Monday, June 3, 2013

မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို ရုံးချိန်း ထပ်မံ ရွှေ့ပြောင်း

Posted on 7:28 PM by tun tun


( နိရဉ္စရာ- ၃ ဇွန် ၂၀၁၃) / မောင်ရမ္မာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို ကျောက်ဖြူမြို့နယ် တရားရုံးမှ ယနေ့ ရုံးချိန်းခေါ်သော်လည်း တရားခံဖက်မှ လူမစုံသဖြင့် ရက်ပြောင်းရွေ့လိုက်သည်ဟု သိရသည်။
Protest-Against-the-Shwe-Gas-Project-&-CNPC-in---Maday
ယနေ့ ဇွန်လ ၃ ရက်နေ့တွင် တရားရုံးချိန်း ရှိခဲ့သော်လည်း တရားခံ မစုံလင်သဖြင့် တစုံတရာ စစ်ဆေးခြင်း မရှိဘဲ ဇွန်လ ၁၃ ရက်နေ့တွင် ပြန်လည်စစ်ဆေးရန် ရက်ရွှေ့လိုက်သည်ဟု ဆန္ဒပြခေါင်းဆောင်တဦး ဖြစ်သူ ကိုထွန်းကြည်က နိရဉ္စရာသို့ ပြောသည်။
“ ဟုတ်ပါတယ်။ ကျွန်တော်အပါအ၀င် တရားစွဲထားတဲ့ဟာမှာ ကျွန်တော်က ရန်ကုန်ကို ရောက်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရှေ့နေကို ကျွန်တော့်အတွက် ခွင့်တိုင်ပေးပါလို့ ပြောလိုက်ပါတယ်။ ရှေ့နေက ခွင့် တိုင်ထားတဲ့အတွက်ကြောင့် ၁၀ ဦးမှာ ၁၀ ယောက်စလုံးမပါလို့ သက်သေတွေကို စစ်ဖို့ဥစ္စာ အစစ်မဖြစ် လိုက်ပါ။ ဒါကြောင့် နောက်ထပ် ၁၃ ရက်နေ့ကို ပြန်ချိန်းလိုက်ပါတယ်။”
ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းတွင် တရုတ်ကုမ္ပဏီ CNPC အား ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သည်ဟု ဆိုကာ မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ မေလ ၆ ရက်နေ့က တရားလိုလုပ်ကာ တရားစွဲဆိုခြင်း ဖြစ်သည်။
ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို တရားစွဲဆိုခြင်းကို မဒေးကျွန်းပေါ်ရှိ ရွာသား ၆၀၀ ခန့်က မေလ ၆ ရက်နေ့က ကျောက်ဖြူမြို့ နယ် တရားရုံးထိ ချီတက်ကာ သူတို့အား လွှတ်ပေးရန် တောင်းဆိုခဲ့ကြရာ တရားစွဲဆိုခံရသူ ရွာ သား (၁၀) ဦးအား ခံဝန်လက်မှတ် အမြန်ရေးထိုးခိုင်းကာ လွှတ်ပေးလိုက်သည်။
တရားစွဲခံရသူများမှာ မဒေးကျွန်းပေါ်ရှိ  ကျောက်တန်းရွာမှ ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာမှ ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ဦးထွန်းကြည်တို့ ဖြစ်ကြသည်။
၎င်းတို့  ၁၀ ဦးမှာ ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းမှ  ရွာသား ၈၀၀ ခန့်သည် ဥယာဉ်ခြံမြေတွေကို နိုင်ငံတကာ စံနုန်းအတိုင်း ပေးလျော်ရန်၊ ရွာဆက် လမ်းများကို ကောင်းမွန်စွာ ပြုလုပ်ပေးရန်၊ ကျွန်းပေါ်က အလုပ်သမားကဒ်ရှိသူများကို အလုပ်အကိုင် ခန့်အပ်ပေးရန်နှင့် နိုင်ငံတကာ လစာအတိုင်း ပေးရန်၊  မဒေးကျွန်းတွင်ရှိသော လူနေအိမ်များနှင့် အဆောက်အဦးများတွင် လျှပ်စစ်မီး ရရှိရန်၊ ကျွန်းပေါ်တွင် ရာဇ၀တ်မူများ မပေါ်ပေါက်ရေးအတွက် ပြင်ပက အလုပ်လာလုပ်သည့်သူများကို သေချာစွာစိစစ်ရန်၊ ကျွန်းပတ်လည်တွင် လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရန်၊ ကျွန်းပေါ်တွင်ရှိသော မြေများကို ရွာသူ ရွာသားများအား အသိမပေးဘဲ သိမ်းယူနေသည်ကို ရှောင်ရှားရန်၊ ပျက်စီးသွားသော ကျွန်းပေါ်ရှိ တာတမံကြီးများကိုပြန်လည် တည်ဆောက်ပေးရန်နှင့် စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရသော ဒေသခံများကို လျော်ကြေးများ ထုတ်ပေးရန်အတွက် တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ ချီတက်တောင်းဆို ဆန္ဒပြခဲ့ကြသဖြင့် တရားစွဲခံရသူများဖြစ်သည်။ NARINJARA

No Response to "မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို ရုံးချိန်း ထပ်မံ ရွှေ့ပြောင်း"

Leave A Reply