Saturday, April 6, 2013

ရခိုင်စာ သင်ရိုး မူကြမ်း ဧပြီ ၇ ရက်နေ့ အပြီးသတ်မည်

Posted on 6:56 PM by tun tun

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စစ်တွေ(မဇ္ဈိမ)။   ။ ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေးကော်မတီ၏ သင်ရိုးမူကြမ်းအားလုံးကို ဧပြီလ ၇ ရက်နေ့တွင် အပြီးသတ်တော့မည်ဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူများက ပြောသည်။

ပထမအကြိမ် သူငယ်တန်းအတွက် ရခိုင်စာ သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းကို မတ်လ ၆ ရက်မှ ၉ ရက်နေ့အထိ အပြီးသတ်ခဲ့ပြီးသည့်နောက် ယခု ဒုတိယအကြိမ် သင်ရိုးဆိုင်ရာ ဆွေးနွေးခြင်းဆိုင်ရာ အစည်းအဝေးကို ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ် ဥပဒေချုပ်ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

“ပထမအကြိမ် ဆွေးနွေးပွဲက ဆွေးနွေးပြုစုပေးလိုက် သူငယ်တန်းတဲ့မူကြမ်းကို မြို့နယ် အသီးသီးသို့ ချပေးထားခဲ့
တယ်။ ချပေးထားတဲ့ အပေါ်မှာ အကြံပြုချက်တွေ ရောက်လာခဲ့တယ်။ အဲဒီ အကြံပြုချက်တွေကို ပြန်လည်
ဆွေးနွေးပြီးတော့ ပထမတန်း၊ ဒုတိယတန်း မူကြမ်းကို ဆက်လက် ဆွေးနွေးသွားမှာဖြစ်တယ်။ သင်ရိုးမူကြမ်းတွေ အားလုံးကိုတော့ ဧပြီ ၇ ရက်နေ့ အပြီးသတ်မှာ ဖြစ်ပါတယ်” ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင် က ပြော
သည်။

ပထမတန်းနှင့် ဒုတိယတန်း မူကြမ်း ရေးဆွဲရာ၌ ကျေးလက်ရိုးရာ တေးကဗျာများ၊ သာခြင်းများ၊ ရခိုင်ရိုးရာပုံပြင်များ၊
 နိုင်ငံတကာ ပုံပြင်များ ပါဝင်မှာ ဖြစ်သလို ရခိုင်သဒ္ဒါ၊ ရခိုင်ဝေါဟာရနှင့် သရသံ ခေါ်ဆိုမှုပိုင်းများကို အသက်အရွယ်
 နှင့် မှတ်ဉာဏ်အပေါ် အခြေခံ၍ ထည့်သွင်းသွားမည်ဟု ဆိုသည်။

သင်ရိုး မူချောများ အားလုံးကိုမူ ဧပြီလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု သိရသည်။

ယခုဆွေးနွေးမှုတွင် ကော်မတီဝင် ၂၇ ဦးအနက် ၁၆ ဦး တက်ရောက်နေပြီး ကျန် ကော်မတီဝင်များမှာ နယ်မှ စစ်တွေသို့ လာရောက်ဆဲဖြစ်ကြောင်း သိရသည်။.mizzimaburmese.com

No Response to "ရခိုင်စာ သင်ရိုး မူကြမ်း ဧပြီ ၇ ရက်နေ့ အပြီးသတ်မည်"

Leave A Reply