photo for AR

အိပ်မက်ဆိုးတွေနဲ့ ကစ္ဆပနဒီ

ရခိုင်မှာ သဇင်ဟာ ဘယ်လောက် တန်ဖိုးထားသလဲ။ ရခိုင်တွေရဲ့ဘ၀ကို ဘာနဲ့တိုင်းတာသလဲ။ရခိုင်တပြည်လုံးကို သဇင်မြေလို့ခေါ်တာ။ သဇင်ဆိုတဲ့နာမည်ကို မထိခိုက်အောင်ကာကွယ်ရမှာ ရခိုင်တွေရဲ့ တာဝန်ပဲလေ။ သဇင်ကြွေရင် ရခိုင်တွေကို အောင်နိုင်ပြီပေါ့။ သူတို့တွေ ရထားလမ်းဖေါက်တယ်ဆိုပြီး သဇင်တံဘုရားတွေကို ဖြိုဖျက်လိုက်တာဟာ တကယ့်ကို ရည်ရွယ်ချက်ကြီးတဲ့ ကြံစည်မှုတစ်ခုပါပဲ။ သဇင်တံဘုရားဆိုတာဟာ တစ်ပါးတည်း တည်ထားတာမဟုတ်ပါဘူး။ သဇင်ပန်းခက်မှာ သဇင်ပွင့်တွေ ပွင့်နေကြသလိုမျိုး ဘုရား အဆူဆူတွေကို တသီတတန်းကြီး တည်ထားခဲ့တာ။

စာရေးသူ – မင်းမျိုးနွယ်

ကစ္ဆပနဒီမြစ်ဟာ လှပသာယာပြီးတည်ငြိမ်နေတဲ့ မြစ်တစ်စင်း။ အကြင်နာတရားတွေ ပြည့်လျှံနေတဲ့ မြစ်တစ်စင်းဆိုရင် ပိုပြီးပြည့်စုံမယ် ထင်ပါရဲ့။ မြစ်ရဲ့လှုပ်ရှားနေတဲ့ ဟန်တွေက အသက်ဝင်ပြီးအိနြေ္ဒရှိရှိ သိမ်မွေ့လွန်းလှတာ။ ရေလှိုင်းကလေးတွေ တဖြတ်ဖြတ် ကမ်းစပ် ရှိရာဆီကို လာရိုက်နေတာကပိုပြီး ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းပါပဲ။ ရေလှိုင်းတွေဟာဖြင့် သောင်ပြင် ကမ်းစပ်ရှိရာဆီကို လာကြစမြဲပါပဲလေ။ သိပ်မှန်တာပေါ့။ ရေလှိုင်းတွေဆိုတာ ကြီးတယ်။ ငယ်တယ်ရယ်လို့ မဟုတ်။ ကမ်းစပ်နဲ့ ဝေးကွာနေလို့ မရတာကမှ အမှန်ပါပဲ။ တော်တော်လေးကို ချစ်ကြတယ်လို့ ဆိုရမလား။
ကမ်းစပ်ရှိရာဆီကို လာခွင့်မရတဲ့ ရေလှိုင်းလေးတွေဟာ ဘယ်လောက်များ လွမ်းကြရှာလေမလဲ။ သူတို့တွေဟာ တကယ်ချစ်ကြတဲ့ သားအမိတွေဖြစ်ခဲ့ရင် သနားစရာကောင်းမှာ အသေအချာတယ်။ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ကြားမိသူတိုင်း ကြေကွဲကြရမှာပါပဲ။ လှပ လွန်းတဲ့ ကစ္ဆပနဒီ မြစ်ကြီးဟာ ရခိုင်ပြည်မှာ အရှည်ဆုံးနဲ့ လှပဆုံးလို့ ဆိုနိုင်တဲ့ မြစ်တစ်စင်းပေကိုး။ ရိုးမတောင်တန်းကြီးရဲ့ အနောက်ဖက်တလျှောက်မှာ တိတ်ဆိတ်အေးငြိမ်လျှက် စီးဆင်းနေခဲ့တာ။ သူ့ရဲ့ခိုင်မာတဲ့ လှပမှုတွေကို ပြောရမယ်ဆိုရင် ဆုံးတော့မှာ မဟုတ်တော့ပါဘူး။
ကစ္ဆပနဒီမြစ်ဟာ ဘယ်လောက် သာယာသလဲဆိုတော့ တောင်စဉ် တောင်တန်းကြီးတွေရဲ့ ကြားကနေ ခွေပတ်ပြီး စီးဆင်းလာခဲ့ရပေမဲ့။ သူဟာ ဘယ်တော့မှ အလှမပျက်ခဲ့။ ဘယ်လောက်ပဲ ရုန်းကန်စီးဆင်းခဲ့ရပါစေ။ သူ မငြိုငြင်။ လွတ်လပ်တဲ့နေရာမှာ သူလိုရာအတိုင်း ငြိမ်သက်စွာနဲ့ သူ့အလှကို ပေါ်လွင်အောင် နွဲ့နှောင်းစွာပဲ ဖြတ်သန်းနေလေရဲ့။ မြင့်မားလှတဲ့ တောင်တန်းကြီးတွေကလည်း အသွယ် သွယ်အထပ်ထပ်။ နိမ့်လိုက်မြင့်လိုက်။ ခွေလိုက်ပတ်လိုက်။ ကျဉ်းလိုက်ကျယ်လိုက်နဲ့။ အခက်ခဲတွေကို ဖြတ်ကျော်ခဲ့ရပေမဲ့ သူ့ရဲ့ မလျှော့သော အားမာန် မာနတွေကို ဖေါ်ပြနေတဲ့ စိမ်းမြမြရေကြည်တွေဟာ ဘယ်တော့မှာ မညှိုးနွမ်းခဲ့ဘူး။ မိခင်ဟာ သားသမီးတွေကို ချစ်သလို မြစ်ဟာလည်း ရေကိုချစ်ရှာတာ။ ရေဟာမြစ်ရဲ့သမီးထွေး။ သားထွေးလေးပေါ့။ သူ ဘယ်အထိခိုက်ခံလေမလဲ။
အချိန်တွေ ဘယ်လောက်ပဲ ကြာပါစေ။ နှစ်တွေဘယ်လောက်ပဲ ဟောင်းနွမ်းပါစေ။ သူဟာချစ်နေမှာ။ မုန်းရိုးထုံးစံမရှိဘူး။ မုန်းနိုင်မဲ့ စွမ်းအားလဲ သူ့မှာမရှိပါဘူး။ မြစ်ကမ်းဟာ သူချစ်တဲ့ ရေရဲ့ လှိုင်းတွေရဲ့ ရိုက်ခတ်မှုတွေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ။ သူ့မှာ မေတ္တာတရားရဲ့ စွမ်းအားတွေကြောင့် ခံနိုင်ရည်ရှိတယ်။ သားသမီးတွေရဲ့ ဆိုးနွဲ့မှုကို မိခင်တိုင်းဟာ အသာတကြည် လက်ခံကြရိုးပေါ့။
ကစ္ဆပနဒီမြစ်ဟာလည်း ကြည်လင်လှပပြီး အေးမြသာယာတဲ့ ရေပြင်ကျယ်ကြီးမှာ နူးညံ့လှတဲ့ လှိုင်းနု၊ လှိုင်းနုတ် ကလေးတွေရဲ့ တဖြတ် ဖြတ်ရိုက်ခတ် လာနေတာဟာ ကြက်သားပေါက်လေးတွေက မိခင်ကြက်မကြီး ကိုယ်ပေါ်ကို တက်လိုက်ဆင်းလိုက် တိုးဝှေ့ ဆော့ကစား နေသလိုပါပဲ။ ကြည်နူးစရာ ကောင်းလောက်အောင်း သာယာတဲ့ မိသားစုလေးပေါ့။
ကစ္ဆပနဒီမြစ်ဟာ ရေကြည်စိမ်းစိမ်း။ မြစ်ကမ်းသောင်ပြင်တွေပေါ်မှာ ရာသီပေါ် သီးနှံစိုက်ခင်းတွေနဲ့ စိမ်းစိမ်းစိုစို။ လှမ်းမျှော်လိုက်တဲ့ နေရာတိုင်းမှာလည်း တောင်စဉ်တောင်တန်းကြီးတွေက ညို့ညို့မှိုင်းမှိုင်းမို့ မြစ်ကြောတလျှောက် သွားလာရတာက ဟိုးအတိတ်တွေကို လွမ်းဆွတ်လောက်တဲ့ ပန်းချီကားကြီးတစ်ချပ်လို့ ဆိုရင်ကော လွန်မယ်လို့ ထင်ရောလား။ ဟုတ်ပါတယ်။ တကယ့်ကြည်သာစရာ မြင်ကွင်းတစ်ခုရယ်လေ။ ခံစားချက်ကြီးသူတွေအတွက်မတော့ လွမ်းမယ်ဆိုလည်း လွမ်းလောက်တယ်ထင်ပါရဲ့။ အဲဒီလောက် လှပ သာယာလွန်းတဲ့ မြစ်ကြီးတစ်စင်းဟာ ကနေ့လား၊ နက်ဖြန်လား။
အခုတော့ မင်းအမိန့်အာဏာကို သူ မလွန်ဆန်နိုင်တော့ပြီ။ အလှပျက်ရတော့မည်။ ဘ၀ကို ပေးဆပ်ရတော့မည်။ ဗုဒ္ဓရဲ့ တရားထဲကလို သူဟာ သင်္ခါရတရားကို ရှုမှတ်နေရတော့လေပြီ။ ဘယ်တတ်နိုင်မလဲ။ အရာအားလုံးဟာ ဖြစ်ပြီးရင်ပျက်ရစမြဲပါပဲ။ ဘယ်အရာကမှ အစိုးမရနိုင်ပါဘူးလေ။ “မင်းခယောင်္ကျား၊ ကမ်းနားသစ်ပင်” တဲ့ အခုတော့ သစ်ပင်တောင်မက ကမ်းပါးတောင် အစိုးမရတဲ့ ဘ၀ကို ရောက်နေရပြီ။
ဒေသဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်ထဲမှာ လမ်းတွေဖေါက်၊ တံတားတွေထိုး၊ ရေနက်ဆိပ်ကမ်းကြီးတွေ တည်ဆောက်နေလိုက်ကြတာ တကယ်ပဲအံ့သြစရာ။ ပိုပြီးအံ့သြဖို့ကောင်းတာက ပလက်ဝမှာ ရေနက်ဆိပ်ကမ်းဆောက်တဲ့ ကိစ္စပေါ့လေ။ ပလက်ဝမြို့ဟာ တောင်ပေါ် မြို့လေးတစ်မြို့။ ရေနက်ဆိပ်ကမ်းဆိုတာက ပင်လယ်ပြင်မှာရှိတဲ့အရာတစ်ခု။ ဘယ်လိုမှ ဆက်စပ်လို့မရလောက်အောင် အံ့သြဖို့ကောင်း နေတာ။
အဲဒီတောင်ပေါ်မြို့က ရခိုင်ပြည်ရဲ့ သွေးကြော၊ အသက်ရှူ လမ်းကြောင်းတွေဖြစ်တဲ့ မြစ်ကြီးလေးစင်းထဲမှာ တစ်စင်းအပါအ၀င်ဖြစ်တဲ့ ကုလားတန် ကစ္ဆပနဒီမြစ်ရဲ့ မြစ်ညာဒေသမှာ တည်ရှိနေတာ။ ကစ္ဆပနဒီမြစ်ဟာဖြင့် မြစ်ကြီးလေးစင်းထဲမှာ အထင်ကရ သမိုင်းဝင်တဲ့ မြစ်တစ်စင်းလေ။ ရခိုင်တို့ရဲ့ သမိုင်းနဲ့လည်း ဆက်နွယ်နေသလို၊ ဘာသာရေးဘက်ကလည်း မလွတ်တဲ့ မြစ်တစ်စင်းကိုး။ ရခိုင်မြို့ဟောင်းတွေဟာ အဲဒီမြစ်ရဲ့ လက်ဝဲဘက်မှာ ကိုးဆယ်ကိုးမြို့၊ လက်ယာဘက်မှာ ကိုးဆယ်ကိုးမြို့ တည်ရှိနေခဲ့တာ။ ရခိုင်သမိုင်းရဲ့ သက်သေတခွန်တစ်ခုပေါ့။ ကစ္ဆပနဒီနဲ့ လေးမြို့မြစ်ရဲ့ ဟိုဘက်ဒီဘက်ကို ဓည၀တီလွင်ပြင်လို့ အခုချိန်ထိအောင် ခေါ်နေကြတုန်းပါပဲ။ အဲဒီမြစ်ကြီးနှစ်စင်း စီးဆင်းနေရာ ကြားလွင်ပြင်ဟာ တချိန်က ရခိုင်တွေရဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်၊ ဘာသာတရား၊ ထွန်းကားခဲ့ပုံတွေ၊ ကိုယ်တွေ့နိုင်တဲ့ လွင်ပြင်ကြီးတစ်ခုပါပဲ။ တနည်းဖြင့်ပြောရရင် အဲဒီလွင်ပြင်ကြီးကို ရခိုင့်ယဉ်ကျေးမှု ပြတိုက်လို့လဲ ဆိုနိုင်တာပေါ့။ ဘယ်သူကငြင်းနိုင်မှာတဲ့လဲ။ သက်သေပြစရာတွေ တပုံတပင်ရှိနေတဲ့နေရာလေ။ ကစ္ဆပနဒီက လေးမြို့ကို သွားရာလမ်းတလျှောက်မှာ ကြည့်ပါဦး။ သေလာဂီရိ (ကျောက်တော်တောင်)၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ မဟာမုနိနဲ့ ကပ်ရက်ရှိနေတာက ဓည၀တီ မြို့တော်ဟောင်းရဲ့ နန်းတော်ရာက အတိတ်ကို ညွန်ပြနေတာ။
နောက်ထပ် ဝေသာလီမြို့တော်ဟောင်းရဲ့ မြို့ရိုးတံတိုင်းတွေကလည်း မားမားမတ်မတ်။ မြောက်ဦးကို ရောက်တော့လည်း နန်းတော်ရာကုန်းကြီးက ကနေ့ထိ မပြိုမပျက် ထီးထီးကြီးပင်။ ရှေ့ကိုသွားလိုက်တော့လည်း လေးမြို့ခေတ်ရဲ့ ထင်ရှားခဲ့တဲ့ သမိုင်း မှတ်တမ်းတွေက နေရာတိုင်း ပြန့်ကြဲလျက်ပါပဲ။ ရခိုင်ရဲ့ အထင်ကရ သမိုင်းမှတ်တိုင်တွေဟာဖြင့် အဲဒီ ဓည၀တီလွင်ပြင်ကြီးမှာဘဲ ရှိနေကြတာ။ ပလက်ဝကို ရေနက်ဆိပ်ကမ်း တည်ဆောက်မယ်ဆိုတော့ ရခိုင်တွေအတွက် ရင်လေးစရာတစ်ခု ပေါ်လာပြန်ပြီလေ။ မပူလို့မရ။ ပူလို့လည်းမရ။ မရမှန်း သိရက်နဲ့ ပူနေရတာက ဒုက္ခကို လိုက်ရှာနေသလိုဖြစ်နေပြီ။
ကျောက်တော်ကနေ ပလက်ဝ စပ်ကြားမှာ ရှေးကျလှတဲ့ ရခိုင်သမိုင်းရဲ့ မှတ်တိုင်နောက်တစ်ခုက ရှိနေသေးတာ။ အဲဒီနေရာက ဘာလဲ ဆိုတော့ ဥဿလင်းမြေပေါ့။ ခုထိ အဲဒီဥဿလင်းမြေပေါ်မှာ ဘုရာတွေ၊ မြို့ရိုးတွေတောင် ရှိနေသေးတာက ဖျောက်ဖျက်လို့မရတဲ့ သက်သေတွေပါပဲ မဟုတ်လား။ ဥဿလင်းမြေ ဆိုတာဟာလည်း သာမန်သမိုင်း မှုန်ဝါးဝါးလေးရယ်တော့ မဟုတ်ဘူး။ ဘုရင့်လက်ထက်တုန်းက နယ်စားကြီးတွေနေခဲ့တဲ့ နေရာတစ်ခုပါ။ ပေါ့သေးသေးအနေနဲ့ စဉ်းစားလို့တော့ မဖြစ်ပါဘူး။ ဒီနေရာတွေသာ ပျောက်သွား၊ ပျက်စီးသွားခဲ့မယ်ဆိုရင် ရခိုင်တွေမှာ အချိန်ကာလနဲ့၊ ခေတ်နဲ့ယှဉ်ပြီးတော့ နေရာဒေသတွေ၊ ကြီးကျယ်ခမ်းနားပုံတွေကို သက်သေပြစရာ၊ လက်ညှိုးညွှန်စရာတွေ ဘယ်မှာ ရှာလို့တွေနိုင်ပါ့မလဲ။ ဒါကြောင့် ဒီနေရာတွေကို ထိခိုက်ပျက်စီးမှု မရှိစေရအောင် ကာကွယ်ဖို့အတွက် ရခိုင်တိုင်းရင်းသားတွေမှာပဲ တာဝန်ရှိပါတယ်။ ဘယ်သူရယ်ကမှ လာပြီးစောင့်ရှောက်ပေးကြမှာလည်း မဟုတ်ပါဘူး။
အခု ကျောက်တော်ကနေ ပလက်ဝကို ရေလမ်းကြောင်းအတိုင်း သင်္ဘောကြီးတွေ သွားလာနိုင်အောင် ကုလားတန် (ကစ္ဆပနဒီ) မြစ်ကြီးကို တူးလိုက်မယ်ဆိုတော့ မြစ်ကြောင်း ပျက်စီးမှုတွေကို ဘယ်လိုလုပ်ကြမလဲ။ မြစ်ကြောင်းတလျှောက်မှာ လုပ်ကိုင် စားသောက်နေကြတဲ့ ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကိုကော လျော်ပေးကြမလား။ ပေးရင်လဲ ထိုက်သင့်တဲ့ လျော်ကြေးမျိုးကို ရကြလေမလား။ စဉ်းစားစရာတွေ တပုံတပင်ကြီး ဖြစ်နေပါပြီ။ အဲဒီ Project ကြီးကလည်း တိုင်းတပါးက လာလုပ်တာဆိုတော့ သူတို့တွေက ဒို့ပြည်သူတွေကို ဘယ်ငဲ့ညှာမှာတဲ့လဲ။ ပြည်သူတွေရဲ့ နစ်နာမှုတွေကို အစိုးရက စီမံပေးရမှာ။ ဒို့တိုင်းပြည်ရဲ့ အစိုးရကကော ပြည်သူတွေအပေါ် အဲသလို စာနာစိတ်တွေများ ရှိတတ်နေပြီလား။
ပလက်ဝကနေ အိန္ဒိယ-မြန်မာ နယ်စပ်ဖြစ်တဲ့ မေဇူရမ်ပြည်နယ်ထိ ကုန်သွယ်ရေး လုပ်နိုင်ဖို့အတွက် ကားလမ်းမကြီးတစ်ခု ဖေါက်လုပ် မယ်ဆိုတော့ ဘယ်နေရာကနေ ဖောက်မယ်ဆိုတာကို သိလိုက်ရတော့ ရင်လေးစရာ နောက်တစ်ခု ပေါ်လာပြန်ရောပေါ့။ ပလက်ဝ ကနေ အထက်ဖက် ကုလားတန် မြစ်ညာကို ဆန်ပြီး ကားလမ်းဖောက်မယ်ဆိုတော့ အဲဒီဒေသမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု နယ်မြေ တစ်ခုဖြစ်တဲ့ ဥဿလင်း နယ်မြေကရော ဘေးကင်းနိုင်ပါ့မလား။ အဲဒီလိုနေရာတွေကိုဖြတ်ပြီး ကားလမ်းမကြီးတွေ ဖေါက်လုပ်။ ကုန်တင်ကားကြီးတွေ ဖြတ်သွားဖြတ်လာ ကာလရှည်ကြာစွာ ပြုလုပ်နေမယ်ဆိုရင် ရခိုင်သမိုင်းမှတ်တိုင်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်တာပါပဲ။ ဒေသခံတွေအနေနဲ့ ဒီလမ်းမဖေါက်လုပ်မှုမှာ ဥဿလင်းမြေဟာ အိပ်မက်ဆိုးတွေနဲ့ ကြုံတွေ့နေရလေပြီလား ဆိုတာကို ဆန်းစစ်သင့်ပါတယ်။ ဥဿလင်းမြေဟာ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမကြီးမှာ ကြောခင်းပေးလိုက်ရမယ်ဆိုရင် ရခိုင်တွေအနေနဲ့ ကြိုးပမ်းကာကွယ်ရမှာကတော့ သမိုင်းပေးတာဝန်တစ်ခုပါပဲ။
အခုလိုမျိုး ရခိုင်သမိုင်းဝင်နယ်မြေတွေကို လမ်းဖေါက်ခြင်းခံလိုက်ရတဲ့ ဖြစ်ရပ်တွေက ရခိုင်ဒေသမှာ နမူနာတွေ ရှိခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုကြီးတစ်ခုကို တစ်နိုင်ငံလုံးအာရုဏ်စိုက်နေတဲ့နေ့ (၂၀၁၀၊ နိုဝင်ဘာလ ၇-ရက်) နေ့ ရွေးကောက်ပွဲကြီး ပြုလုပ်နေတဲ့နေ့မှာ ရထားလမ်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြောက်ဦးရှေးဟောင်းနယ်မြေထဲက သဇင်တံဘုရားတွေကို မြေတူးစက်တွေနဲ့ ရက်ချင်းဖြိုဖျက်လိုက်ကြတာ။ ရင်နာစရာကောင်းတဲ့ ဖြစ်ရပ်ကြီးတစ်ခုပါပဲ။
ရခိုင်မှာ သဇင်ဟာ ဘယ်လောက် တန်ဖိုးထားသလဲ။ ရခိုင်တွေရဲ့ဘ၀ကို ဘာနဲ့တိုင်းတာသလဲ။ ရခိုင်တပြည်လုံးကို သဇင်မြေလို့ခေါ်တာ။ သဇင်ဆိုတဲ့နာမည်ကို မထိခိုက်အောင်ကာကွယ်ရမှာ ရခိုင်တွေရဲ့ တာဝန်ပဲလေ။ သဇင်ကြွေရင် ရခိုင်တွေကို အောင်နိုင်ပြီပေါ့။ သူတို့တွေ ရထားလမ်းဖေါက်တယ်ဆိုပြီး သဇင်တံဘုရားတွေကို ဖြိုဖျက်လိုက်တာဟာ တကယ့်ကို ရည်ရွယ်ချက်ကြီးတဲ့ ကြံစည်မှုတစ်ခုပါပဲ။ သဇင်တံဘုရားဆိုတာဟာ တစ်ပါးတည်း တည်ထားတာမဟုတ်ပါဘူး။ သဇင်ပန်းခက်မှာ သဇင်ပွင့်တွေ ပွင့်နေကြသလိုမျိုး ဘုရား အဆူဆူတွေကို တသီတတန်းကြီး တည်ထားခဲ့တာ။
အခုလိုဖျက်ဆီးနိုင်ခြင်းဟာ သူတို့အတွက် အောင်နိုင်ခြင်းပေါ့။ အဲသလိုဖြိုဖျက်ခံလိုက်ရတော့ သဇင်ဟာ နွမ်းကြေပြီးပေါ့။ ကြေနွမ်းခဲ့ရပြီပေါ့။ သဇင်တွေ မြေခတော့ ရခိုင်တွေ ဘ၀ပျက်ကြရပြီပေါ့။   အခုလည်း ဥဿလင်းနယ်မြေကို မပျက်စီးအောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်နေပါပြီ။ ရခိုင့်သမိုင်းရဲ့ အထင်ကရနေရာတွေဟာ ခေါင်းစဉ်တပ်တပ်ခံနေရတာတွေ များနေပါပြီ။ ဥဿလင်းမြေကို ကာကွယ်ဖို့အတွက် ဒေသခံတွေအနေနဲ့ သွားပြီး လေ့လာရေးတွေ လုပ်ထားကြဖို့ ကောင်းပါတယ်။ ရခိုင်သမိုင်းဝင် နယ်မြေတွေမှာ ဖေါက်လုပ်ခဲ့တဲ့ လမ်းတွေဟာ မြေပြင်မှာ ဖေါက်လုပ်တာမဟုတ်ပါဘူး။ ရခိုင်တွေရဲ့ချစ်လှစွာသော သမိုင်းအမွေအနှစ်တွေကို ဖျက်ဆီးခံလိုက်ရတဲ့အတွက် အဲဒီလမ်းဟာ ရင်ထဲအသည်းထဲမှာ ဖေါက်ခွင်းထားသလိုပါပဲ။
လူမျိုးတိုင်းမှာ သမိုင်းမှတ်တိုင်ဆိုတာ ရှိကြပါတယ်။ လူမျိုးစုတစ်ခုနဲ့ တစ်ခုရဲ့ ယဉ်ကျးမှုတွေကို သမိုင်းအထောက်ထားတွေကသာ တိုင်းတာ ဖေါ်ပြနေတာပါ။ သမိုင်းမရှိရင် လူမျိုးမရှိတာနဲ့ အတူတူပါပဲ။ လူတစ်ဦးစီ ရူးသွပ်မှုတစ်ခုစီ ရှိကြပါတယ်။ ပန်းချီဆရာရဲ့ ဘ၀ဟာ ပန်းချီကားပေါ်မှာ။ ကဗျာဆရာ ဘ၀ဟာကဗျာတောထဲမှာ။ လူမျိုးတစ်မျိုးရဲ့ဘ၀ဟာ သမိုင်းမှာတည်ရှိနေပါတယ်။ သမိုင်းပျက်စီးရင် အဲဒီလူမျိုးဟာ ဘ၀ပျက်စီးတာနဲ့ အတူတူပါပဲ။ လူတိုင်းဟာ သမိုင်းတစ်ခေတ်ကို ရေးဆွဲနေကြတယ်။ ကိုယ်တိုင်သမိုင်းတစ်ခေတ်ကို ဖြတ်သန်း၊ ရေးဆွဲနေတဲ့အချိန်မှာ မိမိဟာ သမိုင်းအတွင်မခံဖို့က ပိုပြီးအရေးကြီးပါတယ်။
ဒါကြောင့် ရခိုင်သမိုင်းကို ရခိုင်တွေကသာ ကာကွယ်စောင့်ရှောက်ခြင်းဖြင့် သမိုင်းတစ်ခေတ်ကို ……။
အစဉ်ကြိုးစားလျက် – မင်းမျိုးနွယ်
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်