Wednesday, April 17, 2013

ဘင်္ဂလာဒေခ်ျ့တွင် ရခိုင်သချိုင်း အလုခံရ

Posted on 5:00 PM by tun tun


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အ၀ကျွန်းဒေသမှ ရခိုင်သချိုင်းမြေ တစ်ခုအား ဒေသအတွင်းမှ အာဏာရှိသူ လူတစ်စုမှ လုယူရန် ကြိုးစားနေကြောင်း ယခုလ ၁၄ ရက်နေ့ထုတ် The Daily Star သတင်းစာတွင် ဓါတ်ပုံနှင့် တကွ သတင်း ဖေါ်ပြသည်။
လုယူခံရသော သချိုင်းနှင့် စိုက်ထူထားသော မှတ်တိုင်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- Star)
လုယူခံရသော သချိုင်းနှင့် စိုက်ထူထားသော မှတ်တိုင်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- Star)
ဧပြီလ ၆ ရက်နေ့က Jalal ဆိုသူ ဦးဆောင်သော လူပေါင်း ၂၀ နှင့် ၂၅ ခန့်ပါဝင်သော ဒေသခံ ဘင်္ဂလီ လူအုပ်စု တစ်ခုသည် ရခိုင်အခေါ် ရွာသစ်ချေ ကျေးရွာရှိ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော သချိုင်း အလယ်တွင် အဆိုပါ မြေအား သူတို့ပိုင်ကြောင်း အမှတ်အသားပြု ကျောက်တိုင် တစ်ခုအား လာရောက်စိုက်ထူခဲ့သည်ဟု ဆိုသည်။
ရခိုင်အမျိုးသားများပိုင် သင်္ချိုင်းမှာ Done မြစ်ကမ်းနားတွင် တည်ရှိပြီး အကျယ်အ၀န်းမှာ 0.22 ဧက ကျယ်ဝန်းပြီး ၁၉၆၅ ခုနှစ်ကတည်းက ဒေသခံ ရခိုင်များက သချိုင်း အဖြစ် အသုံးပြုလာနေသော နေရာ ဖြစ်ကြောင်း သတင်းစာတွင် ဖေါ်ပြသည်။
ထိုသို့ မှတ်တိုင်စိုက်ပြီးနောက် သချိုင်းမြေအား တူးဖေါ်ရာ ရခိုင်ကျေးရွာသာများက ၀ိုင်းဝန်း ကန့်ကွက် ခဲ့ကြသည်ဟု ဆိုသည်။
သတင်းစာတွင် ရခိုင်အမျိုးသား Momothe ဆိုသူကို ကိုးကားပြီး ဖေါ်ပြရာတွင် သချိုင်းမြေ အမှတ်မှာ ၃၂၀ ဖြစ်ပြီး သချိုင်းမြေ 0.22  အထဲမှ 0.12 ဧကကို Kalapara မြို့နယ် မြေစာရင်း ဦးစီးဌာနမှ Jalal ဆိုသူကို တရားမ၀င် ဌားရမ်းခွင့်  ထုတ်ပေးခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဒေသရှိ Tiakhali ကျေးရွာအုပ်စုမှ အ၀ါမီလိဂ် ပါတီ ဥက္ကဌဟောင်း Syed Akhtaruzzaman ခေါ် Kokka Mira ဆိုသူမှ Jalal ဆိုသူနှင့်  မတရား တိတ်တဆိတ် ပူပေါင်းပြီး ရခိုင်သချိုင်းအား သိမ်းယူရန် ကြံစည်ကြိုးစားနေသည်ဟု Momothe က ပြောကြောင်း သတင်းစာက ရေးသားသည်။
သချိုင်းမြေပေါ်တွင် မှတ်တိုင် စိုက်ပြီးနောက် နောက်တစ်နေ့တွင် Momothe ဆိုသူမှ ရခိုင် ကျေးရွာသားများ ကိုယ်စား ပေါတာဝါခါလီ ခရိုင် ကော်မရှင်နာ မင်းကြီးထံ စာရေးသား တိုင်ကြားပြီး ရခိုင်သချိုင်းမြေအား မတော်မရား လုယူသူများ လက်ထဲမှ ကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။
ထိုသို့ တိုင်ကြားပြီးနောက် ဥက္ကဌဟောင်း  Kokka Mira ဦးဆောင်သော လူ ၁၀ နှင့် ၁၂ ဦးခန့်သည် မော်တော်ဆိုင်ကယ် သုံးလေးစီးဖြင့် အဆိုပါ ရခိုင်အမျိုးသားများ နေထိုင်ရာ ကျေးရွာများသို့ ရောက်ရှိလာပြီး တိုင်ကြားထားခြင်းကို ရုတ်သိမ်းရန်နှင့် အကယ်၍ မရုတ်သိမ်းပါက သချိုင်းကို လုံးဝ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုသည်။
Jalal မိသားစုများ အဆိုအရ ရခိုင်သချိုင်းမြေထဲမှ  0.12 ဧကကို ဒေသအတွင်းရှိ မြေစာရင်းဌာနမှ Jalal နှင့် သူ၏ ဇနီးဖြစ်သူ Jharna Brgum နာမည်ဖြင့် ဌားရမ်းခဲ့သည်ဟု ဆိုသည်။ သို့သော်  သချိုင်းမြေကို ရှင်းလင်း တူးဖေါ်ရာ ရခိုင်ရွာသားများက ကန့်ကွက်နေကြသည်ဟု ဆိုသည်။
နိရဉ္စရာက အဆိုပါ သချိုင်းမြေကိစ္စကို ဒေသခံများအား မေးကြည့်ရာ ယမန်နေ့က ခရိုင် ကော်မရှင်နာ မင်းကြီးမှ ဆုံးဖြတ်ချက်ပေးမည်ဟု ပြောကြားသော်လည်း ယခုအချိန်ထိ ဆုံးဖြတ်ချက် ထွက်မလာသေးကြောင်း၊ ရွာသားများ အနေဖြင့် သချိုင်းမြေ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသလို တိုက်ခိုက်ခံရမည်ကိုလည်း  ပူပင် စိုးရိမ်နေကြကြောင်း ပြောကြားသည်။  NARINJARA

No Response to "ဘင်္ဂလာဒေခ်ျ့တွင် ရခိုင်သချိုင်း အလုခံရ"

Leave A Reply