Sunday, December 16, 2012

ရခိုင်ပြည်နယ်နေ့ အခမ်းအနား နေပြည်တော်တွင် ပထမဆုံး အကြိမ် ကျင်းပ

Posted on 6:44 PM by tun tun

သတင်း — December 16, 2012 at 1:14 pm


၃၈ ကြိမ်မြှောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံ မြို့တော် နေပြည်တော်တွင် ဒီဇင်္ဘာလ ၁၅ ရက်နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။
Rakhine-state-day
ရခိုင်ပြည်နယ်နေ့ အခမ်းအနားအား နေပြည်တော် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်ရှိ ပင်မ ဧည့်ကြို ဆောင်တွင် နံနက် (၉) နာရီမှ စတင်ကာ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်ဟု နေပြည်တော်က လာသော သတင်းတွင် ဖေါ်ပြသည်။
အခမ်းအနားအား ရခိုင် တိုင်းရင်းသားများ အသင်း နေပြည်တော် စာပေနှင့် ယဉ်ကျေးမူ ရေးရာ ကော်မတီမှ ရခိုင် စည်တော် တီးပြီး ဖွင့်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဗုဒ္ဓပူဇေနိယ ဆီမီးခွက် အက၊ ပိုးဝါအက နှင့် ရခိုင့် တန်ဆောင် အကများ အပါအ၀င် ရိုးရာ စည်တော် အဆိုအကများဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် အမျိုးသား အထိမ်းအမှတ် ဥယျာဉ် ရခိုင်ပြည်နယ် ပြကွက်တွင် ရိုးရာ ရထားဆွဲပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပရာ ဧည့်ပရိသတ်  ၅၀၀ ခန့်ပါဝင်ဆင်နွဲခဲ့ကြသည်ဟု သိရသည်။
ပွဲတော် အတွင်း ရခိုင့်ရိုးရာ လက်ညှစ်မုန့်တီ၊ ရခိုင်ကြက်သား သောက်ဆမ်း နှင့် ရခိုင်ငပိထောင်း၊ ရခိုင်လှော်ဇာ နှင့် တစ်ခြားအစားအစာများကိုလည်း စုံစုံလင် ရောင်းချခဲ့ကြသည်။ ပြည်နယ်နေ့အမှတ်တရ လက်ဆောင် ပစ္စည်းများလည်း ခင်းကျင်းရောင်းချခဲ့ကြဟု ဆိုသည်။
အခမ်းအနားသို့  ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ် အုပ်ချုပ်မှု ကော်မတီဝင်များ၊ ရခိုင်တိုင်းရင်းသားများ အသင်း(နေပြည်တော်)မှ အသင်းဝင် မိသားစုများ၊ ရပ်နီးရပ်ဝေးမှ ရခိုင် မိသားစုများနှင့် မိတ်ဆွေသင်္ဂဟများ၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်ဝန်ထမ်း မိသားစုများ စုစုပေါင်း  ၅၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဖြင့် ရခိုင်တိုင်းမှ ပြည်နယ် အဖြစ်သို့ တိုးမြှင့် သတ်မှတ်ခံရသည်။  ဒီဇင်္ဘာလ ၁၅ ရက်နေ့မှာ ရခိုင်ပြည်နယ်နေ့ဖြစ်သဖြင့်  အဆိုပါနေ့ကို ပြည်နယ်နေ့ အဖြစ်  အထိမ်းအမှတ် ပြုလုပ်ပြီး နှစ်စဉ် ကျင်းပကြခြင်း ဖြစ်သည်။
( သတင်းအချက်အလက်များနှင့် ဓါတ်ပုံ ကိုအောင်သစ်စိုး ပေးပို့သည်။)  narinjara

No Response to "ရခိုင်ပြည်နယ်နေ့ အခမ်းအနား နေပြည်တော်တွင် ပထမဆုံး အကြိမ် ကျင်းပ"

Leave A Reply