Wednesday, April 17, 2013

စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးအား ရိုက်နှက်ပြီး ဗီဒီယိုမှတ်တမ်းကို အင်တာနက်ပေါ်တင်သည့် မိန်းကလေးတစ်စုဖမ်းမိ

Posted on 5:18 PM by tun tun



စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ပြီး မှတ်တမ်းတင်ရိုက်ကူးထားသည့် ဗီဒီယိုကို အင်တာနက်ပေါ်တင်ခဲ့သည့် မိန်းကလေးတစ်သိုက်ကို ဖမ်းဆီးရမိသည့် ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားတွင် ဖြစ်ပွားခဲ့သည်။
ထိုသို့ရိုက်နှက်နေသည့် ဗီဒီယိုမှတ်တမ်းကို Facebook ပေါ်တွင် တင်လိုက်ခြင်းဖြစ်ပြီး၊ အိမ်နီးချင်းတစ်ဦးက ရဲတပ်ဖွဲ့ကို ထိုမိန်းကလေးများ၏ လုပ်ရပ်ဖြစ်နိုင်ကြောင်း သတင်းပေးပို့ခဲ့သည်။ ရဲတပ်ဖွဲ့မှ လျှို့ဝှက်မှတ်တမ်း ဗီဒီယိုနှင့် တိုက်ဆိုင်စစ်ဆေးပြီး မိန်းကလေး ၆ ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် မိန်းကလေး ၄ ဦးသည် အသက် ၁၆ နှစ်မှ ၁၇ နှစ်အတွင်းဖြစ်ပြီး အများပြည်သူကို နှောင့်ယှက်မှု၊ မဆင်မခြင် ထိခိုက်စေမှု၊ ခိုးမှု၊ လုယက်မှုတို့ဖြင့် ဖမ်းဆီးအရေးယူခံရမည်ဖြစ်သည်။ နောက်ထပ် နှစ်ဦးကို မကြာသေးမီကမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုမိန်းကလေးများသည် အိမ်လှေခါးတွင် ထိုင်နေသည့် စိတ်ဝေဒနာရှင် အမျိုးသမီးကြီးကို ဖိနပ်များချွတ်ကာ ရိုက်နှက်သည့်အပြင်၊ ကုလားထိုင်ဖြင့်ပါ ရိုက်နှက်ခဲ့ကြသည်။ ထိုသို့ နှိပ်စက်ရိုက်နှက်နေခြင်းဖြစ်ရပ်အားလုံးကို မနီးမဝေးရှိ ကုန်စုံဆိုင်တွင် တပ်ဆင်ထားသည့် လုံခြုံရေးဗီဒီယိုက အစအဆုံး မှတ်တမ်းယူထားခဲ့သည်။
ရိုက်နှက်ခြင်းခံရသည့် အမျိုးသမီးကြီးသည် အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသူလည်းဖြစ် သည်။ သူမသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မိန်းကလေးများက ဖမ်းဆီးတုတ်နှောင်ကာ အဆက် မပြတ် ရိုက်နှက်ခဲ့ကြသည်။ မိန်းကလေးတစ်ဦးက ဖြစ်ရပ်အား ဗီဒီယိုလိုက်ရိုက်နေသည်ကိုလည်း လုံခြုံရေး ကင်မရာမှတ်တမ်းတွင် တွေ့ရှိခဲ့ရသည်။ ယခုဖြစ်ရပ်သည် လူတစ်ယောက်ကို နာကျင်အောင်လုပ်သည်ဆိုခြင်း ထက်ပိုသည်ဟု ရဲတပ်ဖွဲ့မှ အရာရှိ ဂျိမ်းစ် နိုလန်ကပြောကြားသည်။
မိန်းကလေးများသည် သူတို့မှတ်တမ်းတင်ထားသည့် ဗီဒီယိုပြကွက်ကို Facebook ပေါ်တင်ပြီး ကြွားလုံးထုတ် ကာ ဂုဏ်ယူခဲ့ကြသည်။ ရဲမှူးနိုလန်က ဤနည်းဖြင့် သူတို့ကို လူသိများစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။ ရဲတပ်ဖွဲ့မှ စိတ်ရောဂါသည် အမျိုးသမီးကို ဆေးဝါးများကုသပေးနေပြီး မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ .maukkha.org

No Response to "စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးအား ရိုက်နှက်ပြီး ဗီဒီယိုမှတ်တမ်းကို အင်တာနက်ပေါ်တင်သည့် မိန်းကလေးတစ်စုဖမ်းမိ"

Leave A Reply