Friday, January 18, 2013

ရခိုင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကို ရဲတွေက စော်ကား

Posted on 8:32 PM by tun tun


မောင်ရမ္မာ
ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရသေ့တောင် မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင် တချို့က စော်ကားမူတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Rathidaung
အဲသလို စော်ကား ခံခဲ့ရတဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ရပ်တန့်ပြီး စစ်တွေကို ပြန်သွားကြရတယ်လို့ ရသေ့တောင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောဆိုပါတယ်။
စစ်တွေမြို့ရဲ့ မြောက်ဘက် မိုင် (၂၀) အကွာမှာ တည်ရှိတဲ့  ရသေ့တောင်မြို့မှာ အစိုးရရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ မပြေမလည် ဖြစ်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ကိစ္စတွေကို စစ်ဆေးဖို့ လာရောက်စဉ်မှာ ရဲတွေက အားမနာမူတွေနဲ့ အတူ စော်ကားမူတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန္န၀ါရီလ ၁၇ ရက်နေ့က ဦးဖိုးမင်း ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ခရုချောင်း ကျေးရွာမှာ စည်ပင် က တူးဖေါ်ထားတဲ့ သောက်ရေကန်ကို သွားရောက် စစ်ဆေးဖို့ အတွက် ရဲတွေကို လုံခြုံရေး ခေါ်ရာမှာ ရဲတွေက လုံခြုံရေး ထည့်ပေးလိုတဲ့ ဆန္ဒ မရှိတာကြောင့် ပြဿာနာ စတက်ခဲ့တယ်လို့ ပြောပါတယ်။
ဦးဖိုးမင်း ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားတွေဟာ လုံခြုံရေး မရှိဘဲ ခရုချောင်းကို စက်လှေနဲ့ ခရီးထွက်စဉ်မှာ ရသေ့တောင်ချောင်းဝကို ရောက်ပြီးမှ လုံခြုံရေး ထည့်ပေးမယ်လို့ ရဲက ဖုံးဆက် အကြောင်းကြားလာတဲ့ အတွက် စက်လှေကို ရသေ့တောင်ဆိပ်ကမ်းကို ပြန်လှည့်လာခဲ့ပေမယ့် ဆိပ်ကမ်းမှာ လုံခြုံရေး လိုက်ပါမယ့် ရဲတွေကို တစ်နာရီ ကျော်ကြာအောင် စောင့်နေခဲ့ရတယ်လို့ ဆိုပါတယ်။
ရောက်ရှိလာတဲ့ အခါမှာလည်း ရဲသား (၂) ဦးသာ ပါရှိလာတယ်လို့ ဆိုပါတယ်။ ခုလို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက ရဲလုံခြုံရေး တပ်သားတွေကို အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့မှာ ပါဝင်တဲ့ တပ်မတော် လွှတ်တော် ကိုယ်စားလှယ်က “ မင်းတို့ မလိုက်ချင်ရင်နေခဲ့။ ခုလို လုပ်တာက မကောင်းဘူး” လို့ ပြောဆိုခဲ့တဲ့ အတွက် ရဲသား (၂) ဦးက မကျေမနပ် ဖြစ်သွားတယ်လို့ ဆိုပါတယ်။
အဲသလိုနဲ့ ခရုချောင်း ကျေးရွာကို အသွား လမ်းတ၀က်  ကျောက်တန်း ကျေးရွာကို ရောက်စဉ်မှာ နောက်ထပ် ရဲသား (၂) ဦးကို လုံခြုံရေး အတွက် အားဖြည့်ပေးခဲ့ပေမယ့် တစ်ဦးမှာ လက်နက် မပါဘူးလို့ ဆိုပါတယ်။
ခရုချောင်းကျေးရွာဟာ နယ်စွန် နယ်ဖျားမှာ တည်ရှိတဲ့ ကျေးရွာ ဖြစ်တဲ့ အတွက် လုံခြုံရေး လိုအပ်တာကြောင့် တပ်မတော် လွှတ်တော် ကိုယ်စားလှယ်က ရဲစခန်းထိ တက်ရောက် ပြောကြားမှ ကျန်ရဲသား တစ်ဦးကို လက်နက် ထုတ်ပေးတယ်လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဟာ ခရုချောင်းကနေ ပြန်လာပြီး နောက်တစ်နေရာ တစ်ခု ဖြစ်တဲ့ ခမောင်းတုန်း ကျေးရွာ သောက်ရေကန်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက အပြီး ရသေ့တောင်မြို့ပေါ် ပြန်ရောက်လာခဲ့ပြီး ထမင်းဆိုင် တစ်ခုမှာ ရှိနေစဉ်  ရသေ့တောင်မြို့နယ် ရဲမှူးက  “ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို စော်ကားသလို လက်နက်တွေကို စစ်ဆေးပိုင်ခွင့် မရှိဘဲ စစ်ဆေးခဲ့တယ်″ လို့ စွပ်စွဲ ပြောဆိုတဲ့ အတွက် တပ်မတော် လွှတ်တော် ကိုယ်စားလှယ်နဲ့ ရဲ မြို့နယ်မှူး ဦးသန်းအောင် အကြားမှာ စကား အကြီးအကျယ် များခဲ့ကြတယ်လို့ ဆိုပါတယ်။
ခုလို စကားများပြီး ပြဿနာ ဖြစ်မှာကို စိုးရိမ်တဲ့ အတွက် ဦးဖိုးမင်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ တည်းခိုနေရာ ဗိုလ်တဲကို ပြန်စဉ် ရဲတပ်သား (၃) ဦးက နောက်က လိုက်ပြီး “ လွှတ်တော်ကိုယ်စားလှယ် ဘာကိုယ်စားလှယ်တွေလဲ ။ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာအကောင်တွေလည်း”  စသဖြင့် အော်ဟစ်ပြီး နောက်က လိုက်လာကာ စော်ကားခဲ့ကြတယ်လို့ ဆိုပါတယ်။
ခုလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ စော်ကားတာတွေကြောင့် နောက်ထပ် ခရီးထွက်ရင် ပြဿနာ ပေါ်နိုင်တဲ့ အတွက် ဦးဖိုးမင်း ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လုပ်ငန်းတွေကို ရပ်တန့်ပြီး ရသေ့တောင်ကနေ စစ်တွေကို ဇန္န၀ါရီလ ၁၈ ရက်နေ့ မနက်က အမြန်ရေယာဉ် တစ်စီးနဲ့ ပြန်ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရဲတွေရဲ့ ပြုမူ ဆက်ဆံပုံတွေကို ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကို တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ရဲတွေ အားမနာ လုပ်ခြင်းကို ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ထဲမှာ  ဦဖိုးမင်း၊ ဦးထွန်းလှိုင်၊ ဦးလှမောင်သိန်း၊ တပ်မတော်မှ ကိုယ်စားလှယ်တစ်ဦးနဲ့ ဥပဒေပြုအဖွဲ့မှ  ဦးသာကျော်တို့ ပါဝင်ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရသေ့တောင် ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ သူတို့ သဘောနဲ့သူတို့ စစ်တွေကို ပြန်တာ ဖြစ်ပြီး ရဲတွေက နှောင့် ယှက်တာ တစ်စုံတစ်ရာ မရှိဘူးလို့ ပြောဆိုပါတယ်။    NARINJARA

No Response to "ရခိုင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကို ရဲတွေက စော်ကား"

Leave A Reply