Monday, October 7, 2013

ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီ သဘောထားထုတ်ပြန်ခြင်း

Posted on 8:31 AM by tun tun


သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးစောလှိုင်အပါအ၀င် ရခိုင်တိုင်းရင်းသားအချို့အား မတရားဖမ်းဆီးချုပ်နှောင်ခြင်း အပေါ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက သဘောထားထုတ်ပြန်ခြင်း သဘောထားကြေငြာချက်အမှတ် ၅/၂၀၁၃ ========================= ၁။ ၂၀၁၃-ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှစတင်၍ သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးစောလှိုင် (ခေါ်) ဦးမောင်ပု နှင့် ရခိုင်တိုင်းရင်းသားအချို့အား ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ရခိုင်တိုင်းရင်းသား (၃၅)ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။ ၂။ ထိုသို့အဆက်မပြတ်ဖမ်းဆီးနေမှုများကြောင့် သံတွဲမြို့နယ်ရှိ ပြည်သူများအနေဖြင့် အထူးပင် စိုးရိမ်ထိတ်လန့်နေကြကြောင်းသိရှိရသဖြင့် လက်ရှိသံတွဲခရိုင်၏ တရားဥပဒေစိုးမိုးရေးအပေါ် သံသယဖြစ်မိပါသည်။ ၃။ ဒေသအာဏာပိုင်များကရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက်ဝိုင်းဝန်းကူညီထိန်းသိမ်းပေးရန်အကူအညီတောင်းခလျှင် သော်လည်းကောင်း၊အကူအညီတောင်းခြင်းမခံရသော်လည်းတရားဝင်ဖွဲ့စည်းထားသည့်ပါတီတစ်ခုမှခေါင်းဆောင်တစ်ဦးအနေဖြင့်မိမိအသိစိတ်ဖြင့်မည်သည့်အခါမဆိုဒေသအေးချမ်းတည်ငြိမ်ရေးအတွက်ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးသူတစ်ဦးအဖြစ် ဦးစောလှိုင်ကို သိရှိထားပါသည်။ ၄။ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့အတွက် အဆင့်ဆင့်သော ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် မိတ်ဖက်သဘော ဆောင်ရွက်ကြရန် သက်ဆိုင်ရာ RNDP ပါတီဝင်များအား ညွှန်ကြားထားပြီးဖြစ်ရာ၊ ဦးစောလှိုင်မှာ ထိုညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နေသူ မြို့နယ်ပါတီခေါင်းဆောာင် တစ်ဦးဖြစ်ပါသည်။ ၅။ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် သံတွဲမြို့နယ်အတွင်း ပဋိပက္ခများအား ဖြစ်ပွားစေအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေကြသော မမြင်ရသည့် နောက်ကွယ်မှ ကြိုးကိုင်သူများသည် ထိုပဋိပက္ခများ နှင့် တစ်ဆက်တည်းပင် RNDP ခေါင်းဆောင်အချို့အား တရားခံဖြစ်စေရန် အကွက်ချစီမံလုပ်ဆောင်ခြင်းကို ခံခဲ့ရသည် ဟု ကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်ပါသည်။ ၆။ RNDP ပါတီ မြို့နယ် ဥက္ကဌတစ်ဦးဖြစ်သူ ဦးစောလှိုင် (ခေါ်) ဦးမောင်ပု အား ဖမ်းဆီးချုပ်နှောင်ခြင်းသည် ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အနိုင်ရရှိထားသော RNDP ပါတီအား ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ရည်ရွယ်ချက်ရှိရှိ တစ်ဆင့်ချင်း ဖျက်သိမ်းနိုင်သည့်အဆင့်အထိ ရောက်အောင် တဖြည်းဖြည်း တွန်းပို့သွားမည့် လုပ်ဆောင်မှုများ၏ ပထမခြေလှမ်းအဖြစ် ရှုမြင်သုံးသပ်သည်။ ၇။ ထို့ပြင်တမူ သံတွဲမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများသည် မြန်မာနိုင်ငံရှိ အခြားဒေသများ နည်းတူ အမျိုးဘာသာ သာသနာကို ယုံကြည်သက်ဝင် တန်ဖိုးထား စောင့်ရှောက်ကြသူများ ဖြစ်ကြသည့်အလျောက် မိမိတို့ဘာသာတရား၏ အမှတ်တံဆိပ်များကို အစဉ်အလာ ယုံကြည်ကိုးကွယ်မှုအရ ပြုလုပ်ခြင်းသာဖြစ်ပြီး ထိုအမှတ်တံဆိပ်များကို မလိုလားအပ်သည့် ရည်ရွယ်ချက်ဖြင့် ကြံရွယ်လုပ်ဆောင်ခြင်းမဟုတ် ဟု RNDP ပါတီက ကောင်းစွာ နားလည်သဘောပေါက်ထားသည်။ ၈။ သို့ဖြစ်ပါ၍ သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးစောလှိုင်နှင့်တကွ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော အခြား ရခိုင်တိုင်းရင်းသားများကို ချက်ချင်းလွှတ်ပေးရန် RNDP က တောင်းဆိုသည်။ ၉။ ဤကဲ့သို့ မတရားစွပ်စွဲဖမ်းဆီးခြင်းများမှာ ပဋိပက္ခတို့အား လျော့ပါးသွားစေမည် မဟုတ်ဘဲ မကျေနပ်မှုတို့ များသထက်များလာကာ နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာစေနိုင်ပြီး၊ ထိုသို့ဖြစ်ပေါ်လာခဲ့လျှင်မတရားစွပ်စွဲဖမ်းဆီးသူများ၏ တာဝန်သာဖြစ်သည် ဟု ကျွန်ုပ်တို့ RDNP ကခံယူပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။ နေ့စွဲ - အောက်တိုဘာလ (၇) ရက် ၊ ၂၀၁၃-ခုနှစ် ဗဟိုအလုပ်အမှုဆောင်ကော်မီတီ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဦးမြင့်နိုင်၊ နသ-၀၁၃ အရထုတ်ဝေသည်။ AboutArakan

No Response to "ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီ သဘောထားထုတ်ပြန်ခြင်း"

Leave A Reply