Saturday, June 8, 2013

ဇွန်လ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Posted on 7:21 PM by tun tun


ဒီတစ်ခုတော့ အရမ်းလေးစားပါတယ် ဦးသန်းထွဋ်အောင်
===============================


၁၉၈၂ နိုင်ငံသားဥပဒေနှင့် မြန်မာနိုင်ငံ အဓွန့်ရှည် တည်တံ့ရေး

ဇွန် ၆ ရက်တွင် ကျင်းပသော ကမ္ဘာ့စီးပွား ရေးဖိုရမ်၏ ဆွေးနွေးပွဲတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ပါသည်။ ထိုဆွေးနွေးချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၂ နိုင်ငံသား ဥပဒေသည် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိကို သုံးသပ်ပြီး ပြုပြင်သင့်သည်ဟု မှတ်ချက်ပြု ထည့်သွင်းပြောကြား ခဲ့ပါသည်။

ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီး ငါးနိုင်ငံထဲမှ သုံးနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်လျက် ရှိပါသည်။ ထိုအကျိုးဆက်ကြောင့် လက်ရှိနိုင်ငံသား ဖြစ်ခွင့်ကို တင်းကျပ်ထားသော ၁၉၈၂ နိုင်ငံသားဥပဒေ ရှိနေလျက်နှင့်ပင် မြန်မာနိုင်ငံတွင် ဘင်္ဂါလီ အရေးအခင်း ကဲ့သို့သော အခြေချ ၀င်ရောက်နေထိုင် သူများကြောင့် လူမျိုးရေး ပြဿနာများ ဖြစ်ပွားလျက်ရှိပြီး တိုင်းရင်းသားလူမျိုးစု နယ်မြေများ ဆုံးရှုံးလျက် ရှိပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်အတိုင်းသာ မျိုးဆက်သုံးဆက် နေထိုင်ထားမှ နိုင်ငံသားဖြစ်ခွင့်ပြုသော၊ ဧည့်နိုင်ငံသား တစ်ဆင့်ခံထားသော ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြုပြင်မည် ဆိုပါက မည်ကဲ့သို့ ပြဿနာများ ဖြစ်ပွားလာနိုင်မည်ကို ခန့်မှန်း၍ မရနိုင်ပါ။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့် ပတ်သက်၍ ဥပဒေ အသီးသီး ရှိကြပါသည်။ နိုင်ငံ၏ အကျိုးစီးပွားပေါ် မူတည်ပြီး နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံသားဖြစ်ခွင့် ဥပဒေသည် တစ်သမတ်တည်း မရှိနိုင်ပါ။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံ အကျိုးစီးပွားအတွက် နယ်စပ်ချင်း ထိစပ်လျက်ရှိသော နိုင်ငံကြီးများမှ လူဦးရေပေါက်ကွဲပြီး နိုင်ငံတွင်း ၀င်ရောက်လာမှုကို ထိန်းထားနိုင်ရေး အတွက် ၁၉၈၂ နိုင်ငံသား ဥပဒေကဲ့သို့ ဥပဒေမျိုးသည် လိုအပ်ပါသည်။ အကယ်၍ ၁၉၈၂ ဥပဒေကို ပြင်ဆင်မည် ဆိုပါကလည်း မြန်မာနိုင်ငံ အကျိုးစီးပွားအတွက် အဓိကထား၍ ပြုပြင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်နိုင်သော နိုင်ငံတကာ စံချိန်စံနှုန်းနှင့် သော်လည်းကောင်း၊ လူ့အခွင့်အရေး စံနှုန်းနှင့် သော်လည်းကောင်း ပြုပြင်၍ မရနိုင်ပါ။

နိုင်ငံသားဖြစ်ခွင့်ကို ကာကွယ်ထားသော ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်လိုပါက ပြည်သူများ၏ သဘောဆန္ဒဖြင့်သာ ပြုပြင်နိုင်မည်ဖြစ်ပြီး လူပုဂ္ဂိုလ် အဖွဲ့အစည်း တစ်ဦးတစ်ယောက်တည်း၏ သဘောထားနှင့် ပြုပြင်၍ မရနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၈၂ နိုင်ငံသား ဥပဒေကို နိုင်ငံတကာ ဥပဒေများနှင့် တိုက်ဆိုင်ပြုပြင်သင့်သည် ဆိုသော မှတ်ချက်သည် ပြည်သူများ၏ သဘောထား ဆန္ဒနှင့် ဆန့်ကျင်နေပါသည်။ ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အနေဖြင့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို အတင်းအကျပ် ပြင်ဆင်ရန် ကြိုးစားမည် ဆိုခဲ့ပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် ပြည်သူများနှင့် ဝေးကွာသွားနိုင်ပါသည်။ The Daily Eleven သတင်းစာ အနေဖြင့်လည်း မြန်မာနိုင်ငံ အဓွန့်ရှည် တည်တံ့နိုင်ရေး အတွက် ၁၉၈၂ ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့်ညီအောင် ပြုပြင်သင့်သည် ဆိုသော မှတ်ချက်စကားအား လုံးဝလက်သင့် မခံနိုင်ပါကြောင်း အယ်ဒီတာ့ အာဘော်အဖြစ် ရေးသားတင်ပြ အပ်ပါသည်။

No Response to "ဇွန်လ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်"

Leave A Reply