မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ မျိုးစောင့်ဥပဒေကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းနိုင်ရေး လူထုလက်မှတ် ရေးထိုးခြင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျှက်ရှိရာ ရခိုင်တပြည်နယ်လုံး၌လည်း လူထုလက်မှတ် ကောက်ခံလျှက်ရှိကြောင်း ဆရာတော် ဦးကေသရက မိန့်ကြားသည်။
မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေကို လွှတ်တော်မှအတည်ပြုဌာန်းရေးအတွက် မျိုးချစ်သံဃာတော်များမှ ရေးဆွဲထားသော ဥပဒေမူကြမ်းစာအုပ်၏ Cover ။မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေကို လွှတ်တော်မှအတည်ပြုဌာန်းရေးအတွက် မျိုးချစ်သံဃာတော်များမှ ရေးဆွဲထားသော ဥပဒေမူကြမ်းစာအုပ်၏ Cover
" ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အမျိုးဘာသာသာသနာကို စောင့်ထိန်းနိုင်ဖို့ ဥပဒေတရပ်ဖြစ်ပေါ်ရေးအတွက်
ရခိုင်တပြည်နယ်လုံးမှာ လက်မှတ်ရေးထိုး နေကြတာဖြစ်တယ်၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ လေးမြို့နယ်က လက်မှတ်တွေရောက်ပြီ။ ကျန်တဲ့မြို့နယ်တွေကလည်း လက်မှတ်ထိုးမယ့်ကိစ္စ တွေကို ဆက်လုပ်နေကြတယ်။ " ဟု စစ်တွေမြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးကေသရက မိန့်ကြားလိုက်သည်။
ရခိုင်တပြည်နယ်လုံး အတိုင်းအတာနဲ့ လူထုလက်မှတ် လက်မှတ်ပေါင်း ၅ သိန်းကျော်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ကောက်ခံရရှိသည့်လက်မှတ်များကို တိပိဋကဆရာတော်များအဖွဲ့မှတဆင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
လက်မှတ်ရေးထိုးရာ၌ ဗုဒ္ဓဘာသာဝင်အချင်းချင်း သာလက်ထပ်ရန်၊ လူဦးရေ ပွားနှုန်း အဆမတန်မြင့်မားနေသော ဘာသာခြားများအား ကလေးမွေးနှုန်း ကန့်သတ်ရန်၊ မြန်မာ့ဓလေ့ ထုံးတမ်းနှင့်အညီ တလင်တမယားစနစ်ကိုသာ ကျင့်သုံးရန်၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန် စသည့် အချက် ၄ ချက်ပါဝင်ကြောင်း သိရသည်။
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သြ၀ါဒါစရိယဆရာတော်ကြီးများအဖွဲ့၊ စာသင်တိုက် ဆရာတော်များအဖွဲ့၊ တိပိဋကဆရာတော်များအဖွဲ့နှင့် ဓမ္မကထိကဆရာတော်များအဖွဲ့တို့မှ ဦးဆောင်ကာ ဇွန်လ ၉ ရက်နေ့မှစ၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် လက်မှတ်ရေးထိုးနေကြောင်း အဆိုပါရဟန်းတော်အဖွဲ့မှ သိရသည်။
အဆိုပါ မျိုးစောင့် ဥပဒေပြဋ္ဌာန်းရေးနှင့် စပ်လျဉ်း၍ ဇွန်လ ၁၇ ရက်နေ့က ဒေါ်ဇင်မာအောင် ဦးဆောင်သော RAIN FALLအဖွဲ့၊ အခရာ အမျိုးသမီးအဖွဲ့၊ KWEG ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့၊ ဖန်တီးအိမ်မျိုးဆက် (အမျိုးသမီအဖွဲ့)၊ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တ-က-သ)၊ Colorful Girls နှင့် Triangle Women Support Group စသည့် အမျိုးသမီးအဖွဲ့တို့က လူ့အခွင့်အရေး ချိုးဖောက်ရာရောက်သဖြင့် ကန့်ကွက်ကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။
မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ဆရာတော် ဦးကောသလ္လက " ဒီဥပဒေပြဋ္ဌာန်းတာဟာ တခြားဘာသာကို ထိပါးတာ မဟုတ်သလို ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အမျိုးဘာသာကို ကာကွယ် စောင့်ရှောက်ဖို့ အတွက်သာ ဖြစ်တယ်၊ တခြားနိုင်ငံတွေမှာလည်း သူတို့ရဲ့ ဘာသာသာသနာကို စောင့်ရှောက်တဲ့ ဘာသာရေးဆိုင်ရာ ဥပဒေတွေကို အသီးသီးပြဋ္ဌာန်းထားတယ်။ မြန်မာနိုင်ငံအစိုးရကလည်း ဒါကို အသိအမှတ်ပြုထားရတယ်။ ရေရှည်မှာ ဗုဒ္ဒဘာသာ ရပ်တည်ရှင်သန်ရေးကို ခြိမ်းခြောက် လာနေတာမို့ ဒီဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားနေတာဖြစ်တယ်။ နိုင်ငံတကာမှာ ဆိုင်ရာဘာသာရေးဥပဒေ ပြဋ္ဌာန်းနေတာ ဘယ်သူကမှ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောသံမကြားရဘဲ ဦးဇင်းတို့ ဗုဒ္ဒဘာသာ မြန်မာနိုင်ငံကျမှ ဒီလိုမျိုးပြောတာ စိတ်ပျက်စရာဘဲ။ " ဟု သံတွဲမြို့စည်းကမ်း/ ကူညီရဟန်းတော်အဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးကောသလ္လကလည်း ထောက်ပြဝေဖန် မိန့်ကြားခဲ့သည်။
မြန်မာတိုင်းရင်းသားများမှာ တလင်တမယားစနစ်ဖြင့် နေထိုင်ကြသော်လည်း ရခိုင်ပြည်၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ဘာသာခြားများမှာ တဦးထက်ပိုသော ဇနီးမယားများယူလျက်ရှိ လူဦးရေ အဆမတန် တိုးပွားလျှက်ရှိသည်။ ARAKAN TIMES