Tuesday, January 15, 2013

ဒီမိုကရေစီသည် အနောက်၏ သွင်းကုန်မဟုတ်

Posted on 8:10 PM by tun tun


စာရေးသူ – ခိုင်မျိုးဆက်
ငြိမ်းချမ်းသာယာ၍ ခောတ်မီဖွံ့ဖြိုးတိုးသည့် နိုင်ငံအတွင်း အပူအပင် ကင်းမဲ့စွာ နေထိုင်လိုကြသည်မှာ နိုင်ငံသားတိုင်း၏ ဆန္ဒပင်ဖြစ် သည်။ ကျွန်ုပ်တို့ နိုင်ငံသားများသည် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ် အရင်းရှင် ကိုလိုနီနယ်ချဲ့ခေတ်၊ တစ်ပါတီ အာဏာရှင် မဆလခေတ်၊ မျက်မှောက်ကာလ စစ်အာဏာရှင်ခေတ် အစရှိသည့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ကြပြီ ဖြစ်သည်။
ဘယ်ခေတ် ဘယ်စနစ်တွင်ပင် ဖြစ်စေ နိုင်ငံသားတို့၏ အဓိက ပန်းတိုင်းမှာ မိမိတို့၏ ဘဝ တည်ငြိမ်အေးချမ်း လုံခြုံမှု ရရှိရေးနှင့် စားဝတ်စေရေး ဖူလှုံစေမည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ ရောက်ရှိရေးပင် ဖြစ်သည်။
အစဉ်ထာဝရ ပြုပြင် ပြောင်းလဲနေရသည့် လောကဓာတ်ကြီးနှင့် လိုက်လျောညီထွေစွာ နိုင်ငံရေးစနစ်များကိုလည်း လိုအပ်လျင် လိုအပ်သလို ပြုပြင် ပြောင်းလဲပေးကြရသည်မှာ လောကဓမ္မတာ တစ်ရပ်ပင်။ ယင်းသို့ နိုင်ငံရေးစနစ်များ မည်သို့ပင် ပြောင်း လဲနေစေကာမူ နိုင်ငံ၏ အဓိကပန်းတိုင်သည်ကား မည်သည့်အခါမျှ လိုက်ပါ ပြောင်းလဲနေမည် မဟုတ်ဘဲ နောက်ဆုံး ပန်းတိုင် သည်ကား ဗြဗ္မာပါလ နိုင်ငံဆီသို့ ချီတက်ရေးပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်သော ပြည်သူ့အရေးတော်ပုံ ပေါ်ပေါက်လာခြင်းနှင့်အတူ ဒီမိုကရေစီဟူသော စကားလုံးမှာလည်း ပြန်လည် အသက်ဝင် နိုးထလာခဲ့ရသည်။ သို့ရာတွင် စစ်အာဏာရှင်စနစ်နှင့် နေသား တကျဖြစ်နေသူများက “ဒီမိုကရေစီသည် မြန်မာနိုင်ငံသားများ အနေနှင့် မထိုက်တန်သေးပါ” ဟု လည်းကောင်း၊ တချို့ကမူ “မြန်မာနိုင်ငံသားများအနေနဲ့ ဒီမိုကရေစီကို လက်ခံနိုင်ဖို့ ဝေးပါသေးတယ်၊ ကာလတစ်ခုထိ စောင့်ဆိုင်းနေရအုံးမယ်” ဟူ၍ လည်းကောင်း၊ စစ်အာဏာရှင် လူ့မလိုင်ကြီးများကမူ “အမေရိကန်၊ အင်္ဂလန် တို့၏ ဒီမိုကရေစီများသည် လွန်စွာ ပရမ်းပတာဖြစ် သည်။ ထို့ကြောင့် နောက်က ပုံတူ ကူးချသော ဒီမိုကရေစီမျိုးကို အလိုမရှိ၊ ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန်ဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကိုသာ ဖော်ဆောင်မည်” ဟု စည်းမဲ့ကမ်းမဲ့ ကြွေးကြော်နေကြပြန်သည်။
ဤသို့ဖြင့် ဖိနှိပ်အုပ်ချူပ်ခြင်းအတွက် အခြေခံဥပဒေတစ်ရပ်ကို ထင်ရာစိုင်း မူဝါဒဖြင့် ရေးဆွဲခဲ့ပေသည်။ ယင်းနောက်တွင် အတု အယောင် “ပြည်သူ့ဆန္ဒခံယူပွဲ” ကြီးကို “နာဂစ် မရဏပွဲတော်” ရက်အတွင်း ပျော်ပျော်ကြီး ဆင်နွှဲခဲ့ကြသည်။ တဖန် “သေမင်း တမန် ဂီရိ” အတွင်း ရွေးကောက်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပကာ ပြည်သူတင်မြှောက်သော အစိုးရသစ်အဖြစ် ပြည်သူ့ရှေ့မှောက် အရောက် မွေးထုတ်ပေးခဲ့ပြီ ဖြစ်သည်။
ထိုကြောင့် ယင်းစစ်အာဏာရှင်ကြီးများမှာ မုသားသစ္စာ ဆိုသူများသာ ဖြစ်ကြောင်း ယဉ်ကျေးသော ကမ္ဘာသူ၊ ကမ္ဘာသားများက သိရှိ ထားပြီ ဖြစ်၍ ယင်းတို့အား အော့နှလုံးနာကြသည်။ ယင်းတို့နှင့် မလွဲမရှောင်သာ ဆက်ဆံရမည့် အရေးကိုပင် တွန့်ဆုတ်နေ ကြသည် မဟုတ်ပါလား။
စင်စင် ဒီမိုကရေစီသည် ယင်းတို့ ပြောနေကြသလို အနောက်မှ တင်သွင်းလာကြသည့် သွင်းကုန်မျိုး မဟုတ်ပေ။ အနောက်တိုင်း၌ ဒီမိုကရေစီ မပေါ်ပေါက်မီ နှစ်ကာလများစွာကတည်းကပင် အရှေ့တိုင်း၌ ဒီမိုကရေစီ အစဉ်လာကောင်းများ ပေါ်ထွန်းခဲ့ပြီ ဖြစ် သည်။
တိတိကျကျဆိုရင်လျှင် ဘီစီ ၁၅၀၀ ကတည်းကပင် အရှေ့တိုင်း အိန္ဒိယနိုင်ငံ၌ ဒီမိုကရေစီ သွင်ပြင် လက္ခဏာများကို ကောင်းစွာ ကျင့်သုံးနေခဲ့ကြသည်။
ယင်းအရှေ့တိုင်း အိန္ဒိယနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဆုံစည်းရာ ပဒေသာစုံ ယဉ်ကျေးမှုကြီးဖြစ်ခဲ့သည်။ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဂျိမ်းဘာသာ၊ ဂျူးဘာသာ၊ ဖာရစီဘာသာ၊ ဆစ်(ခ်)ဘာသာ၊ ဘဟာရစ်ဘာသာ စသော ဘာသာတရားမျိုးစုံတို့သည် ငြိမ်းချမ်းကြည်ဖြူစွာဖြင့် အတူ လက်တွဲ နေထိုင်နိုင်ခဲ့ကြသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံသည် အတွေးသစ်၊ အမြင်သစ်များ ပွင့်လန်းရာ ပန်းဥယျာဉ်ကြီးတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ စင်စစ် ဒီမိုကရေစီသည် အနောက်၏ လက်ဆောင် (ဝါ) အနောက်၏ ဘိုးဘွားပိုင်ပစ္စည်း မဟုတ်ပေ။ ဒီမိုကရေစီ၏ အနှစ်သာရမှာ လူထုများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြခြင်း (Public Discussion) ကို အာပရိဟာနိယ တရား လည်းကောင်း၊ ယင်းဆွေးနွေးခြင်းမှ ရရှိသည့် လူထုဆင်ခြင်တုံတရား (Public Reasoning) ကိုမူ ဝိဘဇ္ဖဝါဒ ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြပြီး ယင်းဝါဒနှစ်ခုကို ရှေးခေတ် အိန္ဒိယနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့ကြသည်။
ဘီစီ (၆) ရာစုက ဗုဒ္ဓ ဟောကြားခဲ့သော ဝိဘဇ္ဖဝါဒ (ကာလမသုတ္တာန်) မှာ လူထု ဆင်ခြင်တုံတရား အထူးအလေးပေးထားသော ရဲရဲတောက် အယူဆကြီးတစ်ခုဖြစ်သည်။
၎င်းအပြင် အိန္ဒိယနိုင်ငံ၌ အများနှင့်မတူဘဲ ကွဲလွဲဆန့်ကျင်ရဲသော သတ္တိ (Heterodoxy) ဟူသော အယူဝါဒတစ်ခုကိုလည်း ရဲရဲဝံ့ဝံ့ လက်ခံ ကျင့်သုံးခဲ့ကြသေးသည်။ စင်စစ် သိပ္ပံနည်းကျ ဖြစ်ပေါ်တိုးတက်မှုများပင်လျှင် ယင်း (Heterodoxy) အယူအဆနှင့် နီးနီးကပ်ကပ် ဆက်စပ်လျက်ရှိသည်။ ထို့အပြင် ယင်းအိန္ဒိယနိုင်ငံတွင် မိမိနှင့် မတူလျှင် ရန်သူဟူသော အယူအဆကို ပစ်ပယ်၍ ယင်းအစား ဆန့်ကျင်ဖက်များအပေါ် သီးခံနိုင်စွမ်းရှိမှု (ခန္တိဝါဒ) ကို ကိုင်ထားခြင်းကလည်း ဒီမိုကရေစီအတွက် ရေခံမြေခံကောင်း တစ်ခုဖြစ်ခဲ့သည်။
စင်စစ် အာရှဒေသကြီးတစ်ခုလုံးမှာ ပဒေသရာဇ် လူ့အဖွဲ့အစည်းအဖြစ် အချိန်ကြာမြင့်စွာ တည်ရှိခဲ့ပြီး ယနေ့တိုင်အောင်ပင် ပဒေသရာဇ် အမူအကျင့်ဟောင်းများက နှလုံးသားအထိ နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲဖြစ်သည်။ ပဒေသရာဇ်စနစ်၏ အမူ အကျင့်များမှာ အာဏာရှင် ဆန့်ကျင်မှု အလွန်အကျွံယုံကြည်မှု၊ အရိုအသေ လွန်ကဲမှု၊ ရှေးရိုးစွဲ ဆန်လွန်းမှု၊ ခေတ်နောက်ကျမှု၊ ပုဂ္ဂိုလ်ထူးနှင့် သူရဲကောင်းများကို ဆည်းကပ်ကိုးကွယ်လိုမှု၊ မိမိနှင့် အယူဆမတူလျှင် ရန်သူအဖြစ် သဘောထားမှုတို့ပင် ဖြစ် သည်။ စင်စစ် အရိုအသေလွန်ကဲလွန်းခြင်း ၊ မြှောက်စားခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်း၊ ဖော်လံဖားခြင်း စသည့် လုပ်ရပ်များမှာ အာဏာရှင်ကို မွေးထုတ်ပေးသည့် လုပ်ရပ်များ ဖြစ်ကြသဖြင့် အထူးသတိထားရမည့် ကိစ္စဖြစ်သည်။
ဒီမိုကရေစီသည် လူတိုင်းနှင့် မထိုက်တန်ဟု လူတစ်ချို့က လွဲမှားစွာ ယုံကြည်လက်ခံသွားကြသည်။ အမှန်မှာ ဒီမိုကရေစီနှင့် မထိုက်တန်သူဟူ၍ မရှိပေ။ လူ့သမိုင်းတလျှောက် ပေါ်ပေါက်ခဲ့ဖူးသော နိုင်ငံတော် အုပ်ချူပ်ရေးစနစ် မှန်သမျှတွင် ဒီမိုကရေစီ သည် ယနေ့ကာလအထိ အကောင်းဆုံး စနစ်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေသေးသည်။ ယင်းထက် တိုးတက်ကောင်း မွန်သော နောက်ထပ် စနစ်တခု မပေါ်မချင်း ဒီမိုကရေစီနစ်သည်သာ ဆက်လက် တည်တံ့နေဦးမည် ဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီစနစ်သည် လူတိုင်းနှင့် ထိုက်တန်ပေသည်။ သို့ရာတွင် ဒီမိုကရေစီစနစ် ရှင်သန်ကြီးပြင်းရန်မှာမူ ရိုးတွင်းခြင် ဆီထိ အမြစ်တွယ်လျက်ရှိသည့် ပဒေသရာဇ်စနစ်၏ အမူအကျင့်ဟောင်းများကို မြေလှန်သုတ်သင်၍ ယင်းတို့၏ နေရာတွင် အပရိဟာနိယာမ (Public Discussion) ၊ ဝိဘဇ္ဖဝါဒ  (Public Reasoning) ၊  ခန္တိဝါဒ (Tolerance) ၊ အများနှင့်မတူပဲ ဆန့်ကျင် ကွဲလွဲရသည့်ဝါဒ (Heterodoxy) တို့ဖြင့် အစားထိုး ပြောင်းလဲကျင့်သုံးကြမည်ဆိုလျှင် ဒီမိုကရေစီဝါဒသည် လူမျိုးမရွေး၊ နေ ရာ ဒေသမရွေး ရှင်သန်ကြီးထွားလာနိုင်ပေသည်။   ARAKAN REVIEW

No Response to "ဒီမိုကရေစီသည် အနောက်၏ သွင်းကုန်မဟုတ်"

Leave A Reply