Saturday, February 16, 2013

ကမ်းထောင့်ကြီးကျေးရွာပိုင် ရွာလယ်မြေကွက် နဂိုအတိုင်းထားရှိရန် ရွာသားများလိုလား

Posted on 5:30 PM by tun tun

သတင်း — February 16, 2013 at 4:47 pm


မောင်ရမ္မာ
ရခိုင်ပြည်နယ်မှ ကျေးရွာကြီး တစ်ရွာ ဖြစ်သော မြေပုံမြို့နယ် ကမ်းထောင့်ကြီးကျေးရွာ ရွာလယ်မြေကွက်ကို သက်ဆိုင်ရာက အိမ်ဆောက်ရန် ရောင်းချနေသဖြင့် ကျေးရွာသားများက ၎င်းမြေကွက်ကို နဂိုအတိုင်းသာ ထားရှိလိုကြောင်း ရွာသားများ သတင်းပေးပို့ရာတွင် ဖေါ်ပြသည်။
Kanhtaungyi
လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးက ကမ်းထောင့်ကြီးကျေးရွာ ရွာလယ်ရှိ မြေကွက်လပ်ထဲမှ  အကျယ် (၆၀ပေ၊ ၄၀ ပေ) မြေကွက် တစ်ခုအား ကျေးရွာ အုပ်ချုပ်ရေး စာရေး၏ ညီဖြစ်သူကို ကျပ်ငွေ သိန်း (၃၅) သိန်းဖြင့် ရောင်းစားထားပြီး ကျန်မြေကွက် တစ်ခုကိုလည်း အုပ်ချုပ်ရေးမှူး၏ အစ်ကို ဖြစ်သူကို ပေးအပ်ထားသည်ဟု ကျေးရွာသားများက ဆိုသည်။
အဆိုပါ မြေကွက်များကို လွန်ခဲ့သောနှစ် စက်တင်္ဘာလက ရောင်းစားခဲ့သည်ဟု ပြောကြားသည်။
အများပိုင် မြေကွက်ကို  ရောင်းချနေခြင်းမှာ မသင့်တော်ကြောင်းနှင့် ကျေးရွာအတွင်း ယခုလုပ်ရပ်ကြောင့် စိတ်ဝမ်းကွဲပြားမူများလည်း ပေါ်ပေါက်နေကြောင်း၊ သို့အတွက် မြေနေရာကို နဂိုအတိုင်း ထားရှိစေလိုကြောင်း ရွာသားများက ပြောဆိုသည်။
၎င်းပြင် ရွာလယ်ရှိ ချင်းမိသားစု(၇) ခု နေထိုင်ရာ မြေကွက်လပ် ၄ ခုအတွက်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ငွေတောင်းစားနေသည်ဟု ချင်းအမျိုးသမီး တစ်ဦးက ပြောသည်။
“ ကျွန်မတို့ ဒီနေရာမှာ နေလာတာ ၁၂ နှစ်ကျော်ရှိပါပြီ။ အဲဒါကို အုပ်ချုပ်ရေးမှူးက ဒီနေရာမှာ နေမယ်ဆိုရင် ငွေပေးရ မယ်၊ ငွေမပေးရင် ဒီနေရာက ထွက်ပေးရမယ်ဆိုပြီး ခြိမ်းခြောက်လာတော့ ကျွန်မတို့လဲ ထွက်ရမှာကြောက်လို့ ငွေပေး နေတာ ၂သိန်းနီးပါး ရှိနေပါပြီ” ဟု ချင်းအမျိုးသမီး မပွင့်က ဆိုသည်။
အုပ်ချုပ်ရေးမှူးမှာ သြဇာအာဏာ ရှိသူ ဖြစ်သဖြင့် မြေနေရာ ရောင်းစားမူ အပါအ၀င် ငွေကြေး တောင်းစားနေမူများ ရှိနေသော်လည်း  ကျေးရွာသားများ အနေဖြင့် အထက်အာဏာပိုင်သို့ တိုင်ကြားရန် ကြောက်ရွံ့နေကြသည်ဟု ဆိုသည်။
ကမ်းထောင့်ကြီးကျေးရွာတွင်  အိမ်ခြေ ၂၄၀၀ ခန့်ရှိကြောင်း သိရသည်။                    NARINJARA

No Response to "ကမ်းထောင့်ကြီးကျေးရွာပိုင် ရွာလယ်မြေကွက် နဂိုအတိုင်းထားရှိရန် ရွာသားများလိုလား"

Leave A Reply