Sunday, February 24, 2013

နိဂုံးချုပ်ရတော့မည့်စစ်နဲ့ အသစ်ဖြစ်ချင်နေသော ဘ၀များ

Posted on 5:31 PM by tun tun


36529_380271168735274_345909444_n
တချက်တချက် ဒိန်းကနဲပစ်လိုက်သည့် လက်နက်ကြီးသံက မြေကြီးပင်တုန်ခါသွားသည်။ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ် ပွားမှုမျိုးမရှိသော်လည်း လက်နက်ကြီးနှင့် ကြိုကြားပစ်ခတ်မှုကတော့ ရှိနေဆဲဖြစ်သည်။ ၎င်းသည် ပြည်ထောင်စုအဆင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ မြန်မာ့တပ်မတော်က ကချင်လွတ်မြောက်ရေးတပ်မတော်သို့ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရန် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၄ ရက်အကြာ ရှေ့တန်းစစ်မျက်နှာပြင်အခြေအနေ ဖြစ်သည်။
“မနက် ၄ နာရီလောက်ကတည်းက ပစ်နေတာ။ ၇ ချက်ရှိသွားပြီ” ဟု ဂျန်မိုင်စစ်စခန်းမှ ဗိုလ်အောင်ဘန်းက ဇန်န၀ါရီလ ၂၂ ရက်က ပြောသည်။
ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ထုတ်ပြန်ကြေညာခဲ့သည့် ဇန်န၀ါရီလ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်မှ ၁၄ နာရီ (၂ နာရီ) ထိ ယောရုံတောင်မှ ဂျန်မိုင်ဝန်းကျင်သို့ လက်နက်ကြီးဖြင့် ၁၇ ချက်တိတိ အစိုးရတပ်မှ ပစ်ခတ်ခဲ့ကြောင်း၊ ဇန်န၀ါရီလ ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှ ၁၃ နာရီ ( ၁နာရီ )ထိ လက်နက်အကြီး၊ အသေးများဖြင့် ပစ်ခတ်ခဲ့ ကြောင်း ပစ်ခတ်မှုအကြိမ်ရေအား မှတ်သားထားသော စာအုပ်ငယ်ကို ဖွင့်ဖတ်ကြည့်ရင်း ၎င်းကပြောသည်။
“သူတို့ဖက် (မြန်မာ့တပ်မတော်ဖက် ) က ကျနော်တို့ ထိုးစစ်ဆင်လာမှာကို စိုးရိမ်ပြီး တောက်လျောက်ပစ်နေတာ” ဟု ဗိုလ်အောင်ဘန်းကဆိုသည်။
သို့ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်အနေဖြင့် ထိုးစစ်ဆင်ခြင်းထက် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုအပေါ် ခံစစ်ကြောင်းဖြင့်သာ တုံ့ပြန်လျက်ရှိသည့်အနေအထားဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါ စခန်းသည် မိုင်ဂျာယန် မြို့ပေါ်မှ တောလမ်းခရီးအတိုင်း ကားဖြင့် ၂ နာရီနီးပါး သွားရသော ကချင်လွတ်မြောက်ရေးတပ်မတော် တပ်စခန်းချ ထားရာ ဒေသအတွင်းမှ နောက်တန်းဗဟို စခန်းတခုဖြစ်သည်။ ၎င်းသည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်ကြား ၂၀၁၁ ခုနှစ်အတွင်းက အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတခုလည်း ဖြစ်သည်။ ယင်း ပတ် ၀န်းကျင်အနီး တောင်ကုန်းသာခြားသောဒေသ ကီလိုမီတာ ၈၀၀ ခန့်အကွာ၌ မြန်မာ့တပ်မတော်မှ အခြေစိုက်စစ်စခန်း ခြေကုတ်ယူထားကြောင်း သိရသည်။
ယင်းတောင်ကုန်းများသည် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော် တပ်စခန်းများ အခြေစိုက်ရာ တောင်ကုန်းများ ဖြစ်သော်လည်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်၏ ထိုးစစ်ကြောင်းကြောင့် စွန့်ခွာ လက်လွှတ်ခဲ့ရ သော တောင်ကုန်းများဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ဇန်န၀ါရီလ ၁၈ ရက်က ပြင်းထန်သော ထိုးစစ်ကြောင့် လဂျားယန်မြို့၏ အဓိကတောင်ကုန်းနှစ်ခုဖြစ်သော ပြုံဘန်ဘွမ်နှင့် မဆမ်ဘွမ် တောင်ကုန်းနှစ်ခုကို စွန့်ခွာပေးခဲ့ရပြီး၊ ဇန်န၀ါရီလ ၂၁ ရက်က မိုင်ဂျာယန်မြို့ နောက်တန်းဗဟိုဌာန ဂျန်မိုင် မှ ၃ မိုင်ခန့်အကွာရှိ မဂခက်တပ်စခန်းအခြေစိုက် ထားရာ တောင်ကုန်းသို့ မြန်မာ့တပ်မတော်တပ်သားများ တိတ်တဆိတ် ၀င်ရောက်လာခဲ့ခြင်းကြောင့် နှစ်ဖက် အပြန်အ လှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း အဆိုပါ တပ်စခန်းရှိ ကွန်မန်ဒိုရဲဘော်အချို့ကပြောသည်။ ထို့ပြင် ၆၀ မမများ၊ ၁၂၀ မမများဖြင့် အချိန်ခြားပစ်ခတ်မှုများကြောင့် အသင့် သတိအနေအထားဖြင့် နေထိုင်ရကြောင်း ၎င်းတို့ကဆိုသည်။
ပစ်ခတ်တိုက်ခတ်မှုများ မဖြစ်ချင်သော်လည်း ကိုယ့်နယ်မြေထဲ တိုးဝင်လာသည့် အခြေအနေမျိုး၌ ရှောင်လွဲမရသော တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ အပစ်အခတ်ရပ်စဲပြီဟု ဆိုသော်လည်း ရှေ့တန်း စစ်မျက်နှာပြင်ရှိ မြန်မာ့တပ်မတော် တပ်စခန်းများမှ လက်နက်ကြီးများပစ်ခတ်မှုနှင့် ထိုးစစ်ဆင်မှုများ မရပ်ဆိုင်းခြင်း အပေါ် မယုံကြည်နိုင်ဖြစ်မိကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၉ နှစ်ကြာရှိပြီ ဖြစ်သော ဗိုလ်အောင်ဘန်းကပြောသည်။
သို့ရာတွင် ဇန်န၀ါရီလ ၂၅ ရက်က ထုတ်ပြန်ခဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ တပ်မတော်မှ စစ်ရေးကိစ္စ ဆောင်ရွက်မှုများ ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတမှ ညွှန်ကြားထားပြီး ရက်ပိုင်းအတွင်းတွင် ကချင်လွတ်မြောက်ရေး တပ် မတော် တပ်ဖွဲ့ဝင်များသည် လွယ်ဂျယ်မြို့နယ် ဂျာမိုင်းကျေးရွာအနီး၌ တပ်မတော်စစ်ကြောင်းအား အင်အားဖြင့် လာ ရောက်တိုက်ခိုက်ခြင်း၊ ဖားကန့်မြို့အနီး နယ်မြေခံတပ်စခန်းအား ပစ်ခတ်ခြင်း၊ ကာမိုင်းရဲစခန်းအား စီးနင်းတိုက်ခိုက်ခြင်း၊ ဖားကန့်မြို့နယ်ရှိ ကျောက်မျက်ကုမ္ပဏီနှစ်ခုအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားများအား ပြန်ပေးဆွဲခြင်း၊ မူဆယ်-လားရှိုးကားလမ်းမပေါ်ရှိ နမ့်အွန်ရွာအနီးတွင် မိုင်းထောင်ဖောက်ခွဲခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများ ဆက်တိုက်ကျူး လွန်ခဲ့ကြောင်းဖော်ပြထားခဲ့သည်။
ထို့ပြင် ကေအိုင်ကေတပ်ဖွဲ့မှ ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစားများတွင် ဖော်ပြခဲ့သည်။ ထိုကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်ဖက်သို့ တရား ၀င်သတင်းရယူနိုင်မှု မရှိခဲ့သော်လည်း ယင်းကာလအတွင်းရှိခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအပေါ် နိုင်ငံတော် သမ္မတ ကိုယ်စားပြောရေးဆိုခွင့်ရှိသူ “ဦးရဲထွဋ်” က လေကြောင်းတိုက်ခိုင်မှုသည် အရပ်သားများရှိရာအရပ်များသို့ ရည် ရွယ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ထို့အတူ မြေမြှုပ်မိုင်းကိစ္စနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်အချို့က ၀န်ခံခဲ့ပြီး မြေမြှုပ်မိုင်း သည် ၎င်းတို့အဖွဲ့အစည်းတခုတည်း ထောင်ထားခြင်းမဟုတ်ဘဲ မြန်မာ့တပ်မတော်မှလည်း ထောင်ထားသည်များရှိ ကြောင်း ပြောကြားခဲ့သည်။
“သူတို့ဖက်က သမ္မတကြီးပြောတဲ့စကားကို မနာခံဘူး။ အဲဒီတော့ ကျနော်တို့လည်း တချို့ကိစ္စတွေလုပ်ရတာပေါ့” ဟု ဗိုလ်အောင်ဘန်း က ပြောသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကချင်လွတ်မြောက်ရေးတပ်မတော်အား ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့်ထား ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် ၃ ကြိမ်တိုင်ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရရှိသေးပေမယ့် ဆက် လက်ဆွေးနွေးရန် အသင့်ရှိနေကြောင်းဖြင့် ၎င်း၏ နိုင်ငံသို့ပြောကြားသော မိန့်ခွန်းအချို့တွင်ပြောကြားခဲ့သည်။ အထူး သဖြင့် ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ရွှေလီမြို့၌ ဆွေးနွေးခဲ့သော တတိယအကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင်ခြင်းမရှိသောကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူအချို့ ကပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအတွက်ကြောင့်ပင် ပြည်ထောင်စု သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့် ၃/၂၀၁၃ သတင်းထုတ်ပြန်ချက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်မှ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင်စေလို ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
သို့ရာတွင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးကိစ္စနှင့် တိုက်ပွဲများချုပ်ငြိမ်းရေးကိစ္စရပ်များအပေါ် ကချင်လွတ်မြောက်ရေး တပ် မတော် တာဝန်ရှိသူများမှ တစုံတရာ ထုတ်ပြန်ကြေညာမှုမရှိခဲ့သော်လည်း ရှေ့တန်းစစ်မျက်နှာပြင်ရှိ ကချင်လွတ် မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင် အများစု၏ တူညီသည့် သဘောထားသည် အထက်လူကြီးများ၏ ညွှန်ကြားချက် သ ဘောထားအတိုင်း တိုင်းပြည်အတွက် တိုက်ပွဲဝင်နေခြင်းနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန်လိုလားကြောင်းပင်ဖြစ်၏။
“ကျနော်တို့လူငယ်စိတ်ဓာတ်ကတော့ ငြိမ်းချမ်းရေးပဲ။ ဒါပေမယ့် လူကြီးတွေစိတ်ဓာတ်ကျတော့ ငြိမ်းချမ်းရေးဆိုတာ သူတို့ရဲ့ခံယူမှုက မပြောနိုင်ဘူး။ သူတို့ဦးဆောင်သလို သူတို့လမ်းပြသလိုလိုက်ဖို့အဓိကပဲ။ ဒါကျနော်တို့ခံယူမှုပေါ့” ဟု ကေအိုင်အေ ကွန်မန်ဒိုတပ်သား စိုင်းထွန်းလင်းက ပြောသည်။
ငြိမ်းချမ်းရေးကိုလိုလားသော်လည်း အဖြေရှာမရသော အကျိုးအမြတ်နှင့် အပြစ်တင်မှုများကြောင့် ကချင်ပြည်နယ်တွင်း တိုက်ပွဲများသည် ထိုးစစ်ဆင်မှုများရပ်ဆိုင်းရန် ထုတ်ပြန်ထားသော်လည်း လက်နက်ကြီးပစ်ခတ်မှုများ၊ မိုင်းထောင်အ ကြမ်းဖက်မှုများ၊ အစွန်းရောက် အယူအဆများကြောင့် ဇန်န၀ါရီလ ၂၅ ရက် လိုင်ဇာမြို့၏ အဓိက ခံတပ် ခါယာဘွမ် တောင်ကုန်းကို မြန်မာ့တပ်မတော်မှ သိမ်းယူနိုင်ခဲ့ပြီး လိုင်ဇာမြို့ ကျဆုံးလုနီးပါးအခြေအနေရှိခဲ့သော်လည်း ကချင်ပြည် နယ်တွင်း စစ်မက်ဖြစ်ပွားမှု ချုပ်ငြိမ်းခြင်းသည် မည်သည်အချိန်တွင်မှ ဆုံးခန်းတိုင်မည်မဟုတ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီဝင် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။
“ကျမ ဒီလိုစစ်ပွဲတွေပြန်ဖြစ်မှာကို ကြောက်တယ်” ဟု လေကြောင်းတိုက်ခိုက်မှုကိုစိုးရွံ့သဖြင့် ဗုံးခိုကျင်းထဲဝင်ရောက် ပုန်းခိုရာမှ မြေပြိုပိမှုကြောင့် သားတယောက်ဆုံးရှုံးခဲ့ရသလို ရှေ့တန်းရောက်သားနှစ်ယောက်၏ မိခင်ဖြစ်သူက ငိုရှိုက် ရင်းပြောသည်။ ထို့အတူ ရှေ့တန်းရောက်နေသော သားငယ်နှစ်ဦး တိုက်ပွဲများမတိုက်ဘဲ မိမိရင်ခွင်ထဲ ပြန်လာနေဖို့ စိတ်ဆန္ဒရှိသော်လည်း သူတို့ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေသည့်အပေါ် ၎င်းအနေဖြင့် ဘုရားသခင်စောင်မပါ စေကြောင်း ဆုမွန်တောင်းရင်းဖြင့်သာ …
ဉာဏ်လင်းအောင်  naytthit.net

No Response to "နိဂုံးချုပ်ရတော့မည့်စစ်နဲ့ အသစ်ဖြစ်ချင်နေသော ဘ၀များ"

Leave A Reply