Wednesday, October 2, 2013

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သွားရောက်

Posted on 2:28 PM by tun tun


Oh Burma shared Arakan Thein's photo ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်က သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။ သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကာ မြို့ကို ကားဖြင့် လှည့်ပတ်ကြည့်ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ နှစ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တောမြို့သို့ ရောက်ရှိပြီး နှစ်ဖက် လူမှုအဖွဲ့အစည်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြန်မာ့လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၉ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ထွက်ခွာခဲ့သည်။ မြောက်ဦးမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ န၀ရတ်ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ''တွေ့ဆုံရာတွင် ဒေသတည်ငြိမ် အေးချမ်းဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းမှ နိုင်ငံခြားသားများ ၀င်ရောက်မည့် ကိစ္စတွေကို ပြောကြားခဲ့တယ်''ဟု မြောက်ဦးမြို့မှ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။ မြောက်ဦးမြို့မှတစ်ဆင့် မဟာမြတ်မုနိဘုရားကို သွားရောက်ဖူးမြော်ခဲ့ပြီး ကျောက်တော်မြို့သို့ ရောက်ရှိခဲ့ကာ ကျောက်တော်ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ကျောက်တော်မြို့တွင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက မြို့ရေပေးရေး စီမံကိန်းနှင့် လျှပ်စစ်မီး ရရှိရေးကိစ္စများကို တင်ပြခဲ့ကြောင်း၊ ယင်းမှတစ်ဖန် မောင်တောမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။ ''သမ္မတကြီးကတော့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မတ်တတ်ရပ်ပြီး တွေ့ဆုံခဲ့တာ ဖြစ်တယ်။ ပြောတာကတော့ ယခင်ကလည်း ဒီမှာ ညီအစ်ကိုလို၊ သူငယ်ချင်းလို အတူနေလာခဲ့ကြတာမလား။ နောက်လည်း ဆက်လက်ပြီး ပြဿနာမဖြစ်ဘဲ ဆက်လက် နေထိုင်ကြဖို့ ပြောတယ်။ ဖြစ်သွားတဲ့ ကိစ္စတွေဟာ ဒေသတွင်းမှာ ထိခိုက်နစ်နာမှုတွေ အများအပြား ဖြစ်သွားသလို မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ ပုံရိပ်ဆိုးရွားခဲ့ကြောင်း၊ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ပြောတယ်။ ဘင်္ဂါလီတွေကိုလည်း ဒီဒေသမှာ အေးအေးချမ်းချမ်းနေဖို့ ပြောပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသခံတွေ အုပ်ချုပ်ရေးမှူးတွေ ၀ိုင်းဝန်းဆွေးနွေးပြီး လိုအပ်ချက်တွေကို ပြည်နယ်အစိုးရ၊ လွှတ်တော်ကို တင်ပြဖို့၊ ပြီးမှ ဘတ်ဂျက်ဆွဲတဲ့အခါ ပါဖို့အကြောင်းတွေကို ပြောပါတယ်''ဟု သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြို့မိမြို့ဖ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။မောင်တောမြို့တွင် တွေ့ဆုံရာ၌ တိုင်းရင်းသားများဘက်မှ ၁၀ ယောက်၊ ဘင်္ဂါလီဘက်မှ ၂၀ကျော် ပါဝင်ခဲ့သည်။ တင်ပြခဲ့သည့် အချက်များမှာ ဘင်္ဂါလီဘက်မှ တက္ကသိုလ်ကျောင်းသားများ ပြန်လည် ကျောင်းတက်နိုင်ရေးအား တင်ပြခဲ့ပြီး ရခိုင်တိုင်းရင်းသားဘက်မှ လမ်းပန်း ဆက်သွယ်ရေးကိစ္စများအား တင်ပြခဲ့ကြောင်းလည်း သိရသည်။ မောင်တောမှ စစ်တွေသို့ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၁၀၀ ခန့်က သမ္မတကြီး ကျန်းမာပါစေဆိုသည့် ပိုစတာများ၊ နိုင်ငံတော်အလံများအား ဝှေ့ယမ်းကာ လေဆိပ် ၀င်ထွက်လမ်းတွင် စီတန်းကာ ကြိုဆိုခဲ့သည်။ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ လိုက်ပါလာပြီး စုစုပေါင်း ၃၀ ကျော် ပါလာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံရန် ရှိကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား အဓိကရုဏ်းများ ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများအတွင်း ဖြစ်ပွားခဲ့ပြီး ရခိုင်နှင့် ဘင်္ဂါလီစုစုပေါင်း ၁၉၂ ဦး သေဆုံးခဲ့ရာ ၂၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ စစ်တွေ မြို့မိ မြို့ဖတွေ အပါအ၀င် အစိုးရ အရာရှိကြီးတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမူ အဖွဲ့အစည်းက ထင်ရှားသူတွေနဲ့ ဒီကနေ့ (အောက်တိုဘာလ ၂ ရက်) မှာ တွေ့ဖို့ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို စစ်တွေမြို့မိ မြို့ဖများ တင်ပြမယ့် အချက် (၃) ချက် ဦးသိန်းစိန်အနေနဲ့ နိုင်ငံတော်သမ္မတ တာဝန်ကိုယူပြီး အခုလို ပထမဆုံး အကြိမ် ရခိုင်ပြည်နယ်ကို လာရောက်တာကို ကျွန်တော်တို့ ရခိုင်တိုင်းရင်း သားတွေက ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတဲ့အကြောင်းပြောချင်ပါတယ်။) (သမ္မတဦးသိန်းစိန် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးတာဝန်ခံ ကိုတွေ့ခဲ့တဲ့အခါ ပြောခဲ့သလို ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံတိုင်းရင်းသားထဲမှာ မရှိဘူး။ နံပါတ် ၂ အချက်က ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ စီစစ်မယ်။ နိုင်ငံသားမဟုတ်သူတွေကို ထိမ်းသိမ်းရေး စခန်းတွေမှာထားမယ်။ တတိယ နိုင်ငံကိုပို့မယ်ဆိုတဲ့ အတွက် ရခိုင်တိုင်းရင်းသား အားလုံးက ၀မ်းမြောက် ၀မ်းသာ ထောက်ခံပါတယ်။ အဲဒီအချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးပါလို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါမယ်။) (နံပါတ်၂ အချက်ကတော့- White Card လို့ခေါ်တဲ့ အဖြူရောင် ကတ်တွေဟာ ဘာသက်သေခံ ကတ်မှ မဟုတ်တဲ့ အတွက် အဲဒီကတ် ကိုင်ဆောင်ထားတဲ့ သူတွေကို နိုင်ငံရေး ပါတီ ထူထောင်ခွင့်၊ အရွေးချယ်ခံပိုင်ခွင့်နဲ့ မဲပေးပိုင်ခွင့် တွေကို တားဆီးကန့်သတ်ပေးဖို့အတွက် နိုင်ငံတော် သမ္မတကြီးကို ကျွန်တော်တို့ တောင်းဆိုတင်ပြသွားပါမယ်။) ( နံပါတ် ၃ အချက်ကတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် တပ်မတော် လက်အောက်မှာရှိတဲ့ လက်နက် တပ်ဆင်ထားတဲ့ ပြည်သူ့ စစ်တပ်ဖွဲ့တွေကို ရခိုင် ကျေးရွာတွေမှာ ယုံယုံကြည် ကြည်နဲ့ ဖွဲ့စည်းပေးပါလို့ ကျွန်တော်တို့မေတ္တာရပ်ခံသွားမှာ ဖြစ်ပါတယ်။ အဓိကတော့ အဲဒီအချက် သုံးချက်ကိုဘဲ ကျွန်တော်တို့ ပြောမှာပါ။) ( နောက်အချိန်ရရင်တော့ ကျွန်တော်တို့ရခိုင်ပြည်နယ် ၂၄ နာရီ ဈေးနှုန်းချိုသာစွာနဲ့ လျှပ်စစ်မီး ရရှိရေးတွေ ကိုလည်း ကျွန်တော်တို့ တင်ပြပါမယ်။)

No Response to " ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သွားရောက်"

Leave A Reply