Friday, January 25, 2013

ALD ၏ ၆ လပတ် ဗဟိုကော်မီတီ မျက်နာစုံညီ အစည်းအဝေး ပေါက်တောတွင်ကျင်းပ

Posted on 6:42 PM by tun tun


ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ၏ ခြောက်လပတ် မျက်နာစုံညီ အစည်းအဝေးကို ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ဇန္န၀ါရီလ ၂၅ ရက်နေ့က စတင်ကျင်းပသည်။
ALD flag
၂ ရက်တာ ကြာမြှင့်မည့် မျက်နာစုံညီ အစည်းအဝေးသို့ ပါတီ ဥက္ကဌ ဦးအေးသာအောင် အပါအ၀င် ဗဟိုမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု ပေါက်တောမြို့နယ် ဒုဥက္ကဌ ဦးမြတ်ထွန်းက ပြောသည်။
“ ရန်ကုန်ကနေ ဦးအေးသာအောင် ဥက္ကဌ အပါအ၀င် ဦးကျော်မြင့်နဲ့ တခြား ဗဟိုခေါင်းဆောင်တွေ တက်ရောက်ပါတယ်။ မြို့နယ် အသီးသီးကလည်း ဥက္ကဌ၊ အတွင်းရေးမှူး စတဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်” ဟု ဆိုသည်။
အစည်းအဝေး ပထမနေ့တွင် ပါတီ ဥက္ကဌ ဦးအေးသာအောင်က ပါတီ ပေါ်လစီမူဝါများကို ရှင်းလင်း ပြောကြားခဲ့သည်ဟု သူက ပြောသည်။
“ ဒီကနေ့ ဥက္ကဌ ဦးအေးသာအောင်က ရှေ့ကို ဆက်လက်ချီတက်မယ့် ပါတီရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပါတီရဲ့ မူဝါဒ ဖြစ်တဲ့ ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရရေး၊ ဖက်ဒရယ် စစ်စစ် ရရှိရေး မူတွေကို ချပြသွားပါတယ်” ဟု ဆိုသည်။
ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးရာတွင် ရခိုင်ပြည်သူလူထု သာယာ ၀ပြောရေး အတွက် တန်းတူမူ ရှိသော ဖက်ဒရယ် စစ်စစ်မူကို ကိုင်စွဲကာ တောင်းဆို တိုက်ပွဲဝင်သွားမည်ဟု ပြောသည်။
အမျိုးသား စည်းလုံးညီညွှတ်ရေး အပိုင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ ဦးမြတ်ထွန်းက ယခုလို ပြောကြားသည်။
“ အခု ပြုလုပ်တဲ့ အစည်းအဝေးမှာ ရခိုင်တိုင်းရင်း  သားများ တိုးတက်ရေးပါတီနှင့် ပေါင်းစည်းရေးအတွက် ဆွေးနွေးမယ့် အင်ဂျင်တာ မပါဘူး။ အခု အစည်းအဝေးမှာ နှစ်ပါတီ ပေါင်းစည်းရေးကို ဆွေးနွေးမှာ မဟုတ်ပါ။ အခု အစည်းအဝေးက မိမိတို့ ပါတီရဲ့ လမ်းစဉ် မူဝါဒနဲ့ ပါတီတွင်း ကျစ်လစ် ခိုင်မာရေးကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အစည်းအဝေး ဒုတိယနေ့တွင် ပါတီ၏ စည်းရုံးရေး၊ ဘဏ္ဍာရေးနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု သိရသည်။                     NARINJARA

No Response to "ALD ၏ ၆ လပတ် ဗဟိုကော်မီတီ မျက်နာစုံညီ အစည်းအဝေး ပေါက်တောတွင်ကျင်းပ"

Leave A Reply