Friday, April 5, 2013

ရခိုင်စာပေ သင်ရိုး ညွန်းတမ်း ရေးဆွဲရေး နောက်ဆုံး အဆင့် ဆွေးနွေးပွဲ စစ်တွေတွင် စတင်

Posted on 7:23 PM by tun tun

သတင်း — April 5, 2013 at 6:06 pm


မောင်အေး
မူလတန်း အဆင့် အစိုးရ စာသင်ကျောင်းများတွင်  လာမည့် ပညာရေးနှစ်မှ စတင်ပြီး  ရခိုင်စာပေကို သင်ကြားနိုင်ရေး အတွက် သင် ရိုးညွန်းတမ်း တစ်ခုကို နောက်ဆုံး အဆင့် အပြီးသတ် ရေးဆွဲသွားတော့မည် ဖြစ်သည်။
 မြောက်ဦးခေတ်ထက် စောသော လေးမြို့ခေတ် အက္ခရာများ။
မြောက်ဦးခေတ်ထက် စောသော လေးမြို့ခေတ် အက္ခရာများ။
ထိုသို့ ရေးဆွဲနိုင်ရန် အတွက် စာပေ ပညာရှင်များ ပါဝင်သော ဆွေးနွေးပွဲ တစ်ခုကို  ယနေ့ နံနက်က စတင်ပြီး  ရခိုင်ပြည်နယ် စစ်တွေမြို့ ဥပဒေချုပ်ရုံးတွင် ကျင်းပ ပြုလုပ် နေကြောင်း သိရသည်။
ဆွေးနွေးပွဲမှာ သုံးရက်ကြာမြင့်မည် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဒေသ အလိုက် စကားပြောဆိုရာတွင် ကွဲပြားမှု အနည်းငယ် ရှိနေသော်လည်း ယခုရေး ဆွဲနေ သည့် သင်ရိုးညွန်းတမ်းကို အားလုံး လက်ခံနိုင်သည့် အနေအထားရောက်အောင် စီစဉ် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သင်ရိုးညွန်းတမ်း ရေးဆွဲရေးကော်မီတီ အတွင်းရေးမှူးလည်းဖြစ် စစ်တွေတက္ကသိုလ် မြန်မာစာဌာန လက်ထောက် ကထိကလည်းဖြစ်သည့်  ဆရာ ဇော်ဝင်းနိုင်က နိရဉ္စရာသို့ ပြောသည်။
“အားလုံးလက်ခံနိုင်တဲ့ အနေအထား ရရှိနိုင်ရေးအတွက် ကျွန်တော်တို့ သူငယ်တန်းဖတ်စာ မူကြမ်းတွေကို မြို့နယ် အသီးသီးကို ပို့ထားပါတယ်။ အဲဒီ ပေးပို့ထားတဲ့ မူကြမ်း စာအုပ်တွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို တောင်းခံတဲ့ နေရာမှာ  တချို့ မြို့နယ်တွေက ရောက်လာပြီး တချို့လည်း မရောက်သေးဘူး။ ရောက်ရှိလာတဲ့ အကြံပြုချက်တွေ အပေါ်မှာ ထပ်မံ ဆွေးနွေးပြီး ဒီတစ်ကြိမ်မှာတော့ အပြီးသတ် ရေးဆွဲသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်သင်ရိုးညွန်းတမ်း ရေးဆွဲနိုင်ရေး အတွက် ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမတွင် အစိုးရ တာဝန်ရှိသူများ၊ ရခိုင်သုတေသီများနှင့် စာရေးဆရာများ အစည်းအဝေး တစ်ရပ် စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းအစည်းအဝေးသို့  လူပေါင်း  ၅၀ တက်ရောက်ခဲ့ပြီး   အစည်းအဝေးမှ အဖွဲ့ဝင် ၁၆ ဦးပါ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မီတီတရပ်ကို ဖွဲ့စည်းခဲ့သည်။
မတ်လ ၆ ရက်မှ ၉ ရက်နေ့အထိ  ပထမအဆင့် (သူငယ် တန်း) သင်ရိုး ညွန်းတမ်းကို စတင် ရေးဆွဲခဲ့သည်ဟု ဆိုသည်။
ယခု ရေးဆွဲနေသည့် ရခိုင်သင်ရိုးညွန်းတမ်းကို ရခိုင် မြောက်ဦးခေတ်သုံး အက္ခရာကိုအခြေခံ ရေးဆွဲထားပြီး သူငယ်တန်းမှ ဒုတိယတန်း အထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်ရိုးညွန်းတမ်း ရေးဆွဲရာတွင် အစိုးရဘက်မှ ကူညီဆောက်ရွက်မှု အခြေအနေကိုလည်း ဆရာ ဇော်ဝင်းနိုင်က ယခုကဲ့သို့ ပြောသည်။
“ အစိုးရဘက်ကတော့ ပညာရှင်တွေကို ဖိတ်ကြားပေးပါတယ်။ နေရေး၊ ထိုင်ရေး ၊သွားရေး၊ လာရေးတွေက အစ အဘက်ဘက် က ကူညီပေးပါတယ်” ဟု ပြောသည်။
မြန်မာ စစ်အစိုးရလက်ထက်က လူမှုရေး ဦးတည်ချက် ၄ ရပ်တွင် “အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့် ရှောက်ရေး” ဟု ပါရှိခဲ့သော်လည်း တိုင်းရင်းသားစာပေများ သင်ကြားခွင့်ကိုမူ  တင်းကြပ်စွာ ပိတ်ပင်ထားခဲ့သည်။
ယခု ဦးသိန်းစိန်ဦး ဆောင်သည့် အရပ်သား တစ်ပိုင်း၊ စစ်သား တစ်ပိုင်း  အစိုးရတက်လာချိန်တွင် တိုင်းရင်းသားစာပေ သင်ကြားခွင့် ရလာခြင်းဖြစ်သည်။
ယခုကဲ့သို့ တိုင်းရင်းသားလူမျိုးများ အနေဖြင့် မိမိ စာပေများကို တရားဝင် သင်ကြားခွင့် ရလာသည့် အပေါ် အများက ၀မ်းသာ ကြိုဆို နေကြသည်ဟု သိရသည်။ NARINJARA

No Response to "ရခိုင်စာပေ သင်ရိုး ညွန်းတမ်း ရေးဆွဲရေး နောက်ဆုံး အဆင့် ဆွေးနွေးပွဲ စစ်တွေတွင် စတင်"

Leave A Reply