ရခိုင်ပြည် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်း တည်ဆောက်နေသော CNPC ကုမ္ပဏီအား ဒေသခံများ ဆန္ဒပြခွင့်ကို ကျောက်ဖြူမြို့ ရဲတပ်ဖွဲ့မှူးရုံးတွင် ဒုတိယအကြိမ် ထပ်မံတင်ခဲ့ရာ ပယ်ချခဲ့သဖြင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အယူခံဝင်ကာ ခွင့်ပြုချက်တင်သွားမည်ဖြစ်ပြီး အကယ်၍ ခွင့်ပြုချက် မကျခဲ့လျှင်လည်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ ဥက္ကဌ ကိုထွန်းကြည်မှ ဧပြီလ ၄ ရက်နေ့က Arakan Times သို့ ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ၁၂ လပိုင်း ၂၁ ရက်နေ့က တွေ့ရသော CNPC ကုမ္ပဏီမှ လုပ်ဆောင်မှုများကို မြင်ရစဉ်၂၀၁၁ ခုနှစ် ၁၂ လပိုင်း ၂၁ ရက်နေ့က တွေ့ရသော CNPC ကုမ္ပဏီမှ လုပ်ဆောင်မှုများကို မြင်ရစဉ်
" ကျောက်ဖြူမှာ ဆန္ဒပြခွင့်တင်တာ မတ်လ ၂၉ ရက်နေ့က ပယ်ချခဲ့တယ်၊ ဧပြီလ ၅ ရက်နေ့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အယူခံဝင်ပြီး ဧပြီလ ၁၁ ရက်နေ့ကို ဆန္ဒပြခွင့်တင်မယ်၊ ကျနော်တို့ကတော့ ခွင့်ပြုချက် မကျဘူးလို့ဘဲ ခန့်မှန်းထားပါတယ်။ တကယ်လို့ ဆန္ဒပြခွင့် သတ်မှတ်ထားတဲ့ရက်မှာ မကျခဲ့ဘူးဆိုရင် ကျကျမကျကျ ကျနော်တို့ စီစဉ်ထားတဲ့အတိုင်း ဆန္ဒထုတ်ဖော်မယ်။ စီတန်းလှည့်လည်ပါမယ်။ " ဟု ကိုထွန်းကြည်က ပြောသည်။
ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ (က)ကျောက်ဖြူမြို့နယ်တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း၊ (ခ) ဖွဲ့စည်းပုံ အခြေထံဥပဒေပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရှိသည့် ဒေသဖြစ်ခြင်း၊ (ဂ)တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ပျက်ပြားနိုင်ခြင်း၊ အခြားမလိုလားအပ်သော ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွါးလာနိုင်ခြင်းနှင့် မသမာသူများမှ ၀င်ရောက် သွေးဆောင်လှုံဆော်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းဆိုသည့် အချက်များဖြင့် မတ်လ ၂၉ ရက်နေ့က ငြင်းပယ်ခဲ့ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၉ အရ အယူခံဝင်နိုင်ကြောင်း သိရသည်။
CNPC ကုမ္ပဏီအား ဒေသခံများမှ ဆန္ဒပြရန် ၂၀၁၂ ဒီဇင်ဘာလတွင် တစ်ကြိမ် ခွင့်ပြုချက်တင်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တောင်းဆိုချက်များကို လိုက်လျှောပေးမည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိအခြေအနေထိ ထူးခြားမှုမရှိသေးသဖြင့် ကုမ္ပဏီအားဆန္ဒပြရန် ဒုတိယအကြိမ် ထပ်မံဆန္ဒထုတ်ဖော်ခွင့် တင်ကြောင်း သိရသည်။
" CNPC ကုပ္မဏီက တောင်းဆိုချက်တွေကို လိုက်လျှော့တယ်လို့ ပြောပေမယ့် ပါးစပ်ကပဲ လိုက်လျှော့ပေးပါတယ်။ လက်တွေ့မှာ အကောင်းအထည် မဖေါ်ပေးပါဘူး။ အဓိက ကျနော်တော့က ရွာထဲပတ်လမ်းကို ကျနော်တို့နဲ့ CNPC နဲ့ ဆွေးနွေးတိုင်ပင်တဲ့အခါမှာ သူတို့က သိန်း တစ်ထောင်နဲ့ လုပ်ဖို့ဆိုပြီးတော့ ဆင်းလာပါတယ်။ လမ်းမှာ ပါသွားတဲ့ လယ်ကွက်တွေအတွက် ဒေသခံတွေက အနစ်နာခံရမယ်။ အိမ်တွေပါသွားရင်လည်း ဒေသကလူတွေခံရမယ်။ သီးပင်စားပင်များ ပါသွားရင်လည်း ဒေသခံတွေက ခံရမယ်လို့ ကျနော်တို့ကို အကြောင်းပြန်ပါတယ်။ လယ်ကွက်တွေ ပါသွားမယ်၊ အိမ်တွေကိုလည်း ရွှေ့ပြောင်းရမယ်ဆိုတော့ ဒါကို ကျနော်တို့က လက်မခံပါ။ " ဟု ကိုထွန်းကြည်က ပြောသည်။
အင်္ကျီအရှေ့တွင် မြဒေးကျွန်းဒေသခံများဟု ရေးထိုးထားပြီး နောက်ကျောတွင်တော့ CNPC အလိုမရှိဆိုသော CNPC ကြက်ခြေခတ် တံဆိပ်ကို ရိုက်နှိပ်ထားသော တူညီသော တီရှပ်အကျီ င်္ဝတ်ဆင်ကာ အမျိုးသား ၂၀၀ ခန့်နှင့် အမျိုးသမီး ၅၀ ခန့် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။
CNPC ကုမ္ပဏီမှ ရေနံသိုလှောင်ရန် တိုင်ကီများဆောက်လုပ်ဖို့အတွက် တောင်များကိုဖြိုခွဲနေစဉ်CNPC ကုမ္ပဏီမှ ရေနံသိုလှောင်ရန် တိုင်ကီများဆောက်လုပ်ဖို့အတွက် တောင်များကိုဖြိုခွဲနေစဉ်
မဒေးကျွန်း ဒေသခံများ ဆန္ဒပြတောင်းဆိုရန် တင်ထားသော အချက်များမှာ သိမ်းဆည်းခံရသော လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျှော်ရေး၊ မဒေးကျွန်း ဒေသဆိပ်ကမ်းမှ (ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိန်ဆည်) ဆက်သွယ်ရေး လမ်းကြောင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပေးရေး၊ အလုပ်သမားကဒ် ရရှိပြီးသူ ဒေသခံများ အလုပ်အကိုင်ရရှိရေး၊ လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းရရှိရေး၊ မဒေးကျွန်း လူနေအိမ်များနှင့် အဆောက်အဦးများတွင် လျှပ်စစ်မီးရရှိရေး၊ ဒေသခံများ လုံခြုံမှု ရှိစေရန် လူစိမ်းအလုပ်သမားများကို စီစစ်ဆောင်ရွက်ရေး၊ ကျွန်းပတ်လည် ငါးဖမ်းကွက်များတွင် လွပ်လပ်စွာ ငါးဖမ်းလုပ်ကိုင်ခွင့်ရရှိရေး၊ မဒေးကျွန်းပေါ်ရှိ မြေလွတ်မြေရိုင်း၊ မည်သည့်နေရာဒေသကိုမှ ကျွန်းသူ၊ ကျွန်းသားမသိဘဲ သိမ်းယူလုပ်ကိုင်ခွင့်မပြုရ၊ လယ်ယာမြေအသစ် ဖော်ထုတ်ပေးရေးအဖြစ် ကျောက်တန်းကာရီကို အသစ်ပြန်လည်တည်ဆောက်ရေး၊ ယခုလက်ရှိဖြစ်ပေါ်နစ်နာနေသော လယ်ပိုင်ရှင်၊ ဥယျာဉ်ခြံမြေပိုင်ရှင်များကို ထိုက်တန်သော လျှော်ကြေးပေးရေး အချက်များဖြစ်ကြောင်း သိရသည်။  ARAKAN TIMES