ Command နဲ့Staff ဆိုတာ ယှဉ်တွဲ ရှိရပါတယ်။ Command ရှိပြီး၊ Staff မရှိရင်၊ Staff ရှိပြီး Command မရှိရင် စစ်ဘက် ဆိုင်ရာ အဖွဲ့တွေတင် မကပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး နယ်ပယ်မှာ ရှိတဲ့ ဘယ်လို အဖွဲ့အစည်း မျိုးရဲ့ လုပ်ဆောင် မှုတွေမှ ထိရောက်စွာ အောင်မြင်မှာ မဟုတ်ပါဘူး။ စုံစမ်း စစ်ဆေးရေး ကော်မရှင် များရဲ့ လုပ်ငန်း အကောင်အထည် ဖော်ဆောင်မှု မှာလဲ ဒီအတိုင်းပဲ ဖြစ်ပါတယ်။
ကော်မရှင် ဖွဲ့စည်း ပြီးချိန်မှာ The rules of Commission ကို ရေးဆွဲပြီး၊ အသိပေး ကြေငြာ ပြီးတာနဲ့ Commission Staff ကို ဖွဲ့စည်း ရပါတယ်။ ကော်မရှင် အဖွဲ့ဝင် များက ဦးဆောင် လမ်းညွှန် မှုများ ပေးခြင်း၊ လုပ်ငန်း စဉ်များ ချမှတ်ပေးခြင်း၊ လုပ်ငန်းများေ ဆာင်ရွက်ရာမှာ ပေါ်ထွက် လာသော အခက်အခဲ များကို ညှိနှိုင်း ဖြေရှင်းပေးခြင်း၊ ဘဏ္ဍာရေး ဘတ်ဂျက်များ ချပေးခြင်း၊ အကြံဥာဏ် ပေးခြင်း၊ ညှိနှိုင်း အစည်းအဝေးများ ကျင်းပခြင်း စတာတွေကို လုပ်ဆောင် ရမှာဖြစ်ပြီး၊ လုပ်ငန်း များကို လက်တွေ့ အကောင် အထည် ဖော်ဆောင် ရမှာက Commission Staff များဖြစ်ပါတယ်။
Commission Staff မှာ အမှုဆောင် ဒါရိုက်တာ၊ လက်ထောက် အမှုဆောင် ဒါရိုက်တာ၊ General Counsel နဲ့ကျွမ်းကျင် ပညာရှင် များကို ခန့်ထား တာဝန် ပေးအပ် ရမှာ ဖြစ်ပါတယ်။ မူဝါဒ ရေးရာ ဆိုင်ရာ စုံစမ်းရေး ကော်မရှင်မှာ မူဝါဒ ရေးရာ ကျွမ်းကျင် ပညာရှင်များ၊ သုတေသီများ၊ သုတေသန လက်ထောက်များ ပါဝင် သင့်ပြီး၊ ဖြစ်ရပ် ဆိုင်ရာ စုံစမ်း စစ်ဆေးရေး ကော်မရှင် မှာတော့ Principal Investigator ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေး ယူနစ်၊ သုတေသီ များနဲ့ ကျွမ်းကျင် ပညာရှင်များ ပါဝင်တဲ့ Analyst Teamအစီရင် ခံစာ ရေးသားရန် Publication ယူနစ်၊ လူထု ဆက်ဆံရေး အရာရှိ၊ ဘဏ္ဍာရေး အရာရှိ၊ ညှိနှိုင်း ဆောင်ရွက်ရေး အရာရှိ၊ စာရွက် စာတမ်းများနှင့် အင်တာဗျူး မှတ်တမ်းများ ဆိုင်ရာ မော်ကွန်း အရာရှိ စတာတွေ ပါဝင် သင့်ပါတယ်။ အခြေအနေအရ လိုအပ်ပါက သမိုင်း ရေးရာ ပညာရှင်၊ ဥပဒေ ပညာရှင်၊ စီးပွားရေး ပညာရှင် စတာတွေပါ ပါဝင် သင့်ပါတယ်။
ကော်မရှင် အစီရင်ခံစာ ထုတ်ပြန်ခြင်း
ကော်မရှင် ၀န်ထမ်းများရဲ့ လေ့လာ တွေ့ရှိချက်များ၊ ဆန်းစစ်ချက်များ၊ သုတေသန မှတ်တမ်းများပေါ် မူတည်ပြီး၊ လိုအပ်ပါက ဥက္ကဌ အပါအ၀င် ကော်မရှင် အဖွဲ့ဝင် များမှ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ် ပြီးချိန် မှာတော့ တွေ့ရှိချက် များကို အခြေခံပြီး အစီရင်ခံစာ မူကြမ်းကို ကျွမ်းကျင် ပညာရှင်များ ပါဝင်တဲ့ Publication ယူနစ်က ရေးသား ရမှာ ဖြစ်ပါတယ်။ ဒီမူကြမ်းကို ကော်မရှင် အဖွဲ့ဝင် များထံ ပေးပို့ပြီး၊ နောက်ဆုံး အတည်ပြုချက် ကျလာချိန်မှာ ကော်မရှင် အစီရင်ခံစာကို အစိုးရ ထံကို တင်ပြ ရမှာ ဖြစ်ပါတယ်။
ကော်မရှင် အစီရင် ခံစာမှာ ယေဘုယျ အားဖြင့် Executive Summary ၊ နိဒါန်း၊ နောက်ခံ အခြေအနေ၊ ဖြစ်ပွား ခဲ့မှုများ (သို့မဟုတ်) မူဝါဒ ဆန်းစစ် ချက်များ၊ အမှားများ၊ အားနည်း ချက်များနှင့် ချို့ယွင်း ချက်များ၊ တာဝန် ခံမှုဆိုင်ရာ mechanisms များ၊ အကြံပြုချက်များ၊ အကြံပြုချက် များအား အကောင် အထည် ဖော်ဆောင် နိုင်ရန် လုပ်ဆောင် နိုင်သည့် စီမံချက်များ စတာတွေ ပါဝင်လေ့ ရှိပါတယ်။
အချို့နိုင်ငံ တွေမှာတော့ အစီရင် ခံစာကို အစိုးရထံ ပို့ဆောင် ချိန်မှာပဲ၊ မိတ္တူကို ပါလီမန် ကိုလဲ ပို့ဆောင်လေ့ ရှိပါတယ်။ ပါလီမန်မှာ တင်သွင်းပြီး၊ ပါလီမန် အမတ်များရဲ့ လက်ထဲကို ဖြန့်ဝေပြီး ချိန်မှာတော့ လုပ်ထုံး လုပ်နည်းအရ ဒါဟာ အများပြည်သူပိုင် စာရွက်စာတမ်း (public document) ဖြစ်လာ ပါတယ်။ ဒီအခါမှာ အများ ပြည်သူကို ဆက်လက် ဖြန့်ဝေမှု လုပ်ဆောင်လေ့ ရှိကြ ပါတယ်။
နိဂုံး
စုံစမ်း စစ်ဆေးရေး ကော်မရှင်များ ပေါ်ပေါက် လာရခြင်းဟာ အများ ပြည်သူရဲ့ အကျိုး စီးပွားအတွက် ဖြစ်ပါတယ်။ ဒါကြောင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်များက ထုတ်ပြန် လိုက်တဲ့ အစီရင် ခံစာ များဟြာ ပည့်စုံ၊ မှန်ကန် ထိရောက်ပြီး၊ အများပြည်သူ အကျိုးစီးပွားကို ဦးတည်တဲ့ အစီရင် ခံစာများ ဖြစ်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင် ခံစာမှာ အမှားများ၊ အားနည်း ချက်များ၊ ချို့ယွင်း ချက်များကို ထုတ်ဖော် ထောက်ပြလေ့ ရှိကြ ပါတယ်။ ဒါဟာလဲ အမှား များကို ဝေဖန် ထောက်ပြ အပြစ် ဖို့ရန် မဟုတ်ပဲ၊ ဒီလို အဖြစ်အပျက် မျိုးတွေ (သို့မဟုတ်) မှားယွင်းတဲ့ မူဝါဒတွေ နောက်တဖန် ထပ်မံ မဖြစ်ပေါ်ရေး အတွက် လုပ်ဆောင်လေ့ ရှိခြင်း ဖြစ်ပါကြောင်း ရေးသား တင်ပြ အပ်ပါတယ်။
ခင်မမမျိုး (၁၄၊၂၊ ၂၀၁၃) .phophtawnews.org