Sunday, April 28, 2013

အသက်ရှင်သူ ၂၄၄၀၊ သေဆုံးသူ ၃၆၅ ဦး ရရှိပြီးနောက် ဒက္ကားမြို့ ပြိုကျ အဆောက်အဦးကို စက်ကရိယာများသုံး၍ ဖယ်ရှားတော့မည်

Posted on 4:21 PM by tun tun


လူသေ အလောင်းများဖြင့် ပြည့်နှက်နေသော ဒက္ကားမြို့  မြို့ပြင် ဆာဗာ အရပ်ရှိ Rana Plaza အဆောက်အဦး၏ အပျက်အစီးများကို  စက်ကရိယာသုံးပြီး  ယနေ့တွင် စတင် ဖယ်ရှားတော့မည်ဟု သိရသည်။
Rana Plaza rescue
ဧပြီလ ၂၄ ရက်နေ့မှ ယနေ့ (ဧပြီလ ၂၈) ရက် နံနက် ၁၀ နာရီ အချိန်ထိ ပြိုကျသွားသော အဆောက်အဦး၏ အပျက်အစီးကြားမှ  လူပေါင်း ၂၄၄၀ ကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံး အလောင်း ၃၆၅ လောင်းကို ရှာဖွေ ရရှိခဲ့သည်။ ရာချီသော အလောင်းများသည် အပျက်အစီးများကြားထဲတွင် ဆွဲမထုတ်နိုင်ဘဲ ကျန်ရှိနေကြောင်း သိရသည်။
အပြိုအပျက် ကြားထဲတွင် သေဆုံးသူ အလောင်းများနှင့် အတူ ယခုအချိန်ထိ အသက်ရှင်၍ ပိတ်မိနေသူ (၉) ဦးခန့်ရှိနိုင်ပြီး ထိုသူများကို ကယ်တင်ပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်များမှပြိုကျ အပျက်အစီးများကို စက်ကရိယာသုံးပြီး ဖယ်ရှားတော့မည် ဖြစ်ကြောင်း ပျောက်ဆုံးနေသူ  များ၏ မိသားစုဝင်များနှင့် မီဒီယာများသို့ တရားဝင် အကြောင်းကြားခဲ့သည်။
ယခုကဲ့သို့ အကြောင်းကြားရခြင်းမှာ အပြိုအပျက်များကို စက်ကရိယာများဖြင့် ဖယ်ရှားလိုက်သဖြင့် “ မိမိ၏ သားဖြစ်သူ သေဆုံးသွားရခြင်း ဖြစ်သည်။ မိမိ၏ တူမ ဖြစ်သူ အသက်ရှင်လျှက်ရှိရာမှ  သေဆုံးသွားရခြင်း ဖြစ်သည်” ဆိုသော စွပ်စွဲချက်များ မထွက်ပေါ်လာစေရန် ရည်ရွယ်၍ ကြိုတင်ပြီး အကြောင်းကြားခြင်း ဖြစ်သည်ဟု ဆိုသည်။
သေဆုံးခဲ့သူများ၏ အလောင်း အများအပြားမှာ ပြိုကျ အပျက်အစီးများကြားတွင် ရှိနေသဖြင့် အဆိုပါ အနီးဝန်းကျင်တွင် အနံ့အသက်များ အထူးဆိုးဝါးနေကြောင်း သိရသည်။ သို့အတွက် အဆိုပါ အလောင်းများကို ဆွဲထုတ်ရန်မှာ စက်ကရိယာများကို အသုံးပြုပြီး အပျက်အစီးများကို ဖယ်ထုတ်ရန် အပ အခြားနည်းလမ်း မရှိကြောင်း ကယ်ဆယ်ရေး လုပ်နေသော အာဏာပိုင်များက ပြောသည်။
အစပိုင်းတွင် စက်ကရိယာများကို အသုံးပြုပြီး ကယ်ဆယ်ရေး လုပ်ပါက ပိုမို ပြိုကျပြီး အသက်မသေဘဲ ရှိနေသူများကို ထိခိုက်နိုင်သဖြင့် လူအားကို အသုံးပြုပြီး ပိတ်မိနေသူများကို ဖြည်းဖြည်းချင်း အပြိုအပျက်ကြားမှ ရှာဖွေ ကယ်တင်ခဲ့ကြရသည်။
အသက်ရှင်သူ ၂၄၄၀ ဦးထဲတွင်လည်း ဒဏ်ရာရသူ အများအပြား ပါဝင်ပြီး  တချို့မှာ ယခုအချိန်ထိ ပြန်လည် သတိရခြင်း မရှိသေးကြောင်းသိရသည်။
ယမန်နေ့ (ဧပြီ ၂၇ ) က ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အထည်ချုပ် စက်ရုံ အလုပ်သမားများ အပါအ၀င် အဆိုပါ ဖြစ်ရပ် အပေါ် စိတ်မကောင်း ဖြစ်နေကြသော လူအုပ်ကြီးသည် လမ်းမများပေါ်သို့ ထွက်လာပြီး  ကားများ၊ အထည်စက်ရုံ အများအပြားအား မီးရှို့တိုက်ခိုက်ခဲ့ကြသည်။
ယခုအချိန်ထိ ထောင်သောင်းရှိသော လူအုပ်ကြီးသည် ပြိုကျ ပျက်စီးနေသော အဆောက်အဦး အနီးအနားတွင် စောင့်ဆိုင်းနေကြတုန်း ဖြစ်သည်။
ယခု ဖြစ်ရပ်ဆိုးကြောင့် ဘင်္ဂလာဒေခ်ျ့ တနိုင်ငံလုံး ပူဆွေးနေကြပြီး ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက် တွင် ဘင်္ဂလာဒေခ်ျ့ရှိ အထည်ချုပ် စက်ရုံများအားလုံးကို ပိတ်ထားမည်ဟု အာဏာပိုင်များက ဆိုသည်။ ယခုအခါ အချိန်ထိ Rana အဆောက်အဦးပိုင်ရှင်အား ရှာဖွေ ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း အထည်ချုပ်စက်ရုံ ပိုင်ရှင် (၅) ဦးကိုမူ ရဲက ဖမ်းဆီးထားပြီ ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ အထည်ချုပ် လုပ်ငန်းသည် နိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်း ဖြစ်ပြီး နိုင်ငံခြား ၀င်ငွေကို အဓိက ရှာဖွေပေးရာ ပင်မ လုပ်ငန်း ဖြစ်သည်။
သို့သော် အလုပ်ခွင် လုံခြုံရေးနှင့် အလုပ်သမားများ၏ အခွင့်အရေးများမှာမူ အကြီးအကျယ် လျစ်လျူရှု့ခြင်း ခံနေကြရသည်။
သေဆုံးသူ အများစုမှာ အမျိုးသမီးငယ်များဖြစ်ကြပြီး နိုင်ငံ အနှံ့အပြားရှိ တောလက်ကျေးရွာများမှ လာရောက် အလုပ် လုပ်ကိုင်နေကြသူများ ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက “ ဆင်းရဲသူ ဆင်းရဲသားတွေ အနေနဲ့  ဘ၀ အကျပ်အတည်းတွေကြောင့် ဒက္ကားကို လာပြီး အလုပ် လာလုပ်ကြရတယ်။  ပြန်တော့ ငွေမပါဘဲ အလောင်းတွေဘဲ အိမ်တွေဆီကို ပြန်သွားခဲ့ကြရလေပြီ” ဟု ဆိုသည်။  NARINJARA

No Response to "အသက်ရှင်သူ ၂၄၄၀၊ သေဆုံးသူ ၃၆၅ ဦး ရရှိပြီးနောက် ဒက္ကားမြို့ ပြိုကျ အဆောက်အဦးကို စက်ကရိယာများသုံး၍ ဖယ်ရှားတော့မည်"

Leave A Reply