Friday, March 1, 2013

ဓါတ်သတ္တု တူးဖော်ခြင်းအား ဒေသခံများလက်ခံရန် မက်လုံးစကားပေး၍ စည်းရုံး

Posted on 4:27 PM by tun tun


Written by ဇင်ကီး    Friday, 01 March 2013 12:10    PDF Print E-mail
ရွှေရှာဖွေသူဟု အမည်ပေးထားသည့် တရုတ်နိုင်ငံမှ Golden Finder ကုမ္ပဏီ၏ ဓါတ်သတ္တု တူးဖော်ခြင်းအား ဒေသခံများလက်ခံလာရန် ရခိုင်ကမ်းရိုးတမ်းဒေသရှိ ကျေးရွာများသို့ ကုမ္ပဏီ၏ ဒါရိုက်တာ အိုင့်ပန့် (တရုတ်လူမျိုး) ကိုယ်တိုင်သွားရောက်ကာ မက်လုံးစကားပေး၍ စည်းရုံးခဲ့ကြောင်း သတင်းရရှိသည်။
Done Pate
ယခင်က ဓါတ်သတ္ထုတူးဖော်ခဲ့သော ဒုံးပိုက်ကမ်းခြေ
ဖေဖော်ဝါရီလ ၂၆ နေ့က Golden Finder ကုမ္ပဏီ၏ ဒါရိုက်တာ အိုင့်ပန်းနှင့် နောက်ပါ တရုတ်လူမျိုး ၂ ဦးတို့မှာ အငူမော် ဂတ်စာရေး(နယ်မြေတာဝန်ခံ) "ခင်ထွန်း"၊ တရုတ်ကုမ္ပဏီများသဲတူရန်ရောက်ရှိလာက အစဉ်အမြဲ လိုက်ပါဆောင်ရွက်နေသူ အငူမော်ကျေးရွာမှ "လှိုင်ဘု" တို့ကို ခေါ်ဆောင်ကာ ဓါတ်သတ္တု တူးဖော်မည့် ဒေသရှိကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ကာ စည်းရုံးခဲ့ကြောင်း သိရသည်။
" ကုမ္ပဏီ နာမည်ကိုလည်း ကျနော်တို့မသိဘူး၊ သူတို့ရောက်လာတော့ အစည်းဝေးခေါ်ပါတယ်၊ အစည်းအဝေးကို ရွာသား ၅ ယောက်လောက်သာ ရောက်ပါတယ်၊ သူတို့မှာ ၅ ယောက်ပါတယ်၊ ဒါရိုက်တာတစ်ဦး၊ နောက်အဖွဲ့ဝင် နှစ်ဦး၊ ရခိုင်သားနှစ်ဦးပါလာတယ်၊ အစည်းအဝေးမှာ သူတို့ပြောတာက ပြည်ထောက်စုဝန်ကြီးက တိုင်းရင်းသားဒေသရွာတွေမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်၊ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ သတ္တုထုတ်ဖို့ ကုမ္ပဏီကိုစုံးစမ်းဖို့ လွတ်လိုတယ်ဆိုပြီးပြောပါတယ်၊ အစည်းအဝေးလုပ်တဲ့အခါ ရွာသားတွေရဲ့ ဆန္ဒက ဘယ်လိုလဲလို့ တစ်ခွန်းမှ မမေးဘူး၊ သူတို့မှာ ကုန်ကျတာတွေများနေတယ်၊ ဒါကြောင့် ဒီရွာကို ပိုက်ဆံ ( ၅) သိန်း ဘဲလှူနိုင်မယ်လို့ နှုတ်အားဖြင့်သာ ပြောခဲ့တာပါ၊ ဘယ်တော့ ပေးမယ်ဆိုတာကို မသိဘူး၊ " ဟု အင်းဒင်ကျေးရွာမှ အစည်းဝေးသို့ တက်ရောက်ခဲ့သူ ရွာသားတစ်ဦးက ပြောသည်။
Golden Finder ကုမ္ပဏီမှ ဒေသဖွံ့ဖြိုးရေးအတွက် ရသေ့တောင်မြို့နယ်ရှိ၊ ကိုးတန်ကောက်ရွာကို ၁၀ သိန်း၊ ဒုံးပိုက်ရွာကို ၅ သိန်း၊ ဆင်ပိုက်ရွာကို ၅ သိန်း၊ ကုန်တန်းရွာကို ၅ သိန်း၊ အငူမော်ကို ၆ သိန်း၊ မောင်တောမြို့နယ်ရှိ အင်းဒင်ရွာကို ၅ သိန်းတို့ကို နုတ်အားဖြင့်သာ ပေးခဲ့ကြောင်း၊ ဓါတ်သတ္တုတူဖော်၍ အောင်မြင်မည်ဆိုက ဒေသဖွံ့ဖြိုးရေးအတွက် အများအပြားလုပ်ဆောင်ပေးမည်ဖြစ်ပြီး စီမံကိန်းတွင် တရုတ်ပညာရှင်များအား အသုံးပြုမည်ဖြစ်ပြီး ဒေသခံများအား အလုပ်သမားများအဖြစ် ခေါ်ယူအသုံးပြုသွားမည်ဟု ပြောကြားခဲ့ကြောင်း အဆိုပါစီမံကိန်းအား စောင့်ကြည့်လေ့လာနေသူ ဒေသခံတစ်ဦးက ပြောသည်။
ဓါတ်သတ္တုတူးဖော်ခြင်း လုပ်ငန်းအား မောင်တောမြို့နယ်၊ ကျောက်ပန်းတူရွာတွင် အခြေစိုက်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တူးဖော်ရန်နေရာအား မောင်တောမြို့နယ်၊ အင်တင် အနီးတွင် တစ်နေရာ၊ အလယ်သံကျော် အုပ်စု၊ မင်းလွတ်တွင် တနေရာ၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်တွင် တစ်နေရာစီ သတ်မှတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓါတ်သတ္တုတူးဖော်ရေး ကုမ္ပဏီမှ ရေသေ့တောင်မြို့နယ်၊ အငူမော်မှ မောင်တော်မြို့နယ် ဇော်မတက်ထိ ပင်လယ်ကမ်းခြေ တစ်လျှောက် တူးဖော်သွားမည်ဖြစ်ပြီး နို့ဆီဗူး ၄၈ ဗူးဝင် အတောင်း (၅၀၀) တွင် တိုက်တေနီယံ သတ္တု တစ်တောင်းခန့်ရရှိမည်ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ပြည်တွင် အခြေစိုက် Khine Khine ကုမ္ပဏီမှ လွန်ခဲ့သော ၂၀၀၇ ခုနှစ်က ဒုံးပိတ်ကမ်းခြေ တစ်လျှောက်တွင် ဓါတ်သတ္တု တူးဖော်ရေးလုပ်ငန်းအားလုပ်ကိုင်ခဲ့ရာ ဒုံးပိုက်ရွာမှ လယ်သမားများပိုင်ဆိုင်သော ကမ်းခြေတစ်လျှောက် စားကျက်မြေများကို တူးဖော်လိုက်ခြင်းကြောင့် လယ်သမားများ အခက်တွေ့ခဲ့ရပြီး အဆိုပါစားကျက်မြေ ကုန်မြင့်မရှိသဖြင့် ပင်လယ်မှ ဆားငန်ရေများဝင်ရောက်လာရာ စပါးခင်းများပျက်စီးခဲ့ရကြောင်း လယ်ပိုင်ရှင်များက ပြောသည်။
ယခင်က ဒုံးပိတ်ကမ်းခြေမှ တူးဖော်ရရှိထားသော သဲအိပ်များအား အငူမော်ဆိပ်ကမ်းတွင် စုပုံထားရာ Golden Finder ကုမ္ပဏီမှ အဆိုပါသဲအိပ်များကိုလည်း ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။              ARAKAN TIMES

No Response to "ဓါတ်သတ္တု တူးဖော်ခြင်းအား ဒေသခံများလက်ခံရန် မက်လုံးစကားပေး၍ စည်းရုံး "

Leave A Reply