Monday, January 21, 2013

ဆရာကြီး ဒေါက်တာအေးကျော်အား နှစ်ပတ်လည် ဆွမ်းကျွေးပွဲ နှင့် အောက်မေ့ဖွယ် အခမ်းအနား အမေရိကန်တွင် ပြုလုပ်

Posted on 9:21 PM by tun tun

Written by အာရ်ကန်တိုင်းမ်စ် Monday, 21 January 2013 10:29 Doctior Aye Kyaw Amrrica၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်အနိစ္စရောက်သွားခဲ့သော ရခိုင်သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးကျော်၏ အောက်မေ့ဖွယ် အခမ်းအနားနှင့် နှစ်ပတ်လည် ဆွမ်းကျွေးပွဲကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့နှင့် နယူးယောက်မြို့တို့တွင် ဇန္န၀ါရီလ ၂၀ ရက်နေ့က ဆရာကြီး၏ တပည့်သားသမီး မြေးမြစ်တို့က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ အခမ်းအနားနှင့် ဆွမ်းကျွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်၍ " ဆရာကြီး ဒေါက်တာအေးကျော်ဟာ ပညာရေးမှာ ဇွဲလုံ့လကြီးမားသူတစ်ဦးဖြစ်သလို ချုံတောမှဘုံဖျားသို့ တက်လှမ်းနိုင်ခဲ့သူတဦးလည်းဖြစ်ပြီး ကိုယ့်ပြည် ကိုယ့်အမျိုးသားများအတွက် တစိုက်မတ်မတ် စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်သွားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာကြီးဟာ သူ့ရဲ့ပညာရေးလမ်းကြောင်းကို ယံမင်္ဂလံ ဒွါဒဿဟိနဲ့ ဆွမ်းတော်ဗျို့ဖြင့် တောရွာဘုန်းကြီးကျောင်းမှာ အစပျိုးကာ ပညာရင်နို့ကို ခက်ခက်ခဲခဲသောက်စို့ခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ကျနော်တို့ ရခိုင်သူရခိုင်သားတွေက နှလုံးသားထဲမှာ အမြဲတမ်းရှိနေပြီး လေးစားအားကျ ဂုဏ်ပြုလျက်ရှိတယ်ဆိုတာကို ပြသလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအခမ်းအနား ဆွမ်းကျွေးပွဲကို ပြုလုပ်ကြတာဖြစ်ပါတယ်။ " ဦးဆောင်ကျင်းပသူများ၏ ကိုယ်စား အမာရီလို မျိုးချစ်ရခိုင်လူငယ်များအဖွဲ့ မှ ကိုချစ်ဆွေက အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။ ထို့အပြင် ဆရာကြီး၏ သန္ဓိဌာန်ခိုင်မာပုံနှင့် ဇွဲလုံ့လကောင်းပုံကို "၂၀၀၇ ခုနှစ်က မလေးရှားနိုင်ငံမှာ ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲကြီးနဲ့ ရခိုင့်ဒုက္ခသည်ရေးရာ အခက်အခဲ ကိစ္စရပ်များကိုလာရောက်ဖြေရှင်းကူညီပေးတဲ့ ဆရာကြီးရဲ့ ပထမဆုံး အကြိမ် ခရီးစဉ်မှာ မလေးရှား ကွာလာလမ်ပူ အင်တာနယ်ရှင်နယ် လေဆိပ်(KLIA-Kualalumpu International Airport) မှာ ဆရာကြီးကို စောင့်ကြိုမယ့် ရခိုင့်အဖွဲ့ အစည်းအသီးသီးက ခေါင်းဆောင်တချို့နဲ့အတူ ကျနော်လိုက်ပါသွားခဲ့ပါတယ်။ လေဆိပ်ခန်းမဆောင်ထဲကနေ လက်ထောက်အကူအညီပေးသူ တဦးရဲ့အကူအညီကိုယူပြီး တွန်းလှည်း (Chair Wheel) လေးနဲ့ ထွက်လာတာကို တွေ့မြင်ခဲ့ရတော့ ဆရာကြီး မျက်စိတော်တော်မှုန်ပြာနေတာကို သိရှိခဲ့ရပါတယ်။ ဆရာကြီးရဲ့ အဓိက လမ်းညွန်ပြောပြ ဆိုဆုံးမခဲ့တာတွေကတော့ မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ချက်တွေဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ၊ ဆန္ဒဓိပတိ၊ ၀ိရိယာဓိပတိ၊ စိတ္တဓိပတိ၊ ၀ိမံသာဓိပတိ နှင့် သူရဲ့နှလုံးသားမှာ သံမှိုရိုက်နှက်သလိုစွဲနေတဲ့ သူ့အဖေရဲ့ "ငါ့သား ဖြစ်ချင်တဲ့အာရုံကို မပျက်စေနဲ့" ဆိုတဲ့ အဆုံးအမ လမ်းညွှန်မှုတွေပါ" ဟု ကိုချစ်ဆွေမှ မှတ်မှတ်ရရ ပြန်ပြောပြသည်။ ရခိုင်လူမျိုးများသည် နိုင်ငံတကာတွင် လူနည်းစု ဖြစ်သည့်အတွက် ဂျူးနိုင်ငံနဲ့ ဂျူးလူမျိုးများကို စံပြနမူနာယူပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ပြိုင်တူလှော်ကြရမည်ဖြစ်ကြောင်းDoctior Aye Kyaw Amrrica 2ကို ဆရာကြီး ဒေါက်တာအေးကျော်က မကြာခဏ မှာကြားခဲ့ကြောင်းကို ကိုတင့်ဝေက ထပ်ဆင့်ပြောကြားခဲ့သည်။ နံနက် ၁၀ နာရီခန့်တွင် စတင်သည့် အမာရီလိုမြို့မှ ဆွမ်းကျွေးပွဲ အခမ်းအနားကို ဧည့်ပရိတ်သတ်ပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ကြပြီး ပင့်ဖိတ်ထားသည့် ကရင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၊ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတော်များ ကြွရောက်ကာ တရားနာရေစက်ချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ညနေ ၂ နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။ ARAKAN TIMES

No Response to "ဆရာကြီး ဒေါက်တာအေးကျော်အား နှစ်ပတ်လည် ဆွမ်းကျွေးပွဲ နှင့် အောက်မေ့ဖွယ် အခမ်းအနား အမေရိကန်တွင် ပြုလုပ်"

Leave A Reply