Saturday, April 6, 2013
တာအိုဝါဒ
Posted on 7:00 PM by tun tun
- Category: ဆောင်းပါး
- Published on Saturday, 06 April 2013 00:49
- Written by နိုင်ဦး (ဒဿနိကဗေဒ)
အစဉ်အလာ ယုံကြည်မှုအစွဲနှင့် ဆင်ခြင်ခြင်း၏ အပြစ်အနာအဆာတို့ကို ရှာကြံ၍ ဝေဖန်ရာ၌ တာအို ဝါဒီတို့သည် အခြားအရှေ့တိုင်းအတွေးအခေါ် ဂိုဏ်းများထက်ပို၍ လက်ဝါးစောင်းထက်၏။ လူသား၏ ဆင်ခြင်သိဖြင့် တာအိုကို ဘယ်တော့မှ နားမလည်နိုင်ဟု တာအိုဝါဒီတို့က ယုံကြည်ထား၏။ တာအို ပညာရှင် ချောင်ဇူးအဆိုအရ အလွန်အမင်း ချဲ့ကားထားသည့် အသိပညာဖြင့် တာအိုကို ဖမ်းဆုပ်၍ မရ။ တာအို၌ ဆင်ခြင်ခြင်းသည် လူကို အသိကြွယ်လိမ့်မည်မဟုတ်။ ထို့ကြောင့် တာအိုရဟန်းတို့သည် ဆင်ခြင်နည်းစနစ်တို့ကို ပစ်ပယ်ခဲ့ခြင်း ဖြစ်၏။ သို့အတွက်ကြောင့်ပင် ချောင်ဇူးရေးသားပြုစုခဲ့သည့် စာအုပ်၌ ဆင်ခြင်းခြင်းနှင့် ဆွေးနွေးငြင်းခုံမှုတို့ကို ပြက်ရယ်ပြုထားသည့် အကြောင်းအရာများဖြင့် ပြည့်နေခြင်း ဖြစ်သည်။ ချောင်ဇူးက 'ခွေးကို မြင့်မြတ်သည်ဟု မယူဆ၊ အဘယ်ကြောင့်ဆိုသော် ခွေးသည် ကိုက်တတ်သောကြောင့် ဖြစ်၏။ လူတစ်ဦးကို ပညာရှိဟု မမှတ်ယူနှင့်၊ အဘယ်ကြောင့်ဆို သော် ထိုသူသည် ကျွမ်းကျင်ပါးနပ်စွာ စကားပြောတတ်သောကြောင့်ဖြစ်၏။ လူမှုရေးကျင့်ဝတ်၊ ကိုယ် ကျင့်တရားတို့ကိုပင် ယုတ္တိနည်းကျဆင်ခြင်နည်းသည်လည်း လူတို့ကြံဆထားသည့် အရာသာဖြစ် သည်' ဟုဖော်ပြထား၏။
တာအိုဝါဒီတို့သည် လောကီရေးရာတို့၌ စိတ်ဝင်စားခြင်း မရှိသော်လည်း တာအို၏ အမူအကျင့်နှင့် သဘောသဘာဝကို သိမြင်ရေးအတွက် သဘာဝတရားကို စူးစိုက်လေ့လာတတ်ကြ၏။ တာအို အယူ အဆတချို့သည် နီးနီးစပ်စပ် တူညီမှုရှိသော်လည်း ခွဲခြမ်းစိတ်ဖြာစစ်ဆေးနည်းနှင့် ဆင်ခြင်ခြင်းကို အယုံအကြည် မရှိသည့်အတွက် တာအိုဝါဒ၌ သိပ္ပံပညာကဲ့သို့ သီအိုရီများ မတွေ့ရခြင်း ဖြစ်သည်။
မည်သို့ဆိုစေ ရုတ်တရက် သိမြင်သော အသိ၌ အခြေခံကာ သဘာဝဓမ္မကို စူးစမ်းရှာဖွေထားသည့် တာအိုဝါဒီတို့၏ သိမြင်မှုတို့သည် မော်ဒန်ရူပဗေဒမှ ရရှိထားသည့် အတွေ့အကြုံများနှင့် များစွာတူညီ ခြင်းလည်း ရှိ၏။ တာအိုဝါဒီတို့၏ အရေးပါသည့် ထိုးထွင်းသိမြင်မှုများစွာအနက် တစ်ခုမှာပြောင်းလဲ ခြင်း ဖြစ်သည်။ ပြောင်းလဲခြင်းသည် အခြေခံ သဘာဝဓမ္မ လက္ခဏာတစ်ခုကို သဘောပေါက် နားလည်ခြင်းလည်း ဖြစ်သည်။
ရှင်သန်လှုပ်ရှားနေသည့် သဘာဝဓမ္မကို လေ့လာရာမှ သိမြင်လာသော ပြောင်းလဲခြင်းကို ချောင်ဇူးက အရာဝတ္ထုအားလုံး၏ ကြီးထွားမှုနှင့် ပြောင်းလဲခြင်းအတွက် အဖူးအညှောက်နှင့် လက္ခဏာရပ်တိုင်း သင့်ရာသင့်ရာ ပုံသဏ္ဌာန်တို့ ရှိကြ၏။ ထိုအတွင်း၌ပင် တရွေ့ရွေ့ရင့်မာမှုနှင့် ပျက်စီးခြင်းတို့ ရှိကြပြန် ၏။ သဘာဝဓမ္မ၏ ပြောင်းလဲမှုတို့သည် ယင် နှင့် ယန် ဆန့်ကျင်ဘက်အစွန်းတို့၏ အပြန်အလှန် တွန်းထိုးနေသည့် အခြေအနေမှ အသွင်သဏ္ဌာန်များ ဖြစ်၏။ ထို့ကြောင့် မည်သည့် ဆန့်ကျင်ဘက် အစုံ၌ ဖြစ်စေ တစ်ခုနှင့်တစ်ခု အပြန်အလှန် လှုပ်ရှားဆက်နွှယ်နေသည့် အခြေအနေများ တစ်ရပ်ပြီး တစ်ရပ် ရှိနေခြင်း ဖြစ်သည်ဟု ဆိုခဲ့၏။
အမှန်အားဖြင့် ဆန့်ကျင်ဘက်တို့ သွယ်ဝိုက်စွာ ပေါင်းစည်းနေသည်ဟူသော အယူအဆကို အနောက် တိုင်းသားတို့ လက်ခံရန်များစွာခက်ခဲလိမ့်မည် ထင်သည်။ အကြောင်းမှာ အနောက်တိုင်းသားတို့၏ ခွဲခြမ်းစိတ်ဖြာ စိစစ်နည်းနှင့် ယုတ္တိဗေဒသည် ထိုအယူအဆကို အပြင်းအထန် ငြင်းဆန်ခုခံနေသည့် အတွက် ဖြစ်၏။ တစ်နည်းဆိုသော် ဆန့်ကျင်နေသည့် အတွေ့အကြုံနှင့် တန်ဖိုးတို့သည် တူညီသည့် အရာ မျက်နှာပြင်နှစ်ဖက် ဖြစ်သည်ဆိုသောအချက်က အနောက်တိုင်းသားတစ်ဦးအတွက် ပြဿနာ ဖြစ်နေဟန်တူ၏။ ထို့ကြောင့်ပင် ချောင်ဇူးက ဤအရာသည် ထိုအရာဖြစ်ကာ၊ ထိုအရာသည်ပင် ဤအရာဖြစ်၏။ 'ဤ' နှင့် 'ထို' ဟူသော ဆန့်ကျင်ဘက်တို့ ပြတ်စဲသွားခြင်းသည် တာအို၏ အနှစ်သာရ ပင်ဖြစ်၏။ ဝင်ရိုးနှင့် တူသည့် ထိုအနှစ်သာရသည် စဉ်ဆက်မပြတ် ပြောင်းလဲမှုတို့ကို ဖြစ်ပေါ်စေသော ဗဟိုချက်လည်း ဖြစ်သည်ဟု ရေးသားခဲ့ခြင်း ဖြစ်၏။
ထိုဖွင့်ဆိုချက်မှတစ်ဆင့် တာအိုဝါဒီတို့က လူ့အပြုအမူဆိုင်ရာ အခြေခံဥပဒေသ နှစ်ခုကိုထုတ်ယူပြခဲ့ ၏။ အကြင်သူတစ်ဦးသည် မည်သည့်အရာကို အလိုရှိသည်ဖြစ်စေ ထိုသူသည်ယင်း၏ ဆန့်ကျင်ဘက် မှအစပြုရလိမ့်မည် ဆို၏။ ဥပမာ ရယူရန်အလို့ငှာ ဦးစွာပေးကမ်းရလိမ့်မည် ဖြစ်၏။ ကြီးထွားရန်အလို့ ငှာ ဦးစွာသေးငယ်ရလိမ့်မည် ဖြစ်၏။ ထိုနည်းတူစွာ တစ်ခုခုကိုထိန်းသိမ်းထားလိုလျှင် ယင်း၏ ဆန့်ကျင့်ဘက်ကိုလည်း လက်ခံသင့်ကြောင်း၊ ဥပမာ ဗလာကျင်းထားပါ။ သင့်၌ ပြည့်လျှံလာပါလိမ့် မည်။ ညွတ်ပျောင်းပါ ဖြောင့်တန်းလာပါလိမ့်မည် စသဖြင့် ဆန့်ကျင်ဘက်တို့၏ သဘာဝကိုလှပစွာ တင်ပြထား၏။ ထိုအခြေအနေသည် အမြင့်ဆုံးအဆင့် ရောက်ရှိသွားသည့် တာအိုရဟန်း၏ ဘဝအမြင် တစ်ရပ်လည်းဖြစ်၏။ တာအိုဝါဒီတို့၏ ပြောင်းလဲခြင်းဆိုင်ရာ အယူအဆကို ဖော်ပြရာတွင်အရေးပါ သော အချက်တစ်ချက်မှာ ပြောင်းလဲခြင်းသည် အချို့သောအင်အားစုတို့၏ အကျိုးဆက်အဖြစ် တည် ရှိနေသည်မဟုတ်ဘဲ အခြေအနေအရပ်ရပ်အတွင်း၌ပင် ဗီဇအားဖြင့် တည်ရှိနေသည့် ကိုင်းညွတ်မှု သို့မဟုတ် လားရာသဘော ဖြစ်သည်။ သို့သော် ထိုကိုင်းညွတ်မှုအပေါ် တာအို၏လှုပ်ရှားမှုတို့သည် အဓမ္မဖြစ်စေသည့် သဘောမဟုတ် သဘာဝကျကျ အလိုအလျောက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ အလိုအလျောက်သဘောသည် လှုပ်ရှားမှုနှင့်ဆိုင်သည့် တာအို၏ စည်းမျဉ်းလည်း ဖြစ်သည်။ ထို့အပြင် လူသားအပြုအမူများအား တာအို၏စီမံခန့်ခွဲမှုပေါ်၌ အခြေပြုထားသည့်အတွက် အလိုအလျောက် သဘောသည် လူ့အပြုအမူအားလုံး၏ လက္ခဏာတစ်ခု ဖြစ်သင့်သည်ဟုလည်း ဆို၏။ တာအိုဝါဒီတို့ အတွက် သဘာဝနှင့်ညီညွတ်စွာ ပြုမူနေထိုင်ခြင်းဆိုသည်မှာ လူတစ်ဦး၏မှန်ကန်သည့် သဘာဝအရ အလိုအလျောက်ပြုမူခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် လူတစ်ဦး၏ ထိုးထွင်းသိမြင်သော အသိပညာကိုအားထားယုံကြည်လျက် ထိုအသိ ပညာသည်လည်း အဖြစ်အပျက်များအတွင်း ဗီဇအားဖြင့်ရှိနေသည့် ပြောင်းလဲခြင်းဥပဒေများကဲ့သို့ လူ့စိတ်အတွင်း တည်ရှိနေသည့်အရာလည်း ဖြစ်၏။ ထို့အတွက်ကြောင့်ပင် တာအိုရဟန်းတို့သည် ထိုးထွင်းသိမြင်မှုရရှိသည့် အသိပညာဖြင့် နေထိုင်ကျင့်ကြံကာ ပတ်ဝန်းကျင်ကို ညီညွတ်စွာ လက်ခံ လေ့ရှိ၏။
ပညာရှင် ဟိုင်နန်ဇူး၏ အဆိုအရ သဘာဝအစီအမံအတိုင်း လိုက်ပါနေသူသည် တာအိုစီးကြောင်း အတွင်း မျောပါနေခြင်း ဖြစ်၏။ ထိုကဲ့သို့ အပြုအမူကို တာအိုဝါဒီတို့က 'ဝူဆိုင်း' ဟု ဆို၏။ အဓိပ္ပာယ် မှာ မလှုပ်မရှားခြင်း ဖြစ်သည်။ ချောင်ဇူး၏ အဆိုအရ မလှုပ်မရှားခြင်း ဆိုသည်မှာ ဘာမျှမလုပ်ဟု ဆိုလိုသည် မဟုတ်။ တိတ်ဆိတ်စွာနေခြင်းလည်း မဟုတ်။ အရာရာတိုင်းကို သဘာဝအရ ခွင့်ပြုလိုက် ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အကြင်သူတစ်ဦးသည် သဘာဝနှင့် ဆန့်ကျင်နေသည့် အပြုအမူတို့ ကို ရှောင်ကြဉ်မည်ဆိုလျှင် တာအိုနှင့် ညီညွတ်လျက် ထိုသူ၏အပြုအမူသည်လည်း အောင်မြင်လိမ့် မည်ဆို၏။
ထိုသဘောကိုပင် ချောင်ဇူးကမလှုပ်မရှားခြင်းဖြင့် အရာရာကိုပြုလုပ်နိုင်သည်ဟု ဖွင့်ဆိုခဲ့၏။ ယင်နှင့် ယန်၏ ခြားနားမှုသည် တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုသမိုင်းတစ်လျှောက် အခြေခံစည်းမျဉ်းတစ်ခု ဖြစ်ရုံသာမက တရုတ်အတွေးအခေါ်ဂိုဏ်းကြီး နှစ်ဂိုဏ်း၏ကြေးမုံအသွင်လည်း ဖြစ်၏။ ကွန်ဖြူးရှပ်ဝါဒ သည် တက်ကြွခြင်း၊ လှုပ်ရှားခြင်း၊ ဆင်ခြင်ခြင်းစသည့် အဖိုသဘောဆောင်သော ယန်ကို ကိုယ်စားပြု ကာ တာအိုဝါဒသည် ငြိမ်သက်လေးနက်ခြင်း၊ ကွေးညွတ်ပျော့ပျောင်းခြင်း၊ ထွင်းဖောက်သိမြင်ခြင်းစ သည့် အမသဘောဆောင်သော ယင်ကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။ တာအိုဝါဒီတို့ ကိုယ်တိုင်က လည်း လူ့သဘာဝကို ယင်နှင့် ယန်ဖြင့် သဘာဝဟန်ချက်အား ထိန်းသိမ်းနိုင်သည်ဟု ယုံကြည်ထား ကြ၏။ .maukkha.org
Subscribe to:
Post Comments (Atom)
No Response to "တာအိုဝါဒ"
Leave A Reply