ရခိုင်ပြည် ပေါက်တောမြို့နယ်၊ ငပြီတက်ကျေးရွာအုပ်စု၊ ငပြီးတက်ကျေးရွာမှ ကျေးရွာပိုင် ဖွံ့ဖြိုးရေးဆည်ကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ (၁၁) ရက်နေ့က ပဋိပက္ခ ဖြစ်ပေါ်ခဲ့ရာတွင် ဒဏ်ရာရရှိသူ နှစ်ဦးမှာ ဆေးကုသခွင့်မရဘဲ ပေါက်တော ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
" ရေချိုချောင်း ထိန်းသိမ်းဆည်ဖို့ရေး ကော်မတီက ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းအောင်ကျော်အပါအ၀င် ကော်မတီ (၇) ဦးဟာ ၂ လပိုင် ၁၁ နေ့ မှာ ဆည်အခြေအနေကို သွားရောက်လေ့လာခဲ့ကြတယ်။ အဲဒီမှာ ဆည်ကို ပုဂ္ဂလိက တစ်ဦးပိုင်အနေနှင့် လုပ်ကိုင်စားသောက်နေတဲ့သူက မကျေနပ်တဲ့အတွက် လူလွှတ်ပြီး ပြဿနာရှာခိုင်းတယ်။ အဲဒီမှာ တဖက်နှင့်တဖက် အပြန်အလှန် ဓါးနှင့်ခုတ်ကြတယ်။ သိန်းအောင်ကျော်မှာ ဘယ်လက်ဝါးမှာ လက်မတစ်ချောင်းသာကျန်ခဲ့တယ်။ ညာဘက်မှာလည်း ဓါးနှစ်ချက် အခုတ်ခံထားရတယ် နောက်တစ်ယောက်မှာလည်း လက်မှာဒဏ်ရာတွေရထားတယ်။ သူတို့ကို ဆေးရုံးကို ပို့ခဲ့တယ်၊ ၂ လပိုင် ၂၈ ရက်နေ့က ဆေးရုံက ရက်ချိန်းပေးထားတာ၊ ဒါပေမယ့် ရဲစခန်းက လက်ရှိကာလထိ အချုပ်ခန်းထဲမှာထည့်ထားတယ်၊ ဆေးကုသခွင့်မရဖြစ်နေတယ်။ " ဟု ဦးမြတ်ထွန်းက ပြောသည်။
ငပြီတက်ကျေးရွာတွင် ကျေးရွာပိုင် ဖွံ့ဖြိုးရေးဆည်တစ်ခုရှိပြီး ယခင်ထောက်လှန်းရေးခေတ်ကာလက အဆိုပါတာအား သိမ်းယူခဲ့ကာ ရ၀တ ဥက္ကဌ ကျော်စိန်လှအား လုပ်ကိုင်စားသောက်ခွင့်ပေးထားခဲ့ရာ လက်ရှိကာလတွင် ကျေးရွာသူ၊ ကျေးရွာသားများက အဆိုပါဆည်အား ပြန်လည်ရ ယူရန်တောင်းဆိုလာကြောင်း သိရသည်။
ရွာသား ၃ဝဝ ကျော်မှ လက်မှတ်ထိုးကာ ပြည်နယ်လွှတ်တော်တွင် ၂၀၁၁ မှ တင်ပြခဲ့ခြင်းဖြစ်ရာ် ပြည်နယ်မှ ကျေးရွာပိုင်အဖြစ် ၁၈-၁- ၂၀၁၃ နေ့တွင် ခွင့်ပြုပေးခဲ့သဖြင့် ရေချိုချောင်း ထိန်းသိမ်းဆည်ဖို့ရေး ကော်မတီအား ၂၅- ၁- ၂၀၁၃ နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှုး သိန်းအောင်ကျော် အပါအ၀င်အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထိုသို့ ကော်မတီဖွဲ့စည်းပြီနောက် ၁၁-၂-၂၀၁၃ နေတွင် ကော်မတီဝင် (၇) ဦးမှာ ဆည်အားလေ့လာရန် သွားရောက်ခဲ့စဉ် တဖက်မှ လူ(၃) ဦးက ဓါးနှင့် ၀င်ခုတ်ရာ အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ခဲ့ရာ လက်ရှိတွင် ဒဏ်ရာရသူအပါအ၀င် အဆိုပါကော်မတီ (၇) ဦးစလုံးအား ပေါက်တောရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။  ARAKAN TIMES