Monday, January 14, 2013

ဗမာ့ထိုးစစ်ချက်ချင်းရပ်တန့်ရန်နှင့် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းခြင်းအား ပြန်လည်သုံးသပ်ရန် အမေရိကန်တွင်ဆန္ဒပြ

Posted on 8:38 PM by tun tun


Written by မိုးဇော်    Monday, 14 January 2013 15:29    PDF Print E-mail
Kachin Alliance2ဗမာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အား အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်တန့်ရန်နှင့် အမေရိကန်မှ ရုပ်သိမ်းသွားသည့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများကို အမေရိကန်အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပေးရန် ဝါရှင်တန်ဒီစီရှိ State Department နှင့် အိမ်ဖြူတော်ရှေ့တွင် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားများက ဇန္နဝါရီလ ၁၃ ရက်နေ့တွင် တောင်းဆိုဆန္ဒခဲ့ကြောင်း သိရသည်။
တောင်းဆိုဆန္ဒပြခြင်းနှင့်ပတ်သက်၍ " မြန်မာနိုင်ငံဟာ ဘာအပြောင်းအလဲမှမရှိသေးဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်အစိုးရလက်ထက် အတိုင်းပဲရှိသေးတယ်။ ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ် ရပ်စဲတာကနေ ပေါက်ဖွားလာတာမဟုတ်ဘူးဆိုတာ ဖေါ်ပြနေတာပဲ။ ဘာကြောင့်လည်းဆိုတော့ ကချင်တွေက ၁၇ နှစ်တိုင် အပစ်အခတ်ရပ်စဲခဲ့တယ်။ ဒါပေမယ့် မငြိမ်းချမ်းခဲ့ဘူး။ အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မှသာလျှင် အမှန်တကယ်ငြိမ်းချမ်းရေးရမှာ ဖြစ်တယ်။ " ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကချင်အမျိုးသား ကိုခွန်ဆံက ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တောင်းဆိုဆန္ဒပြပွဲတွင်ပါဝင်သူ ချင်းအမျိုးသားခေါင်းဆောင် ဦးထောင်စံလျှံကလည်း " ကချင်အရေးနဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် ဒါဟာတိုင်းရင်းသား အရေးဖြစ်တယ်။ ဘာကြောင်းလည်းဆိုတော့ မြန်မာပြည်မှာ ဗမာလူမျိုးတစ်ခုတည်း ရှိနေတာ မဟုတ်ဘူး။ တိုင်းရင်းသားအားလုံး စုစည်းတည်ဆောက်ထားတဲ့နိုင်ငံဖြစ်တယ်။ တိုင်းသားလူမျိုးဖြစ်တဲ့ ကချင်လူမျိုးကို မျိုးတုံးအောင် နည်းမျိုးစုံနဲ့ တိုက်ခိုက်တယ်သတ်ဖြတ်တယ်။ တိုက်လေယဉ်တွေနဲ့ ဗုံးကြဲတယ်။ ဒါနဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် အကြိမ်ပေါင်း ၁၉၃ ကြိမ်ရှိနေပြီ ဒါဟာလူမျိုးတုန်း သတ်ဖြတ်တိုက်ခိုက်မှုဆိုတာ ပေါ်လွင်နေတယ်။ တစ်ဖက်က ငြိမ်းချမ်းရေးပြောပေမယ့် တစ်ဖက်က စစ်ရေးအရ ဒီလိုလုပ်နေတာဟာ ပြည်ထောင်စုကို တည်ဆောက်ချင်တဲ့ ပုံစံမဟုတ်ဘဲနဲ့ ပြည်ထာင်စုကိုဖြိုခွဲချင်တဲ့ ပုံစံဆိုတာ ပေါ်လွင်နေတယ်။ " ဟု ပြောဆိုခဲ့သည်။
" ကျနော်တို့ရခိုင်တွေလည်း ကချင်လူမျိုးတွေနဲ့ထပ်တူ ခံစားရတယ်ဆိုတာ သိစေချင်လို့ အခုလိုလာရောက်ပြီး ဆန္ဒထုတ်ဖေါ်ရတာဖြစ်ပါတယ်။ ပြီးတော့ ဗမာ့နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေလို သဘောထားရင် ရေငုံနုတ်ဆိတ်မနေသင့်ဘူး။ ဗမာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အိုအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကချင်လူမျိုးတွေကို လျစ်လျူရှု မထားကြဖို့ တိုက်တွန်းလိုပါတယ်။ " ဟု ဆန္ဒပြရာတွင်ပါဝင်သူ ရခိုင်အမျိုးသားကိုခိုင်ဘခင်ကလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
Demostration in usa 1
အမေရိကန် အိမ်ဖြူတော်ရှေ့တွင် မြန်မာများသွားရောက် ဆန္ဒပြနေကြစဉ်
အဆိုပါ ဆန္ဒပြပွဲတွင် မြန်မာတိုင်းရင်းသား ၄၀၀ နီးပါးခန့် ပူးပေါင်းပါဝင်ခဲ့ကြပြီး ဗမာ့ထိုးစစ်ချက်ချင်း ရပ်တန့်ရေးနှင့် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းခြင်းအား ပြန်လည်သုံးသပ်ပေးရန် အမေရိကန်ပြည် ထောင်စုအစိုးရထံ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။  ARAKAN TIME

No Response to "ဗမာ့ထိုးစစ်ချက်ချင်းရပ်တန့်ရန်နှင့် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းခြင်းအား ပြန်လည်သုံးသပ်ရန် အမေရိကန်တွင်ဆန္ဒပြ "

Leave A Reply