ရခိုင်လူမျိုးတွေဟာ ကိုယ်ထီးကိုယ့်နန်းနှင့် နေလာခဲ့ပြီး ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းလက်ထက်မှာ ရခိုင်တွေရဲ့ နောက်ဆုံးဘုရင် မြောက်ဦးဘုရင် ကျဆုံးသွားပြီးတော့ ယခုအချိန်ဆို ရခိုင်တွေရဲ့ ထီးနန်းကျဆုံးတာဟာ ၂၂၈ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ထိုသို့ကျဆုံးချိန်မှစ၍ အခုအချိန်ထိ ဗမာပြည်(မြန်မာပြည်)ရဲ့ လက်အောက်မှာရှိနေပြီးတော့ အဲဒီလက်အောက်ကနေ လွတ်မြောက်စေလိုတဲ့အတွက် ရခိုင်တိုင်းရင်းသားများဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးဆိုတဲ့ ရခိုင်အမျိုးသား လူငယ်တွေက ဖွဲ့စည်းတည်ထောင်ထားတဲ့ "ရက္ခိုင့်တပ်မတော်" နဲ့ အာရ်ကန်တိုင်းမ်စ်တို့ အင်တာဗျူးလေးတစ်ခု လုပ်ထားပါတယ်။
ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်၊ လေ့ကျင့်ရေးဌာနမှ 
ကြီးမှူးဖွင့်လှစ်သော အထူးတိုက်ခိုက်ရေးသင်တန်း ဆင်းပွဲအခမ်းအနားကို 
ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပနေစဉ်။ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်၊ လေ့ကျင့်ရေးဌာနမှ ကြီးမှူးဖွင့်လှစ်သော အထူးတိုက်ခိုက်ရေးသင်တန်း ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပနေစဉ်။
ရခိုင်တိုင်းရင်းသားလူမျိုးတွေကို အနီးကပ်စောင့်ရှောက်စေချင်တယ်ဆိုတဲ့ "ရက္ခိုင့်တပ်မတော်" ကို လက်ရှိရခိုင်ပြည်မှာ ဘင်္ဂလီတွေနဲ့ဖြစ်ပွားနေတဲ့ ပဋိပက္ခ အပါအ၀င် ရခိုင်ပြည်ရဲ့ နယ်စပ်လုံးခြုံရေးကို တာဝန်ယူဆောင်ရွက်နေခဲ့တဲ့ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွက်ကဲမှု (နစက)ဌာနချုပ်ကို ဖျက်သိမ်းလိုက်ပြီးတော့ အဲဒီအစား ရဲနဲ့စစ်တပ်တို့ပူးပေါင်ပြီး နယ်စပ်လုံခြုံရေးကို ဆက်လက်ထမ်းရွက်နေတဲ့အကြောင်း၊ နောက်ပြီးတော့ ရခိုင်အမျိုးသားတွေတောင်းဆိုချက်အရ ပေါ်ပေါက်လာတဲ့ ရခိုင်အမျိုးသားပါတီ (ANP) အပေါ်မှာ အမြင်သဘောထားတွေအကြောင်း၊မြန်မာနိုင်ငံရဲ့ ပြုင်ပြင်ပြောင်းလဲရေးမှာ တနိုင်ငံလုံးအတိုင်းအတာထိ လက်ရှိမှာ ဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး(အပစ်အခတ်ရပ်စဲရေး) အကြောင်းများကို အာရ်ကန်တိုင်းမ်စ် သတင်းထောက် မိုးဇော်က အင်တာဗျူးလုပ်ထားပါတယ်။
အာရ်ကန်တိုင်းမ်စ်။ ။ အခုရခိုင်ပြည်မှာ နစကကိုဖျက်သိမ်းလိုက်ပြီဆိုတော့ အဲဒီနေရာမှာစစ်တပ်နဲ့ရဲကို အစားထိုးချထားတာကြောင့် ရခိုင်ပြည်သူတွေအတွက် အဓိက နယ်မြေလုံခြုံရေးမှာ အရင်ကထက်စာရင် လုံခြုံမှုရှိမည်လို့ထင်ပါသလား။ အဲဒီလိုပဲ ခိုးဝင်ဘင်္ဂလီတွေကိုရော တားဆီးနိုင်မယ်လို့ ထင်ပါသလား။
ရက္ခိုင့်တပ်မတော်။ ။ အရင်တုန်းက နစက ဆိုတာရှိခဲ့ပေမယ့် ရခိုင်ပြည်သူတွေအတွက် မှန်ကန်တဲ့လုံခြုံမှုကို ပေးနိုင်ခဲ့တယ်လို့ မတွေ့ခဲ့ရပါဘူး။ ဘယ်တော့မှလည်း ယုံကြည်လက်ခံနိုင်စရာ သက်သေမပြနိုင်ခဲ့ပါဘူး။ နစကတွေ ဘာလုပ်ခဲ့တယ်ဆိုတာကို ရခိုင်ပြည်သူတွေ အကုန်လုံးမြင်ပါတယ်။ တစ်ကမ္ဘာလုံးက လည်းသိပါတယ်။ ခိုးဝင်ဘင်္ဂလီကုလားတွေနဲ့ ပေါင်းပြီးတော့ ကိုယ်ကျိုးစီးပွားရှာစားခဲ့ကြသူတွေပါ။ တိုင်းပြည်တာဝန်ယူတယ်ဆိုပြီး မှတ်ပုံတင်တွေကို လည်းရောင်းစားခဲ့တယ်။ ဂုဏ်သိက္ခာနဲ့ အမျိုးသားရေးကိုလည်း ရောင်းစားခဲ့ကြတယ်။ ခိုးဝင်ဘင်္ဂလီကုလားပဲ ဖြစ်ဖြစ်၊ အိမ်ရှင်ရခိုင်လူမျိုးတွေပဲ ဖြစ်ဖြစ် သူတို့အမြင်မှာ ကြိုက်သလို ယူငင်စားသုံးနိုင်တဲ့ နို့စားနွားတွေလိုပဲ ထင်မြင်ခဲ့ကြပုံနဲ့တူပါတယ်။ ဒီလိုဖြစ်လာအောင်လည်း အပေါ်ကနေကြိုးဆွဲထားခဲ့တာကို လူတိုင်းရိပ်မိကြမှာပါ။ အခုလည်းပဲ သိပ်ပြီးထူးခြားမယ့်ပုံတော့ မမြင်မိပါဘူး။ စပ်ကူးမတ်ကူးကာလ အာဏာလက်ပြောင်း လက်လွှဲလုပ်တုန်းမှာ ရခိုင်လူမျိုးတွေအတွက် လုံခြုံမှုထိခိုက်သွားမှာကိုတော့ သိပ်စိုးရိမ်မိပါတယ်။ ရခိုင်နယ်စပ်အရင်တုန်းကထက် လုံခြုံမှုရှိမလား၊ မရှိဘူးလားဆိုတာကတော့ ရေရာမှုမရှိတဲ့မျှော်လင့်ချက်တစ်ခုပါ။ အတိတ်ကာလက သင်ခန်းစာတွေလည်း အများကြီးရခဲ့ပြီးပါပြီ။ ရခိုင်လူမျိုးတွေအနေနဲ့ကတော့ မိမိကိုယ်ကိုကာကွယ်နိုင်ခြင်းသည်ပင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
အာရ်ကန်တိုင်းမ်စ်။ ။ ရက္ခိုင့်တပ်မတော်အနေနဲ့ ရက္ခိုင့်တပ်မတော်ဟာ ပြည်သူလူထုများအတွက် အမြဲတမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ကျနော်တို့ ကြားသိရတာတွေရှိပါတယ်။ ခိုးဝင်ဘင်္ဂလီတွေကလည်း ရခိုင်ပြည်ထဲမှာ စစ်သင်တန်းတွေလျှို့ဝှက်စွာ သင်ကြားနေတယ်လို့လည်း ကြားသိရပါတယ်။ သူတို့ ခေါင်းဆောင်တွေကလည်း အင်ဒိုနီးရှားမှာ အကြမ်းဖက်တဲ့ နည်းလမ်းတွေကို သွားတောင်းခဲ့တယ်လို့လည်း ကြားသိရပါတယ်။ အဲဒီအတွက်နဲ့ အခုအချိန်အခါမှာ ရခိုင်ပြည်ဟာ တိုင်းတစ်ပါးသားတွေထံမှာ ခြိမ်းခြောက်ခံနေရပါတယ်။ ဒါ့ကြောင့် ရခိုင်ပြည်သူလူထုအတွက် အနီးကပ်စောင့်ဖို့နဲ့ ဘယ်လိုမျိုးကာကွယ်သွားဖို့ဆိုတာကို စဉ်စားထားတာတွေရှိပါသလား။
ရက္ခိုင့်တပ်မတော်။ ။ မှန်ပါတယ်။ ရခိုင်ပြည်သူလူထုကို အနီးကပ် စောင့်ရှောက်ကာကွယ်သွားမယ်ဆိုတာ ရက္ခိုင့်တပ်မတော်ရဲ့ အခြေခံအကျဆုံးသော တာဝန်တွေဖြစ်ပါတယ်။ ဘင်္ဂလီကုလားတွေအနေနဲ့ စစ်ရေးလျှို့ဝှက်ချက်တွေ လုပ်ဆောင်နေတယ်ဆိုတာကိုလည်း သိပါတယ်။ အကြမ်းဖက်သင်တန်းတွေနဲ့ ဆက်စပ်နေတာကိုလည်း ကြားမိပါတယ်။ ဒါပေမယ့် မိမိတို့အနေနဲ့တော့ သတင်းတစ်ခုကြားရတိုင်းမှာ ယုတ္တိရှိ/မရှိ၊ ဟုတ်/မဟုတ် အသေအချာ လေ့လာဆန်းစစ် စုံစမ်းထောက်လှမ်းပြီးတော့မှ ဆုံးဖြတ်လုပ်ကိုင်မှာဖြစ်ပါတယ်။ ဒီအခြေအနေတွေအပေါ်မှာ လိုက်လျောညီထွေဖြစ်မယ့် ကြိုတင်ပြင်ဆင်မှုတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေကို ပြည်သူတွေထံ အသိပေးသင့်တဲ့အချိန်မှာ အသိပေးသွားမှာပါ။
အာရ်ကန်တိုင်းမ်စ်။ ။ အခု လက်ရှိအချိန်မှာ ပြဿနာတွေ ငြိမ်နေပေမယ့်လည်း မကြာမကြာ ပြဿနာတွေ ဖြစ်ပွားလေ့ရှိပါတယ်။ အဲဒီအပေါ်မှာရော ရက္ခိုင့်တပ်မတော်အနေနဲ့ ဘယ်လိုအမြင်သဘောထားတွေ ရှိပါသလဲ။
ရက္ခိုင့်တပ်မတော်။ ။ ဒီဥစ္စာလည်းမှန်ပါတယ်။ ပြဿနာဖြစ်လာတိုင်းမှာ အကြီးအကျယ်ပေါက်ကွဲမှုတွေ ဖြစ်မလာပေမယ့် မကြာခဏဆိုသလို ပြဿနာဖြစ်လာတိုင်း ရခိုင်တွေဟာ အမှည့်ခြွေသလို ခံနေကြရတာပါ။ အမျိုးသားရေးသတိပေါ့လျော့မှု၊ တရားဥပဒေစိုးမိုးမှု အားနည်းမှုတွေကြောင့် ဒီလိုဖြစ်ရတာလို့ မြင်မိပါတယ်။ အခြားတစ်ဖက်မှာ ခိုးဝင်ဘင်္ဂလီကုလားတွေက သူတို့ဆရာကြီးတွေ ချပေးတဲ့လမ်းအတိုင်း အကွက်ကျကျစီမံချက်ဆွဲပြီးတော့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာတွေလည်းဖြစ်တယ်။ ရခိုင်ပြည်သူတွေအတွက်ကတော့ အကြောက်တရားနဲ့ မလုံမခြုံဖြစ်ရမှုတွေကို ပိုပြီးခံစားကြရမှာပေါ့။ ဒါတွေကို စနစ်တကျ ပြတ်ပြတ်သားသား တုန့်ပြန်ရပါလိမ့်မယ်။ ကုလားတွေဘယ်လောက်အထိ ယုတ်မာစော်ကား လူပါးဝနေတယ်ဆိုတာကို ကမ္ဘာကသိအောင်လည်း သက်ဆိုင်ရာမီဒီယာတွေ Channels တွေကနေတစ်ဆင့် Messages တွေဖြန့်ပေးသင့်တယ်။ ဒါမှမဟုတ်ရင် နိုင်ငံတကာမှာ တစ်ဖက်သတ်အထင်အမြင်လွဲ ခံနေရလိမ့်မယ်။
ဆက်လက်ပြီးတော့ နောက်ထပ်မေးချင်တာက ....
အာရ်ကန်တိုင်းမ်စ်။ ။ အခုရခိုင်ပြည်မှာ တစ်မျိုးသားလုံးတောင်းဆိုချက်အရ ပေါ်ပေါက်လာတဲ့ ရခိုင့်အမျိုးသားပါတီ(ANP)နှင့် ပတ်သက်ပြီးတော့ ရက္ခိုင့်တပ်မတော်ရဲ့ အမြင်သဘောထားတွေ ဘယ်လိုရှိသလဲဆိုတာကို သိပါရစေ။
ရက္ခိုင့်တပ်မတော်။ ။ ရခိုင်အမျိုးသားပါတီအဖြစ် စုစည်းဖို့ကြိုးစားမှုတွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ကြတဲ့နေရာမှာ ပုဂ္ဂလိကဆန္ဒစွဲတွေကို ဘေးဖယ်ပြီးတော့ မမှိတ်မသုန် တစိုက်မတ်မတ် အကောင်အထည်ဖော်သွားဖို့ လိုပါတယ်။ အရေးကြီးတဲ့ နေရာတွေမှာ အဖြစ်မရှိတဲ့လူတွေနဲ့ ပိတ်ဆို့မနေဖို့လည်း သတိထားဖို့လိုပါတယ်။ ဒီပေါင်းစည်းမှုက ရခိုင်အမျိုးသားတွေအတွက် အလွန်တရာအရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်။
အာရ်ကန်တိုင်းမ်စ်။ ။ ကျနော်တို့ တစ်ခုသိထားတာက စစ်တပ်တစ်ခုဟာ ပါတီတစ်ခုအောက်မှာ ရှိသင့်တယ်လို့ သိထားတဲ့အတွက် စစ်တပ်မှာလည်း ပါတီတစ်ခုရှိသင့်တဲ့အတွက် ရခိုင်ပြည်မှာ တစ်ခုတည်းသော ပေါ်ပေါက်လာတဲ့ ရခိုင်အမျိုးသားပါတီ (ANP)အတွက် ရက္ခိုင့်တပ်မတော်အနေနဲ့ ဘယ်လိုမျိုးစဉ်းစားထားပါသလဲ။
ရက္ခိုင့်တပ်မတော်။ ။ စစ်တပ်တစ်ခုဟာ ပါတီတစ်ခုရဲ့အောက်မှာ ရှိသင့်တယ်ဆိုတာက သီအိုရီအားဖြင့်မှန်ပါတယ်။ အခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အခြေအနေတွေက သီအိုရီသဘောတရားတွေ၊ သမားရိုးကျအခြေအနေတွေထက် လွန်ကဲပါတယ်။ သွေးရိုးသားရိုးဖြစ်စဉ်တွေမဟုတ်ပါဘူး။ ဒါကြောင့် သီအိုရီအတိုင်းဖြစ်တယ်၊ မဖြစ်ဘူးဆိုတာက အခြေအနေပေါ်မှာ မူတည်ပါတယ်။ လိုအပ်ချက်ကိုလိုက်ပြီး လုပ်ဆောင်နေရတာပါ။ နောက်တစ်ချက်က ရခိုင်တစ်မျိုးသားလုံးရဲ့ ကံကြမ္မာဟာ ဘယ်လူမျိုးမှမကြုံတွေ့ဖူးခဲ့တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီနေရာမှာ အလေးအနက်စဉ်းစားရမယ့်ကိစ္စက ပြည်တွင်းမှာ ဖွဲ့စည်းတဲ့ပါတီဆိုတာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ရန်သူသတ်မှတ်ထားတဲ့ ဥပဒေဘောင်အောက်မှာ အကန့်အသတ်တွေနဲ့ လုပ်ဆောင်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေမှာ ပေးဆပ်ထားရတဲ့ ဆုံးရှုံးမှုတွေက အလွန်တရာများလွန်းအားကြီးပါတယ်။ ဒီဆုံးရှုံးမှုတွေကို ကာမိဖို့အတွက် သူတို့ဥပဒေဘောင်ထဲက ရသင့်ရထိုက်တဲ့ ကိစ္စတွေကို ကြိုးစားတောင်းယူဖို့ လိုအပ်သလို တစ်ပြိုင်တည်းမှာပဲ ရခိုင်အမျိုးသားရေးလမ်းစဉ်နဲ့ ရခိုင့်အိပ်မက်တွေကို ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့နဲ့လက်နက်ကိုင် တော်လှန်တိုက်ခိုက်တဲ့ တော်လှန်ရေးအင်အားစု တစ်ရပ်ကြီးကြီးမားမားရှိကိုရှိရမှာ ဖြစ်တယ်။ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်အနေနဲ့ကတော့ နိုင်ငံရေးပါတီတစ်ရပ်ရယ်လို့ နာမည်မခံသော်လည်းပဲ ခိုင်မာတဲ့အမျိုးသားနိုင်ငံရေးရည်မှန်းချက်တွေနဲ့ လှုပ်ရှားနေတဲ့ National Institution တစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်းတွေကြားထဲမှာ မျှော်လင့်ချက်တွေက တူညီပေမယ့်လို့ လုပ်ဆောင်ချက်တွေကွဲပြားကြပါတယ်။ ကွာခြားချက်တွေလည်းအများကြီးရှိပါတယ်။ လက်ရှိအစိုးရအနေနဲ့ ပြည်တွင်းထဲမှာ သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေအောက်က အလုပ်လုပ်ဖို့အတွက် ပါတီကြီး(၁)ခုမက (၁၀)ခုပေါ်လာခဲ့ရင် လည်းသူတို့ အတွက်မှုစရာမဟုတ်ပါဘူး။ သို့သော် ရခိုင့်အမျိုးသား လက်နက်ကိုင်အင်အားစုကြီး တစ်ခုပေါ်ပေါက်လာမှာကိုတော့ လိုလားမှာမဟုတ်သလို အထူးစိုးရိမ်ပါလိမ့်မယ်။ ဒါဟာ ဘာကြောင့်လဲဆိုတာကို သေသေချာချာစဉ်းစားကြည့်ရင် သဘောပေါက်ပါလိမ့်မယ်။ အမျိုးသားရေး အကျိုးစီးပွားအတွက် မဲပြားတွေနဲ့အလုပ်လုပ်မယ့်လူတွေ လိုအပ်သလို ကျည်ဆန်တွေနဲ့ လုပ်မယ့်လူတွေလည်းလိုပါတယ်။ ရက္ခိုင့်တပ်မတော်အနေနဲ့ ပေါင်စည်းရေးဆိုတာထက် ညီညွတ်ရေးသည် ပိုပြီးအရေးကြီးကြောင်း အလေးအနက်လက်ခံထားပါတယ်။ ဒီနေရာမှာ ညီညွတ်ရေးနဲ့ ပေါင်းစည်းရေးကို စနစ်တကျခွဲခြားမြင်တတ်ဖို့ လိုပါတယ်။ များသောအားဖြင့်တော့ ပေါင်းစည်းပြီးတော့ မညီညွတ်ကြတာများတယ်လေ။ အထူးသတိထားရပါလိမ့်မယ်။ အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထားတစ်ခုပါပဲ။
ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်၊ လေ့ကျင့်ရေးဌာနမှ 
ကြီးမှူးဖွင့်လှစ်သော အထူးတိုက်ခိုက်ရေးသင်တန်း ဆင်းပွဲအခမ်းအနားကို 
ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပနေစဉ်။ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်၊ လေ့ကျင့်ရေးဌာနမှ ကြီးမှူးဖွင့်လှစ်သော အထူးတိုက်ခိုက်ရေးသင်တန်း ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပနေစဉ်။
မြန်မာအစိုးရမှ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆက်ပြီး မေးချင်းပါသေးတယ်။
အာရ်ကန်တိုင်းမ်စ်။ ။ မြန်မာအစိုးရ ဦးသိန်းစိန်မှ ဖော်ဆောင်နေသော တစ်နိုင်ငံလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး (အပစ်အခတ်ရပ်စဲရေး) နိုင်ငံရေးစကားဝိုင်းကို ဘယ်လိုအမြင်သဘောထားတွေ ရှိပါသလဲ။
ရက္ခိုင့်တပ်မတော်။ ။ လုပ်တော့လုပ်နေကြတာပဲ။ ဒါပေမယ့် ဒီနေ့ထက်ထိ အကောင်အထည်တစ်စုံတစ်ရာ ပေါ်မလာသေးတာက ခက်တယ်။ ငြိမ်းချမ်းရေးက ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ သရဲခြောက်နေသလိုမျိုးပဲ။ အရင်တုန်းကလည်း အာဏာရှင် အဆက်ဆက်က အလားတူလုပ်ရပ်တွေ အများကြီးလုပ်ဖူးခဲ့ကြတာပဲ။ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ၂၀၁၂ -ခုနှစ်၊ ဖေဖော်ဝါရီလကနေ အပစ်ရပ်စကားပြောပြီးမှ SSPP/ SSA နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာအကြိမ် (၁၂၀)ကျော်သွားပြီ။ RCSS/ SSA နဲ့ ငြိမ်းချမ်းရေးပြောနေတုန်း အကြိမ်(၆၀)ထက်မနည်း တိုက်ပွဲဖြစ်ပြီးသွားပြီ။ ဒီ KIO/KIA ဘက်မှာဆိုရင် အပစ်ရပ်မယ်ငြိမ်းချမ်းရေးဆွေးနွေးနေတုန်းမှာပဲ အကြိမ်(၈၀)ထက်မနည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ဒါက သူတို့ရဲ့ စစ်ရေးအရအားသာချက်ကို အသုံးပြုပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဖိအားပေးအနိုင်ကျင့်နေတဲ့ သဘောဖြစ်တယ်။ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်အနေနဲ့ကတော့ ဒီနေ့ထက်ထိတိုင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာကမ်းလှမ်းလာတာမျိုး မရှိသေးတဲ့အတွက် အိုးမပူဘဲစလောင်းပူနေသလိုမျိုးဖြစ်နေမှာ မဟုတ်ပါဘူး။ သို့သော် ဘယ်အချိန်မှာ ဘယ်သူနဲ့ဘာလုပ်သင့်တယ်ဆိုတာကိုတော့ နားလည်ပါတယ်။ တစ်ချို့ကိစ္စတွေက ကြိုတင်ပြောထားလို့ မရနိုင်ပါဘူး။ အဓိကတော့ ဘာပဲလုပ်လုပ် အမျိုးသားအကျိုးစီးပွားကို ကောင်းကျိုးဖြစ်စေရပါမယ်။
အာရ်ကန်တိုင်းမ်စ်။ ။ မြန်မာနိုင်ငံ လက်ရှိပြုပြင်ပြောင်းလဲရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်မတော်အနေနဲ့ အမြင်သဘောထားတွေကို ပြောပြပေးပါ။
ရက္ခိုင့်တပ်မတော်၏။ ။ အပြင်ပန်းအားဖြင့်ကြည့်ရင်တော့ အပြောင်းအလဲတစ်ချို့ကို တွေ့ရပါလိမ့်မယ်။ သိပ်ကိုယေဘုယျဆန်လွန်းပြီးတော့ ဇောက်မနက်တဲ့ ပြောင်းလဲမှုတွေပါ။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တိုင်းရင်းသားပြဿနာ နိုင်ငံရေးပြဿနာတွေရဲ့ အရင်းအမြစ်တွေကို နည်းနည်းလောက်တောင်မှ ပိုပြီးကောင်းလာအောင် လုပ်ဆောင်တာမျိုးမရှိသေးတဲ့အပြင် လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လက်ခုပ်သြဘာပေးတတ်တဲ့ အနောက်ဆရာကြီးတွေရဲ့ ကြောထောက်နောက်ခံပေးမှုတွေကြောင့် တစ်ချို့ကိစ္စတွေမှာ ပိုပိုပြီးတော့ လက်ရဲဇက်ရဲခြေလှမ်းကျဲလာတာ တောင်ရှိပါသေးတယ်။ ဥပမာ- လွှတ်တော်ထဲမှာ တစ်မတ်သားကိစ္စကို မျက်နှာပြောင်ပြောင်နဲ့ လိုအပ်ချက်ပါလို့ ပြောဆိုတာတွေ၊ ငြိမ်းချမ်းရေးလို့ပြောနေပေမယ့် တိုင်းရင်းသားဒေသတွေမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အရင်ထက်ပိုပြီးစစ်ရေးအရ အင်အားသုံးကိုင်တွယ်လာခြင်းတွေ အပါအဝင်နိုင်ငံရေး အတိုက်ခံတွေကို အနီးကပ်လက်သီးပုန်းထိုးဖြိုခွဲနိုင်တာတွေဟာလည်း အပြောင်းအလဲလို့ခေါ်လို့ရတာပဲ။ ကောင်းတာနဲ့ ဆိုးတာပဲကွာတာပေါ့။
အာရ်ကန်တိုင်းမ်စ်။ ။ နောက်ထပ် ရက္ခိုင့်တပ်မတော်အနေနဲ့ ဆက်လက်ပြောကြားစရာတွေ၊ ဖြည့်စွက်စရာတွေ ရှိတယ်ဆိုရင် ပြောပြပေးပါ။
ရက္ခိုင့်တပ်မတော်။ ။ ရက္ခိုင်တစ်မျိုးသားလုံးအနေနဲ့ တစ်မျိုးသားလုံး ဟန်ချက်ညီညီနဲ့ အမျိုးသားရေးလှုပ်ရှားမှုကို ဆောင်ရွက်ကြစေချင်ပါတယ်။ ရက္ခိုင်တိုင်းရင်းသား လူမျိုးများအားလုံး စည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာဖို့အရေးကြီးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် ဗျူဟာတွေပြန့်ကြဲပြီးတော့ တစ်ယောက်တစ်ပေါက်နဲ့ အမျိုးသားရေး အန္တရာယ်ရှိလာနိုင်တယ်။ ကျွန်တော်တို့အတွက် တွေဝေဒွိဟပွားနေရမယ့်အချိန်လည်း မဟုတ်သလို ဟိုလူ့မျှော်ဒီလူ့မျှော် လုပ်နေရမယ့်ကာလလည်း မဟုတ်တော့ပါဘူး။ ရခိုင့်ကံကြမ္မာကို ရခိုင်တို့မပိုင်ဆိုင်သရွေ့ကာလပတ်လုံး ကြမ္မာငင်ရမယ့် အဖြစ်ဆိုးတွေဟာ ပိုပိုပြီးတော့ဆိုးလာမှာပါ။ ဒါကြောင့် ရက္ခိုင့်တပ်မတော်အနေနဲ့ ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေ အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်နေသလို ရခိုင်တစ်မျိုးသားလုံး အနေနဲ့လည်း ရက္ခိုင့်တပ်မတော်နဲ့ လက်တွဲပြီးတော့ အမျိုးသားရေးတာဝန် ကျေပွန်အောင် ထမ်းဆောင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ARAKANTIMES