Saturday, March 2, 2013

ရခိုင် ဂျာနယ်လစ်များ ခွဲခြားဆက်ဆံခြင်းခံနေရ

Posted on 3:40 PM by tun tun

Written by ဇင်ကီး    Saturday, 02 March 2013 08:06    PDF Print E-mail
ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ဂျာနယ်လစ်များအဖြစ် လုပ်ကိုင်နေကြသော ရခိုင်ပြည်နယ်မှ မီဒီယာသမားအများစုမှာ ခွဲခြားဆက်ဆံခြင်းကို ခံနေကြရသည်ဟု ရခိုင်သတင်းထောက်များအကြား ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။
"ရန်ကုန်အခြေစိုက် ပြည်တွင်းဂျာနယ် တချို့မှာ လုပ်ကိုင်နေကြတဲ့ ရခိုင်သတင်းသမားတွေဟာ ခွဲခြားဆက်ဆံခံရတာမျိုးတွေ ရှိနေတယ်။ တချို့ဂျာနယ်ကြီးတွေဆိုရင် Reporter တာတွေက "ဘင်္ဂလီ"လို့သုံးပြီး ရေးလိုက်ပေမယ့်၊ သတင်းထွက် လာတဲ့အခါတော့ "ရိုဟင်ဂျာ"လို့ပြင်ရေးထားတာ တွေ့ရတယ်။ သူတို့အနေနဲ့ ကုလားတွေဆီက အထောက်ပံ့ယူထားလို့ ကုလားအလိုကျ ပြောင်းရေးတာ မှန်ပေမယ့် ဒီဘက်မှာ ရခိုင်အချင်းချင်းကို ရန်တိုက် ပေးသလိုဖြစ်နေတယ်။ နောက်ပြီး ရခိုင်သတင်းသမားတွေကို ပထမပိုင်းမှာ တိုက်ပိုင်ခန့်ထားပေးတယ်။ ပြီးတော့ လစာလည်း မှန်မှန်မပေး၊ စာမူခလည်း ပုံမှန်မရ၊ ခရီးစရိတ်ဆို ဝေလာဝေးတော့တာပဲ။ ရန်ကုန်ရုံးရောက်သွားတော့လဲ လေးစားပျူငှါမှုလုံးဝမရှိကြဘူး"ဟု အမည်မဖော်လိုသူ ရခိုင်သတင်းထောက်တစ်ဦးက ပြောသည်။
ဂျာနယ်တိုက်တချို့၏ အယ်ဒီတာများမှာ နယ်သတင်းထောက်များအပေါ် မလေးမစားဆက်ဆံရာက ပြဿနာများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
" မနှစ်ကဆိုရင် ကျနော့်မိတ်ဆွေ သတင်းသမားတစ်ယောက် သူအလုပ်လုပ်နေတဲ့ ရန်ကုန်ဂျာနယ်တိုက်တစ်ခုမှာ စာမူခသွားတောင်းရင်း အလုပ်ဖြုတ်ခံလိုက်ရတယ်။ မင်းက ဒီတိုက်ရဲ့ဝန်ထမ်း မဟုတ်တော့ဘူး။ အလုပ်ဖြုတ်လိုက်ပြီ ဆိုပြီး မချေမငံ ဆက်ဆံတော့ လမ်းစရိတ်ကို ချေးငှါးပြီး ဌာနကိုအရောက်လာခဲ့ရတဲ့ ကျနော့်မိတ်ဆွေနဲ့ အဲဒီတိုက်က အယ်ဒီတာချုပ်နဲ့ ထိုးမယ်ကြိတ်မယ်ထိဖြစ်ပွား ခဲ့ရတယ်။ နောက်ပြီး ကုန်ခဲ့တဲ့လ အစောပိုင်းကလည်း ရခိုင်အမျိုးသားကိစ္စ ဆောင်ရွက်တယ်ဆိုပြီးတော့ အကြီးတန်း သတင်းထောက်တစ်ဦးကို လုပ်ငန်းတာဝန်နဲ့ ရခိုင်ပြည်ခရီး သွားနေတုန်းမှာပဲ၊ အဲဒီမီဒီယာပိုင်ရှင်က သူ့ကို စပွန်ဆာ ပေးနေတဲ့ ကုလားအင်ဂျီအိုတွေရဲ့အလိုကျ ဘာမပြောညာမပြော အလုပ်တာဝန်ကနေ ရပ်စဲပြီးတော့ free-lance အဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်တယ်"ဟု ၄င်းက ဆက်ပြောသည်။
ခေတ်နှင့်အညီ ပြောင်းလဲလာသော မြန်မာ့မီဒီယာလောက တိုးတက်မှုရှိစေရန်မှာ သတင်းထောက် အချင်းချင်း ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေးများပေးရန် လိုအပ်နေသေးကြောင်း ရခိုင်မီဒီယာသမားများက ဆိုသည်။
" ကျနော်တို့ ရခိုင်ပြည်နယ်က သတင်းထောက်အများစုကို နယ်သတင်းထောက်အဖြစ် ထားလေ့ရှိပေမယ့် တိုက်ပိုင်အနေနဲ့ထားတာ မရှိသလောက်ပဲ။ အများစုကို free-lance အနေနဲ့ပဲ ပေးထားတာ တွေ့ရတယ်။ ရခိုင်ပြည်နယ်က လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲ၊ အင်တာနက်လိုင်း တွေကလည်း connection လုံးဝ မကောင်းတော့ သတင်းလိုက်ရတာရော၊ သတင်းပို့ရတာပါ အချိန်နဲ့တပြေးညီ မဖြစ်နိုင်ကြဘူး။ ဒီလိုအနေအထားမှာ free-lance အနေနဲ့ သတင်းထောက်ဘ၀ကို ဖြတ်သန်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့အညီ မီဒီယာလောကကို အမှန်တကယ် ဖွံ့ဖြိုးရှင်သန်စေချင်ရင်တော့ လစာ၊ ခရီးစရိတ်၊ စာမူခတွေကို ပုံမှန်ခံစားခွင့်ရှိတဲ့ တိုက်ပိုင် သတင်းထောက် တွေအဖြစ် ခန့်ထားပေးဖို့ လိုပါတယ်"ဟု ပြည်တွင်းဂျာနယ်မှ ရခိုင်သတင်းထောက် သားကြီးမြတ် ကပြောသည်။
ရခိုင်သတင်းသမားများ ထိုက်တန်သည့်နေရာမရ၊ ခွဲခြားဆက်ဆံခံရခြင်းကို ဖြေရှင်းရန်မှာ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်သော ရခိုင်ပုံနှိပ်မီဒီယာများပေါ်ပေါက်ရန် လိုသည်ဟု တချို့ကဆိုသည်။
ယခုလိုဖြစ်နေရခြင်းမှာ ရခိုင်ပြည်နယ်တွင် လွတ်လပ်သည့် Press Media မရှိ၍ဖြစ်ရကြောင်း၊ ရခိုင်ပြည်နယ်၌
လက်ရှိတွင် ပြည်နယ်အစိုးရက ထုတ်ဝေသော "ရခိုင်ပြည်နယ်သတင်းဂျာနယ်"နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှထုတ်ဝေသော "တိုးတက်ရေးဂျာနယ်"ဟူသော အဖွဲ့အစည်းဆိုင်ရာ ဂျာနယ်နှစ်စောင်သာ တစ်လတစ်ကြိမ် ထုတ်ဝေနေပြီး၊ ရခိုင်ပြည်သူလူထုအခြေပြု ပတ်စဉ်ထုတ် လွတ်လပ်သောပြည်သူ့ သတင်းဂျာနယ်များ ထုတ်ဝေရန် လိုအပ်နေသေးကြောင်း၊ ယင်းသို့ ဂျာနယ်များ ပေါ်ပေါက်လာပါက ရခိုင် မီဒီယာသမားများ နေရာရလာပြီး၊ ရခိုင်ပြည်သူလူထုအကျိုးကို ဆထက်ထမ်းပိုး ထမ်းရွက်လာနိုင်မှာ ဖြစ်ကြောင်း ရခိုင်သတင်းထောက် သိန်းလှိုင်က ပြောသည်။
ပြည်မမီဒီယာများအပေါ် မှီခိုနေရသမျှ ကာလပတ်လုံး ရခိုင်သတင်းသမားများအနေဖြင့် ရခိုင်ပြည်သူ လူထုအတွက် ထိရောက်သည့် အလုပ်အကျွေးပြုနိုင်မှာမဟုတ်၍ ရခိုင်မီဒီယာများ OnLine မီဒီယာမှ Press Media အဆင့်သို့ ပြောင်းလဲဖြစ်ထွန်းလာရေးအတွက် ငွေကြေးတတ်နိုင်သူများအပါအ၀င်၊ အရည်အသွေး ပြည့်ဝသော သတင်းသမားများ လိုအပ်ကြောင်း Arakan Media Group ၏ ယာယီတာဝန်ခံ မြတ်နိုးသာက ဆိုသည်။
" ပထမခြေလှမ်းအနေနဲ့ ကျမတို့ ရခိုင်တပြည်လုံးက မီဒီယာစိတ်ဝင်စားသူတွေ၊ မီဒီယာသမားတွေကို စုစည်းဖို့လိုပါတယ်။ ပြီးတော့ သူတို့တွေ အရည်အချင်းမြှင့် မီဒီယာသင်တန်းတွေပေးရပါမယ်။ တချိန်တည်းမှာ သူတို့တွေ ရေးသားနိုင်မယ့် ဖေ့စ်ဘုတ်ပဲဖြစ်ဖြစ်၊ အွန်လိုင်း မီဒီယာလေးတွေ ဖန်တီးပေးဖို့လိုပါတယ်။ နောက်တစ်ဆင့်မှာ ငွေကြေးတတ်နိုင်တဲ့သူတွေနဲ့ အရည်အသွေးပြည့်ဝတဲ့ မီဒီယာသမားတွေ ဦးဆောင်ပြီးတော့ လွတ်လပ်တဲ့ ရခိုင်ပုံနှိပ်မီဒီယာအဆင့်ကို တက်လှမ်းဖို့လိုပါတယ်။ မဟုတ်ရင်တော့ ရခိုင်မီဒီယာသမားတွေ ဒီအခြေအနေက တက်နိုင်ကြတော့မှာ မဟုတ်ဘူး" ဟု မြတ်နိုးသာက ပြောသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ပြည်တွင်းပြည်ပ မီဒီယာသမား ၅၀ ခန့်ရှိသော်လည်း တိုက်ပိုင်ခန့်ထားခြင်းမှာ ဆယ်ဦးပင်မရှိသေးသလို၊ ရခိုင်နှင့်သက်ဆိုင်သော ပြည်တွင်းပြည်ပ အွန်လိုင်းမီဒီယာအချို့မှအပ လွတ်လပ်သည့် ရခိုင်အပတ်စဉ်သတင်းဂျာနယ် တစ်စောင်မျှမရှိသေးကြောင်း သိရှိရသည်။          ARAKAN TIMES

No Response to "ရခိုင် ဂျာနယ်လစ်များ ခွဲခြားဆက်ဆံခြင်းခံနေရ"

Leave A Reply