Tuesday, January 15, 2013

အလိမ္မာ စာမှာ ရှိသော်လည်း

Posted on 7:52 PM by tun tun


ဆောင်းပါးရှင် – မောင်လူပျို (မိသားစုဝိုင်း)
ကျောင်းသားလူငယ်တိုင်း မိမိ၏ လက်ဦးဆရာများဖြစ်သော သူငယ်တန်းသင် ဆရာ၊ ဆရာမများ မူလတန်း ဆရာများကို တသက်မမေ့တန်း မလျော့တန်း ချစ်ခင်လေးစားကြပါသည်။ သက်ရွယ်ကြီးရင့်လို့ ကိုယ့်သားမြေးမြစ်များ အထိတိုင်အောင် မိမိတို့ဆရာများ အကြောင်းကို အောက်မေ့တသ ခဏခဏ ပြောပြတတ်ကြပါ၏။ ၀လုံးကို တလလုံး ရေးခိုင်းသည့် သူငယ်တန်းဆရာ ဦးမောင်ကလေး ဆိုလျှင် ကျနော့် ပန်းချီဆရာ ကျနော့်မိဘပမာ ချစ်ခင်မြတ်နိုးပါသည်။ အရွယ်ရောက်လာတော့ ကမ္ဘာ့ပန်းချီဆရာကြီး လီရင်နာဒို ဒါဗင်ချီကို သူ့ဆရာက ကြက်ဥ အလုံးတရာ ဆွဲခိုင်းသည်နှင့် ပမာနိုင်းလို့ ဆရာကို အချစ်တိုးမိပါသည်။ ဆရာ့တပည့် ကျနော့်ခမျာ ပန်းချီဆရာ မဖြစ်ခဲ့သော်လည်း စာရေးဆရာပေါက်စ၊ လေ့လာသုံးသပ်သူ သုတေသီလေး တဦးတယောက်လောက်တော့ ဖြစ်တန်ကောင်းပါ၏။ ဆရာ၏ သင်ကြားခဲ့မှုကို ပန်းချီနေရာတွင် အသုံး မပြုတတ်သော်လည်း စာရေးရာတွင် လွန်စွာမှ အသုံးဝင်ပါသည်။ တကြိမ်နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဆရာဂုဏ်ရည်ကို ဦးထိပ်ပန်၍ ကျနော် ပွင့်ပွင့်လင်းလင်း ပန်းချီဆွဲသလို ရေးသားပါတော့မည်။
ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်တယ်တဲ့။ ကြက်ဥ တလုံးနဲ့ တလုံး အရောင်အဆင်း ထပ်တူမကျသလို အရွယ်ပုံသဏ္ဍာန်ခြင်းလည်း ထပ်တူ အံဝင်ဂွင်ကျ တူညီမှုမရှိကြပါ။ အော်…သဘာဝကိုယ်၌က ထူးခြားမှုကို အသိအမှတ် ပြုခဲ့ရပါပကော။ တိမ်ညိုမိလ္လာ၊ တိမ်စူကာနဲ့ တိမ်ပြာရောယှက်၊ မရမ်းဖက်၍ တိမ်သက်တန့်ရောင် အ၀ါဘောင်ဝယ် အရောင်ချယ်စရာက များမှများ။ တိမ်တောင်သဖွယ် ကြက်ဥအရောင်ကို ထပ်တူပြုထားသည်ကိုက တိမ်လိပ် တိမ်တောင်များ အရိပ်အယောင် မတူကွဲပြား ခြားနားကြသည်ကိုလည်းကောင်း ပြောင်းလဲရွေ့လျားမှုကိုလည်းကောင်း ကောင်းကင်ပေါ်တွင် လူတိုင်း တွေ့မြင်နေရလို့ပါတကား။ ဖိုးရွှေလမင်း သာသည့် ညများတွင် ပျော်ရွှင်မြူးတူး ကြည်ကြည်နှုးနှုး မိသားစု စုံစုံလင်လင် ပျော်ပျော်ပါးပါး ကစားခဲ့ကြသည့် ရွာဓလေ့ကို ပြေးမြင်မိပါသည်။ ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးပါအုံးလို့ ချမ်းမြေ့အေးမြလှသည့် ဖိုးလမင်းကြီးဆီက ဆီထမင်း တောင်းသံကို ခလေးလေးဘ၀က သာယာကြည်နူးခဲ့ပါသည်။ မင်းရေးကျယ်သည်ကိုတော့ တကယ့်ကို ယခုထိ မခန့်မှန်းတတ်အောင်ကို ဖြစ်နေမိပါသည်။ ပွင့်လင်းမြင်သာမှု အဖြူရောင် ပိတ်ကားကြီးပေါ်တွင် နေ့စဉ် တွေ့မြင်နေရပါပြီ။ စာရေးနေရင်းပင် (၂-၁-၂၀၁၃) ညနေပိုင်း ရေဒီယိုမှ ကြားလိုက်ရပါသည်။ မြစ်ကြီးနား သံလမ်းရိုး မိုင်တိုင်အမှတ် ၆၅၂ တွင် မိုင်းထိလို့ သံလမ်း (၁၀) ပေလောက် ပျက်စီးသွားကြောင်း ဖြစ်ပါသည်။ အော် ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ပြောရင်းဆိုရင်း မငြိမ်းချမ်းနိုင်ပါလား။
မင်းခယောက်ျား ကမ်းနားသစ်ပင် ဆိုသလို ခိုင်းသည့်ကျွန် ထွန်သည့်နွားပမာ သွားရော လဟယ် ဟု ဝေးလံခေါင်းပါး မဲဇာပို့ခံရသည့် ၀န်ထမ်းတဦးအဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားသို့ ရထားစီးခဲ့တုန်းက ချစ်ဇနီး၏ ပြောသံလေးကို ကြားယောင်နေမိပါသည်။ ကိုကိုရေ ထမ်းပင်ပေါက်တွေက ၀င်းငယ်တို့ ငယ်ငယ်တုန်းက ယောင်ပေစူးတွေပဲနော်တဲ့။ အော် ချစ်ဇနီးလေး ကဗျာစပ်နေလေရော့သလားပေါ့။ ညနေစောင်း ရထားပေါ်က မြင်ကွင်းလေ။ နောက်တနေ့မှာတော့ ရထားပေါ်က စိတ်မရှုစိမ့်စရာ မြင်ကွင်းကို ထပ်တွေ့ရပြီပေါ့။ ရထားလမ်းဘေး တဲလေးတွေက စစ်သားတွေ ဘာလုပ်နေကြတာလဲတဲ့။ ကျနော်၏ ပထမဆုံး ခရီးဖြစ်ခဲ့၍ ပြန်မဖြေနိုင်ပါ။ ရှေ့ထိုင်ခုံမှ ဘဘကြီး တဦးက ငါးရှာ၊ ဖါးရှာတာနေမှာပေါ့ သမီးရယ် ဟဲဟဲဟဲ တဲ့။  ရထားထဲက ဆေးလိပ်၊ စားစရာ ဘယ်သူချပေးလာမလဲ၊ မတောင်းရဲတောင်းရဲ တောင်းနေရှာတဲ့ စစ်သားလေးတွေ အကြပ်တပ်သားလေးတွေ တွေ့မြင်နေရပြီလေ။ ကျနော် သူတို့ ဘာလုပ်နေမှန်း ချစ်ဇနီးနှင့်ထပ်တူ မသိရိုးအမှန်ပါ။ ချောကြေးကောက်၊ သံလမ်းရိုးစောင့်ခ၊ ဘာကြေးညာကြေးတွေက အထပ်ထပ်ကောက်ခံနေရသည့် ပြည်သူ့ဘ၀။ ကိုယ့်ဘ၀အသိနှင့်ကိုယ်။ မြစ်ကြီးနား ရောက်မှ သံလမ်းရိုးစောင့်နေကြတာတဲ့ သိရတော့တယ်။ အသက်မရှိတဲ့ သံလမ်းရိုးကို အသက်ထင်ရှား လက်နက်ကြီး ကားယားနဲ့ စစ်သားလေးတွေ  ကင်းစောင့်နေရလောက်အောင် နိုင်ငံလုံခြုံရေးက အာမခံချက် မပေးနိုင်သေးလို့ပေါ့။
ရထားသံချောင်းကိုသော်မှ ဒီလောက်လုံခြုံအောင် စောင့်နေရသည်ဆိုပါမူ။ တခြား ကြေးချောင်း၊ ငွေချောင်း၊ ရွှေချောင်းဆိုလျှင်တော့ ဒီဝီဇံ တပ်မဟာကြီးတွေနဲ့ စောင့်တော့မှာပေါ့နော်။ ၀င်းငယ်လေး ပါးစပ်ပိတ်ထားအုံး ခဏနော်။ ချစ်ဇနီး နှုတ်ခမ်းလေးကို လက်ခလေးနဲ့ ပိတ်ထားခဲ့မိပါတယ်။ အော် ၀န်ထမ်းတို့ဘ၀။ ဒီသံလမ်းရိုးကပဲ ရထားစီးပြီး တောင်ပေါ်ဝန်ထမ်းဘ၀ ခရီးကြမ်းက ပြောင်းရွှေ့လာတော့လဲ ရထားသံလမ်းရိုးက ဒီအတိုင်း ဒီအတိုင်းပါပဲ။ အကြပ်တပ်သားလေးတွေအပါအ၀င် စစ်သားလေးတွေက သတင်းစာတောင်းသံ၊ ဆေးလိပ်တောင်းသံတွေကို ကြားနေရဆဲပါ။ အိမ်အပြန်မှာ မိအိုဖအို စားဖို့ယူလာတဲ့ လိုင်ချီး၊ သစ်တော်သီးများထဲကပင် ချစ်ဇနီးက ငါတို့တော့ လွတ်ပြီကျွတ်ပြီ နင်တို့ခမျာ စားပါစေတော့ဆိုပြီး သစ်သီးတွဲများ ချပေးခဲ့ပါသည်။ မနက်လင်းတော့ ဟောတွေ့ပါပြီ။ အလိုတော်ပြည့်ဘုရား။ ရထားလမ်းပေါ် သေဆုံးသွားသူတွေ လွတ်ပါစေ၊ ကျွတ်ပါစေ ဆုတောင်းပြီး တည်ထားခဲ့တာတဲ့။ အော် ခုကော၊ ဆုတောင်း မပြည့်၊ အလိုတော် မပြည့်သေးပါချေ။
ဘယ်တော့ ဆုတောင်းပြည့် အလိုပြည့်ပါမလဲ။ ရထားသံလမ်းရိုးကို လုံးဝကင်းစောင့် စရာမလိုတဲ့နေ့တနေ့။ အချိန်တိုလေး တခု အချိန်အနည်းငယ် ရှိခဲ့ဖူးပါ၏။ ငြိမ်းချမ်းရေး ယူထားစဉ် ခဏတာလောက်သာ။ အဲဒီလို အချိန်မျိုးကို အခြေအနေမျိုးကို လိုချင်ကြပါသည်။ လုံခြုံမှုဟာ ငြိမ်းချမ်းမှ ရမယ်ဆိုတာ ပြည်သူတိုင်းသိပါသည်။ ငြိမ်းချမ်းရေးကို မငြိမ်းချမ်းသည့်နည်းဖြင့် ဘုန်းကြီး မီးတိုက်သည့်နည်း လေယဉ်နဲ့ ဗုံးကြဲတဲ့နည်းနဲ့ ဖြေရှင်းလို့ရသည်ဟု ဘယ်ဘုရားကမှ မဟောခဲ့ပါ။ ပြည်တွင်းစစ်တဲ့ခင်ဗျာ။ စစ်နဲ့လုပ်စားသူများ။ ဓါးပြက ဓါးပြတိုက်ရမှ ကျေနပ်သူများ။ စစ်ရေးမောက်မာသူများ၊ ထိုသူများ ငြိမ်းချမ်းရေးကို မလိုလားပါ။ ငြိမ်းချမ်းရေးကို တကယ်လိုလားသူများက ပြည်သူသာ ဖြစ်ပါသည်။ အဖိနိုပ်ခံ လယ်သမား အလုပ်သမား မြို့နေဆင်းရဲသား လူလတ်တန်းစားများ အားလုံးက ငြိမ်းချမ်းရေးကို တကယ်ကို အသက်နဲ့ရင်းပြီး လိုလားနေ၍ ဖြစ်ပါသည်။ တည်မြဲသည့် ငြိမ်းချမ်းရေးကိုသာ လိုအပ်ပါသည်။ အိမ်တွင်းမှာ လင်မယား ရန်ဖြစ်နေလို့ကတော့ ရပ်ကွက်ထဲ ခဲပေါက်ခံရပါလိမ့်မည်။ နိုင်ငံတကာက နိုဘယ်ဆုတွေ ပြန်ရုတ်သိမ်းကုန်မည်ကိုတော့ စိုးရိမ်တန်ကောင်းပါရဲ့။ ကပျက်ယပျက် ငြိမ်းချမ်းရေး ဟန်ရေးပြလို့ စစ်ရေးဖြင့် မခြိမ်းခြောက်သင့်ပါ။ တကယ့် ငြိမ်းချမ်းရေးသည်သာ ရတနာ ဖြစ်ပါသည်။ နိုင်ငံ့ရတနာကို ဘယ်လို စောင့်ထိန်းလိုပါသနည်း။ မေတ္တာစေတနာဖြင့် တန်းတူညီမျှ တရားကြပါမှသာ ဖြစ်ပါမည်။ လူသားတိုင်းမှာ လောကပါလတရား၏ စောင့်ရှောက်မှုကို ရရှိခံစားထိုက်ပါသည်။ ငြိမ်းချမ်းရေးကို ပထမ၏ ပထမအဖြစ် လိုအင်ဖြည့်ဆည်းပေးရပါမည်။ အလိမ္မာ စာမှာ ရှိသော်လည်း စာတွေကိုပဲ ထပ်တလဲလဲ အုံဖွ တဖွဖွ ရွတ်ဖတ်သရဇယ်သော်လဲ လက်တွေ့မှ မကျင့်သုံးပါမူ။ အုံဖွ ဆရာများမှာ အလိမ်အညာသမားများသာ ဖြစ်ပါလိမ့်မည်။ တကယ်လက်တွေ့ မလုပ်လို့ ငါးခြောက်ပြား ပျောက်သွားတာကြောင့်  ကြိမ်ဒဏ်အပေးခံရသည့် မင်းတုံးမင်းကို ဒီနေရာတွင် မေးကြည့်ရန်လိုအပ်လာပါသည်။
ပန်းချီကောက်ကြောင်း ဆွဲနည်းဖြင့် ရေးသားပါတော့မည်။ မင်းတုံးမင်းနဲ့  ငါးခြောက်ပြား ခေါင်းစဉ်ပါ စာရေးဆရာကြီး မြကေတု၏ စာကို ပြန်လည်ဖတ်ရှုမိပါသည်။ ငါးခြောက်ပြား တပြားလေးလောက်ကိုသော်မှ မထိန်းသိမ်းတတ်လျှင် တိုင်းပြည်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ပါမည်နည်း။ ကျနော်တို့ ငယ်စဉ်က (၉) တန်း (၁၀) တန်း မြန်မာစာတွင် ပင်ရင်းစကားပြေ လက်ရွေးစင် စာအုပ်ကို သင်ရပါသည်။ ကဗျာ လက်ရွေးစင်ကိုလည်း သင်ကြားရပါသည်။ မြန်မာစာ တစုံတရာ အဆင့်မြင့်ပါ၏။ ကိုင်းပင်ကြီးက ကျွန်းပင်ကြီးကိုမှီလို့၊ ကျွန်းပင်ကြီးကလဲ ကိုင်းပင်ကြီးကိုမှီလို့ ဟု သြ၀ါဒပေးခဲ့သော န၀တ ဗိုလ်ချုပ်ကြီးမျိုးညွှန့်တို့၏ ခေတ်၊ ရဲစက္ကူ တရားရုံးတွင် သက်သေခံဝင်အောင် စီရင်ထုံးပြုလိုပြု၊ နှစ် (၁၀၀) ကျော် ပြစ်ဒဏ်များ ချလို ချပြီး မတရားစီရင်ထုံးများ ပြဋ္ဌာန်းခဲ့ဖူးသည့် နအဖ တရားသူကြီးချုပ် ဦးအောင်တိုးတို့ ခေတ်ရောက်မှ မြန်မာစာ အောက်တန်းကျသွားတာပါ။ ယခု (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ထဲမှ မြန်မာစာ အရေးအသားမှာလည်း အလွန် ညံ့ဖျင်းပြီး သဒ္ဒါမမှန် စာမမှန် အရေးအသားကိုက ရှေ့နောက် မညီမညွတ် ဖြစ်နေသည်များကို ကြည့်ခြင်းဖြင့်လည်း စာပေမြင့်မားလှချည်လား သြချလောက်စရာပင်။ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာတစ်အုပ်လုံးကို ဖြည့်စွက် ပြင်ဆင် အသစ်ပြဋ္ဌာန်း လာနိုင်ရန် အထူးလိုအပ်ပါသည်။
စာပေမြင့်မှ လူမျိုးတင့်သည်တဲ့။ ဆောင်ပုဒ်ဟာ ဆောင်ပုဒ်သာ ဖြစ်နေပေတော့မည်။ နောက်ချေးသုတ်ခံရမည့် ဆောင်ပုဒ်တွေကလဲ အများသား။ စာအုပ်တိုင်းတွင် မထည့်မနေရ။ ထားပါတော့။ မင်းတုန်းမင်းနဲ့ ငါးခြောက်ပြားအား ထိုစာအုပ်ထဲမှ အလိမ္မာကို သိကြားစေ သက်သေညွှန်းလိုပါသည်။ ငြိမ်းချမ်းရေးကို ဘယ်လိုရယူ ထိန်းသိမ်း စောင့်ရှောက်ပါမည်နည်း။ အသက်မရှိသည့် သံလမ်းရိုး သံချောင်းနှစ်ချောင်းကိုသော်မှ ဒီဝီဇံ တပ်မကြီးများဖြင့် စောင့်ရှောက်ရန် ရည်သန်သည့် ဥာဏ်ကြီးရှင်များ၏ လုပ်စားကိုင်စား ပညာများကို ချီးကျူးထောပနာ ပြုရပါလိမ့်မည်။ မင်းရေးကျယ် လှချည်လား။ ထိုသံချောင်းနှစ်ချောင်းထက် တန်ဖိုးအားဖြင့် အလွန်ကြီးမားလှသည့် ရေနံပိုက်လိုင်းကြီးတွေ၊ ဓါတ်ငွေ့ပိုက်လိုင်းကြီးတွေဆိုလျှင် စစ်လေယဉ်ပျံ အထပ်ထပ်ဖြင့် စောင့်ကြပ်မှာပေါ့ဗျာ။ ဟုတ်ဖူးလားတဲ့။ အလိမ္မာ စာမှာရှိသော်လည်း။ ရွှေညာဏ်တော် စူးရောက်လှပါပေ့။ အလိမ္မာစာမှာ ရှိတဲ့အတိုင်း  ဒို့ကတော့ ဒို့ကတော့။ ငြိမ်းငြိမ်းချမ်းချမ်း လွတ်လပ်ချင်ပါသည်။
မောင်လူပျို (မိသားစုဝိုင်း)
၎ – ၁ – ၂၀၁၃    ARAKAN REVIEW

No Response to "အလိမ္မာ စာမှာ ရှိသော်လည်း"

Leave A Reply