Tuesday, April 30, 2013
ပလက်ဝမြို့သစ် ဘယ်နားမှန်း မသိသေး၊ ရခိုင်ပိုင်လယ်တွေ သိမ်းရန် စီစဉ်
Posted on 5:10 PM by tun tun

နိရဉ္စရာမှ အဆိုပါ သတင်းအား လက်ခံ ရရှိပြီးနောက် ဖုံးဖြင့် ဆက်သွယ်မေးမြန်းရာ ပလက်ဝမြို့ထဲမှ ဒေသခံ လူကြီး တစ်ဦးက ယခုလို ရှင်းပြသည်။
“ သိမ်းတော့ မသိမ်းသေးဘူး။ ဒါပေမယ့် သိမ်းဖို့သေချာသွားပါပြီ။ မြို့သစ်ချမယ်လို့ ပြောပါတယ်။ မြေစာရင်းဌာနကတော့ တိုင်းတာပြီးစီး သွားပါပြီ။ ပလက်ဝမြို့ အရှေ့ဘက်ကမ်း မီးလက်ဝမှာ ဖြစ်ပါတယ်။ လယ်တွေကတော့ အကုန်လုံးက ရခိုင်လယ်တွေ ဖြစ်ပါတယ်။ စီမံကိန်းက အနှစ် သုံးဆယ်လို့ ပြောပါတယ်” ဟု ဆိုသည်။
အဆိုပါ လယ်မြေများအား ချင်းတိုးတက်ရေးပါတီ ပြည်နယ်ဝန်ကြီး သစ်တောရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်တို့မှ ပူးပေါင်းကာ သိမ်းယူရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ သူတို့က အဲဒီသိမ်းမယ့်မြေတွေထဲက တစ်ဧကကို ၁၀ ကွက်ရိုက်မယ်။ တစ်ကွက်ကို ၅ သိန်းနုန်းနဲ့ ရောင်းမယ်။ တစ်ဧက သိန်း ၅၀ ရမယ်။ ကြားရတာက ချင်းအမျိုးသားတွေကိုဘဲ ဦးစားပေး ရောင်းမယ်။ လယ်သမား တစ်ဦးကိုတော့ လျှော်ကြေး တဧကကို ၆ သိန်းစီ ပေးမယ်လို့ ဆိုပါတယ်။ သူတို့ လုပ်စားဖို့ ကြံနေကြတာပါ” ဟု ပြောသည်။
ယခုကဲ့သို့ လယ်မြေများကို သိမ်းယူရန်အတွက် ပလက်ဝမြို့တွင် ဟန်ပြလူထု ဆန္ဒခံယူပွဲ အသွင် အစည်းအဝေး တစ်ခုကိုလည်း ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ လယ်တစ်ဧကကို ၆ သိန်းစီ လျှော်ကြေးပေးမည် ဆိုသော်လည်း လယ်သမားများက လုံးဝ အသိမ်းခံရမည်ကို မလိုလားကြောင်း သူက ပြောသည်။
“ လယ်သမားတွေက လုံးဝ အသိမ်းခံမှာ လုံးဝ မလိုလားဘူး။ သဘောမတူဘူး။ သူတို့ ဘိုးစဉ် ဘောင်ဆက် လုပ်စားလာတဲ့ လယ်မြေတွေ ဖြစ်ပါတယ်” ဟု ဆိုသည်။
ပလက်ဝမြို့နယ်သည် ယခုအခါ ချင်းပြည်နယ်ထဲမှ မြို့နယ် တစ်ခု ဖြစ်သော်လည်း ရခိုင်ပြည်နယ် ထဲတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်ထိ ရှိနေခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက် ၁၉၅၀ ၀န်းကျင်တွင် ချင်းပြည်နယ်ထဲသို့ ထည့်သွင်းခံခဲ့ရသော မြို့နယ် တစ်ခု ဖြစ်သည်။
ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာ ၄၈ ရွာတည်ရှိပြီး ထိုအထဲမှ ရခိုင်လူမျိုးများ သီးသန့် နေထိုင်သော ကျေးရွာ ၂၈ ရွာနှင့် ရခိုင်နှင့် ခမီးလူမျိုးများ စုပေါင်းနေထိုင်သော ကျေးရွာ ၂၀ ရှိသည်။ ပလက်ဝမြို့နယ်တွင် ရခိုင်လူဦးရေ စုစုပေါင်း ၂၇၀၀၀ ခန့်ရှိပြီး ၎င်းအထဲတွင် မဲထည့်နိုင်သူ ၁၈ နှစ်အထက် ရခိုင်လူဦးရေ ၁၈၀၀၀ ခန့် ရှိကြောင်း သိရသည်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "ပလက်ဝမြို့သစ် ဘယ်နားမှန်း မသိသေး၊ ရခိုင်ပိုင်လယ်တွေ သိမ်းရန် စီစဉ်"
Leave A Reply