Tuesday, June 4, 2013

“ ကျောင်းဆရာတွေ စစ်ပညာနဲ့ ကိုယ်ခံပညာ တတ်မြောက်ဖို့ လိုသလား ?”

Posted on 6:59 PM by tun tun


( နိရဉ္စရာ- ၄ ဇွန် ၂၀၁၃)
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ခန့်အပ်မယ့် ကျောင်းဆရာတွေကို စစ်ပညာနဲ့ ကိုယ်ခံပညာတွေကို တက်မြောက်အောင် သင်တန်းပေးဖို့လိုတယ်လို့  ဒေသအတွင်းက အမည်မဖေါ်လိုသူ အရာရှိကြီး တစ်ဦးက ပြောပါတယ်။
 မြန်မာ အနောက်ဘက်နယ်စပ် ရခိုင်မှ အစိုးရစာသင်ကျောင်း တစ်ခု။
မြန်မာ အနောက်ဘက်နယ်စပ် ရခိုင်မှ အစိုးရစာသင်ကျောင်း တစ်ခု။
“ ဆရာမတွေထက် ဆရာတွေကို ဦးစားပေးခန့်သင့်တယ်။ ခန့်တဲ့ ဆရာတွေကိုလည်း စစ်ပညာနဲ့ ကိုယ်ခံ ပညာတွေကို တက်မြောက်အောင် သင်ပေးသင့်တယ်။ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ ဖြစ်တယ်။  ခန့်အပ်တဲ့ ဆရာတွေကိုလည်း ရခိုင်ပြည်နယ် တစ်ခုတည်းက မဟုတ်ဘဲ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက ဖြစ်သင့်ပါတယ်” လို့ ပြောပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဆရာ ဆရာမတွေဟာ လုံခြုံရေးကြောင့် ကျေးလက် ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ အစိုးရ စာသင်ကျောင်းတွေကို မသွားရဲဘဲ ဖြစ်နေကြတဲ့ အတွက် ဒီပြဿနာကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲလို့ မေးကြည့်တဲ့ အခါ အဆိုပါ အရာရှိက ခုလို ပြောဆိုတာ ဖြစ်ပါတယ်။
“ အခု ဆရာ ဆရာမတွေ အများစုက လွန်ခဲ့တဲ့ နှစ် ဆူပူမူမှာ ဆရာကြီး ဦးမောင်ချမ်းသာကို သူ့တပည့်တွေ ကိုယ်တိုင်က သတ်ဖြတ်လိုက်တဲ့  နောက်ပိုင်းမှာ ဘယ်သူမှ မူဆလင်ရွာတွေကို စာပြဖို့ မသွားရဲတော့ဘူး။ ဒါကြောင့် ဒီပြဿနာကို ကျော်လွှားနိုင်မယ်ဆိုရင် ဆရာတွေကို အဲသလို စစ်ရေးနဲ့ ကိုယ်ခံ ပညာတွေကိုပါ လေ့ကျင့် သင်ကြားပေးဖို့ လိုမယ်လို့ ထင်ပါတယ်” လို့ သူက ဆိုပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ဆရာ ဆရာမတွေဟာ အခု အခါ ကျောင်းစတင် ဖွင့်ပေမယ့်  လုံခြုံရေး မရှိတဲ့အတွက် နယ်တွေကို သွားပြီး စာသွားပြဖို့ ၀န်လေးနေကြတယ်လို့ ပြောပါတယ်။
“ မောင်တောမြို့နယ်မှာ ဆိုရင် ငခူရ။ သရေကုန်ဘောင်၊ မောရ၀တီ၊ ရွှေရင်အေးတို့လို လုံခြုံရေး ရှိတဲ့ နေရာတွေလောက်ကိုဘဲ  ဆရာတွေ သွားစာပြနေကြပြီး လုံခြုံရေးမရှိတဲ့ နေရာတွေကိုတော့ သွားဖို့ မ၀ံ့မရဲ ဖြစ်နေကြပါတယ်။ တပ်ကလည်း တစ်ရွာ တစ်ယောက် ဘယ် လုံခြုံရေး ယူပေးနိုင်မလဲ။ ဒါက တကယ့် အကျပ်အတည်းကြီးပါ” လို့ ဆိုပါတယ်။
မူဆလင်ရွာများရှိ ကျောင်းများသို့ စာသွားပြလျှင် ရန်ရှာ တိုက်ခိုက်မူများ ပေါ်ပေါက်နိုင်လိမ့်မယ်လို့ ထင်ပါသလားလို့ မေးတဲ့  မေးခွန်းကိုတော့ အဲဒီ အရာရှိက ခုလို ဖြေပါတယ်။
“ ရန်ရှာ တိုက်ခိုက်မယ်။ မတိုက်ခိုက်ဘူး ဆိုတာထက် ဆရာ ဆရာမတွေက လုံးဝ ယုံကြည်မူ မဲ့သွားတယ်။ လုံးဝ ယုံကြည်မူ မရှိ ဖြစ်သွားတဲ့ အတွက် အဲဒီရွာတွေကို သွားဖို့ လုံးဝ စိတ်မချ ဖြစ်သွားတယ်။ တချို့ ဆရာ ဆရာမတွေဆိုရင် အလုပ်ကသာ ထွက်သွားမယ်။ စာတော့ သွားမပြတော့ဘူးလို့ ဆုံးဖြတ်ထားကြတဲ့ ဆရာ ဆရာမတွေလည်း အများကြီး ရှိပါတယ်” လို့ သူက  ပြောပါတယ်။
တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ဆရာတွေကို ဘာကြောင့် ရွှေးချယ် ခန့်အပ်ဖို့ လိုတယ်လို့ ထင်ပါသလဲလို့   မေးကြည့်တဲ့ အခါ “ ဒီဒေသရဲ့ အခြေအနေမှန်ကို အနယ်နယ် အရပ်ရပ်က ပြည်သူတွေ လေးစား ချစ်ခင်တဲ့ ဆရာတွေ အနေနဲ့ သိသွားစေချင်တဲ့ အတွက် ဖြစ်တယ်” လို့ ဆိုပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ဆရာ ဆရာမတွေဟာ  ဇွန်လ (၁) ရက်နေ့က စတင်ပြီး သူတို့ တာဝန် ထမ်းဆောင်နေတဲ့ မူလတန်း ကျောင်းတွေကို ဖွင့်လှစ် စာပြလိုကြပေမယ့် လုံခြုံရေး အခြေအနေကြောင့် ကျောင်းတွေကို မသွားနိုင်ဘဲ ဖြစ်နေကြတာကြောင့် သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးလည်း တွေးတော ပူပန်မူတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က  အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေ အများစုကတော့ လုံခြုံရေးတွေ ရှိတဲ့ နေရာမှာ ရှိနေတာကြောင့် ကျောင်းတွေကို ပုံမှန်ဖွင့်လှစ် သင်ကြားနေကြပြီ ဖြစ်တယ်လို့ ပြောပါတယ်။ မူဆလင်နဲ့ ရခိုင် ကျောင်းသားတွေဟာလည်း ခွဲခြားမူ မရှိဘဲ အတူ တကွ စာသင်ကြားနေကြတယ်လို့ ပြောပါတယ်။  NARINJARA

No Response to "“ ကျောင်းဆရာတွေ စစ်ပညာနဲ့ ကိုယ်ခံပညာ တတ်မြောက်ဖို့ လိုသလား ?”"

Leave A Reply