Friday, February 22, 2013

အိန္ဒိယဖက်ပါသွားတဲ့ မီဇိုရမ်ကိုအတု ယူပြီး

Posted on 6:45 PM by tun tun


(ခွါနင်း လေသောင်) ၂၀ ရာစုကာလက ကမ္ဘာ့နိုင်ငံ အသီး သီးပေါ်ပေါက်နေချိန်မှာ ကျနော်တို့ ချင်းအမျိုးသားများ (၀ါ) ဇိုအမျိုး သားများဟာနိုင်ငံ တစ်ခုအနေနဲ့ ရပ်တည်မလာတော့ပဲ အိန္ဒိယ၊ မြန် မာနှင့် ဘင်္ဂလားဒေရှ့်  သုံးနိုင်ငံမှာ အပိုင်းလိုက် ကျရောက် သွားခဲ့ ပါတယ်။ ချင်းအမျိုးသားတို့ဟာ ဗမာပြည် လွတ်လပ်ရေး လှုပ်ရှားမှုနဲ့ ဆက်စပ် လာပြီး ပင်လုံစာချုပ်အရ မြန်မာနိုင်ငံထဲသို့၎င်း၊ မီိဇိုရမ်ခေါ် လူရှိုင်းတောင်တန်းဟာ အိန္ဒိယထဲသို့ ၄င်း၊  စစ်တကောင်း တောင်တန်း ဒေသကတော့ အရှေ့ပါကစ္စတန်ခေါ် ဘင်္ဂလားနိုင်ငံထဲသို့၎င်း သွတ်သွင်း ခံရပါတယ်။ ဒီသုံးခုအနက် မီဇိုရမ်က ဘာကြောင့် အိန္ဒိယထဲ ပါဝင်သွားသလဲ ဆိုတာကို ဒီ ဆောင်းပါးမှာ တင်ပြလိုပါတယ်။
ဒုတိယ ကမ္ဘာစစ်ကာလက ဖက်ဆစ်ဂျပန်ဟာ ၀င်ရိုးစွန်း နိုင်ငံများဖက်ပါသွားတဲ့အခါ မဟာမိတ် အဖွဲ့ဖြစ်ကြ တဲ့ ယူကေနှင့် ယူအက်စ်အဖွဲ့တို့ဟာ အတ္တလန်တစ် သဘောတူညီချက်အရ မဟာမိတ်တိုးပွါးစေရန် ဆိုပြီး လူရှိုင်းတောင်တန်း ကြီးကြပ်ရေးမှူး တာဝန်ယူထားတဲ့ မေဂျာ မက်ကောလ် သည် ဒေသခံ သူကြီးနှင့် လူကြီး ၃၀၀ ကို ၁၉၄၂ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ခေါ်ယူ ရှင်းလင်းမှုပြုလုပ်ခဲ့သည်။ (၃) ရက်နေ့မှာ ဗြိတိသျှ အလံကိုကိုင်ပြီး မဟာမိတ်တပ်တို့နှင့် အတူ ဖက်ဆစ်နှင့် ၀င်ရိုးစွန်းတပ် များကို တိုက်ခိုက်ဖို့ ကတိပြုလာကြပါတယ်။ အပြန်အလှန်အားဖြင့် သူတို့ ဆန္ဒအတိုင်း မဟာ မိတ် အစိုးရတွေက လွတ် လပ်ရေးပေး ဖို့ ဖြစ်ပါတယ်။ အဲဒီနေ့က မက်ကောလ်ရဲ့ အလံကိုင် မိန့်ခွန်းကို ဒီလို ကောက်နုတ်ပေးပါတယ်။
“Look there is Union Jack above us. I, representative of King George VI, do solemnly declare and promise whatever I am to promulgate amongst you will be more firm than putting in writing between You and I. Since you, today declare war against our enemies, you have become the brothers of King and not merely friends, but you are the true friends of the Government of Allies. If we come out victorious, the British Government and its Allied Governments will not leave you or neglect you. This is the agreement today we entered into and we shall do it.”
ဒီလိုနဲ့ မဟာမိတ်တပ်များ အနိုင်ရလာပြီး ၁၉၄၆ ခုနှစ် ဧပြီလ (၉) ရက်နေ့မှာ နိုင်ငံရေးပါတီဖြစ်တဲ့ Mizo Union Party ကို ထူထောင်ခဲ့ကြရာ Lalhema နှင့် R. Vanlawma တို့က ဥက္ကဌနှင့် အတွင်းရေးမှူး ဖြစ်လာကြပြီး အဲဒီတုန်းက လူရှိုင်းတောင်တန်းဒေသ ကြီးကြပ်ရေးမှူးဖြစ်တဲ့ မက်ဒေါနာ့လ်ကလဲ ကူညီ အသိအမှတ်ပြုခဲ့ပါတယ်။ အဓိက ရည်မှန်းချက်ကတော့ လွတ်လပ်ရေးရပြီး ဗြိတိသျှတို့ ထွက်သွားတဲ့အခါ ကိုယ့်ဟာကိုယ် အုပ်ချုပ်ရေး ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။
အဲဒါကို အိန္ဒိယအမျိုးသား ကွန်ကရက်က သိတဲ့အခါ အိန္ဒိယထဲ ပါဝင်လာစေဖို့ ကြိုးစားလာခဲ့ကြပါတယ်။  လူရှိုင်း ပညာတတ်သုံးဦး ဖြစ်တဲ့ Khawtinkhuma, Ch. Saprawnga နှင့် H. Vanthuama တို့ကို စေလွှတ် စည်းရုံးစေခဲ့ပါတယ်။ ချင်းခေါင်းဆောင်တွေကို အောင်ဆန်းက ၀မ္မသူးမောင်ကို အသုံးချ စည်းရုံးခဲ့သလိုပေါ့။ Ch. Saprawnga ဟာ Jorhat ကောလိပ်ကျောင်းသားဘ၀ ကတည်းက ကွန်ကရက် Volunteer  ဖြစ်ခဲ့သူ ပါ။ Khawtinkhuma နှင့် H. Vanthuama တို့ဟာ ပညာတတ်ဖြစ်ကြတဲ့အတွက် လူထုကို စည်းရုံးနိုင် လို့ရှိရင် အစိုးရ အလုပ် ကောင်းကောင်း ခန့်မယ် လို့ ကတိပေးကြပြီး Ch. Saprawnga ကိုတော့ အာသံ အစိုးရမှာ နေရာချပေးဖို့ ကတိပြုခဲ့ကြပါတယ်။ သူတို့ သုံးဦးဟာ နိုဝင်ဘာလ ၅-၆ ရက်နေ့များမှာ ကျင်းပတဲ့ Mizo Union Assembly မှာ အစည်းအဝေး ကမောက်ကမဖြစ်အောင်လုပ်ကြပြီး (၇) ရက်နေ့မှာ ရွေးကောက် ပွဲ ပြန်လုပ်ဖို့ အဆိုပြုလာကြတယ်။ ဒီလိုနဲ့ ဥက္ကဌ က Khawtinkhuma, ဒုဥက္ကဌ Ch. Saprawnga နှင့် အတွင်းရေးမှူး H. Vanthuama ဖြစ်လာကြပြီး အမျိုးသားလွတ်လပ်ရေးမှ အိန္ဒိယနှင့် ပူးပေါင်းရေးဖက်သို့ ဦးတည်ခဲ့ကြခြင်းဖြစ်တယ်။ တကယ်တော့ အဲဒီ (၇) ရက်နေ့မှာ ၎င်းတို့ သုံးဦး ကနေပြီးတော့ သူကြီးမျိုးမဟုတ်တဲ့ (စော်ဘွားမဟုတ်တဲ့) အမျိုးတွေကို တိုက်တွန်းထားပြီး boycott လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ သီးသန့် စည်းရုံးထားတဲ့ လူတွေနဲ့ စီစဉ်ပြီး ရာထူးတွေ ရလာခဲ့ကြတာ ဖြစ်ပါတယ်။
အတွင်း ရေးမှူးနာမည်ခံပြီး H. Vanthuama ကနေ ၁၉၄၇ ဇန္န၀ါရီ (၁၃)မှာ General Assembly ပြုလုပ်ဖို့ ခေါ်ယူတဲ့အခါ R. Vanlawma က H. Vanthuama ဟာ အတွင်းရေးမှူးမဟုတ်ကြောင်းနဲ့ General Assembly မဟုတ်ကြောင်း ကျေညာခဲ့ပါတယ်။ ကြီးကြပ်ရေးမှူး Mc Donald ကလဲ H. Vanthuama ဟာ
အတွင်းရေးမှူး တကယ်မဟုတ်ကြောင်း ရေးသားခဲ့ပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး ကြီးကြပ်ရေးမှူးက အများပြည်သူသိရှိအောင် ကြေညာချက် အရှည်ကြီး ထုတ်ခဲ့ပါ သေးတယ်။ နိုဝင်လာ (၇) ရက်နေ့မှာ မက်ဒေါနာ့လ် ခေါ်ယူထားတဲ့ သူကြီးမျိုးကိုယ်စားလှယ်တွေနဲ့ သာမန်မျိုးခေါ်ယူသူတွေ အားလုံး (အဆင် မပြေတဲ့ လူနှစ်ဦးမှ အပ)က အုပ်ချုပ်ရေး စီမံကိန်းသစ် အကြောင်းကို ကောင်းမွန်စွာ ဆွေးနွေးခဲ့ကြပါတယ်။
အုပ်ချုပ်ရေး ယန္တရားမှာ သူကြီးမျိုး ဘယ်လေက်၊ သာမန်မျိုး ဘယ်လောက် ထည့်ထားမလဲ ဆိုတာ ဆွေးနွေး ဖို့ နောက်တနေ့ (၈) ရက်နေ့ကို ချိန်းဆိုခဲ့ကြရာ အဆိုပါ ပညာတတ် သုံးဦး ဦးဆောင်တဲ့ သာမန်မျိုးဖက်က ကိုယ်စားလှယ်တွေကို ဆက်လက်မသွားဖို့ ပြောဆို တားမြစ်လာခဲ့ကြပြီး ပျက်ပြယ် သွားခဲ့ပါတယ်။ အကြောင်းပြချက်က သူကြီးမျိုးနဲ့ သာမန်မျိုးအတွက် ဦးရေ တူညီတဲ့ ကိုယ်စားလှယ် ကျနော်တို့ လက်မခံနိုင်ပါ.. သာမန်မျိုးဟာ လူများစု ဖြစ်တဲ့အတွက် ကိုယ်စားလှယ် အများစု ဖြစ်ရမယ် ဆိုပြီး တောင်းဆိုကြတာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီး မက်ဒေါနာ့လ်က Saprawnga အား အင်္ဂလန် မှာတောင် သူကြီးမျိုး (၀ါ) သခင်မျိုး နေရာ အများစု ရထားတာပဲ…ဘာမှ ပြဿနာ မရှိခဲ့ဘူး..
ဒီမှာက တူညီတဲ့ ပမာဏ ရရှိထားဖို့တောင် ဆွေးနွေးမှုက စနေပြီ.. ဘယ့်နှယ် သပိတ်မှောက်လိုက် တာလဲကွာ.. လို့ ဒေါသနဲ့ ဟောက်ခဲ့ ပါသေးတယ်။ တချို့ပြောတာကတော့ ပါးရိုက်ခဲ့သေးတယ်လို့ ပြောပါတယ်။ ဒါကြောင့် မက်ဒေါနာ့လ်က .. မင်းက ကြက်ဥထဲက ကြက်ကလေးလောက်ပဲ ရှိသေး တယ်.. ကမ္ဘာ့နိုင်ငံရေး တစ်ခုမှ နားမလည်သေးဘူး… ဒီနေ့ ငါ ဘာလုပ်သလဲ ဆိုတာ မင်းဟာမင်း ဘာမှ မသိဘူး… မင်းက ဒီနေ့မှာ အမျိုးသားရေး လုပ်တယ်လို့ ထင်ရင် ထင်မယ်.. နောင်လာနောက်သားတွေက မင်းကို အမျိုးသား သစ္စာဖေါက်လို့ပဲ သတ်မှတ်လာကြမှာ.. မင်း သေပြီး နှစ်ပေါင်းကြာ ရှည်မှ မျိုးဆက်သစ်တွေက မင်းရဲ့ သင်္ချိုင်းထဲက အရိုးကိုတောင် ပြန်ဖေါ်ပြီးတော့ မင်းတိုင်းပြည်မှာ မြုပ်ခွင့်ပေးမှာမဟုတ်ဘူး… လို့ ပြောသေးတယ်။
အဲသလို ဖြစ်တဲ့ အတွက် Mizo Union ရဲ့ ရည်မှန်းချက်အတိုင်း Mizo Council ကို ဖွဲ့လာခဲ့ပါတယ်။ တချိန်တည်း မှာပင် United Mizo Freedom Front ဖွဲ့လာခဲ့ကြပြီး Captain Lalmawia က ဦးဆောင် လာပါတယ်။ ချင်း တောင်တန်း က ညီအစ်ကိုတို့နှင့် ပေါင်းဖို့ ဗမာခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးနုနှင့် ဦးဘဆွေတို့ကိုလဲ သွားရောက် တွေ့ဆုံ စကားပြောခဲ့ကြပါသေးတယ်။
မက်ဒေါနာ့လ်ကလဲ.. ကျနော့်အတွက်က ဘာမှ ကိစ္စမရှိပါဘူး.. ဒါပေမယ့် မီဇိုရမ်အတွက် တကယ့် ပြဿနာလို့ မြင်ပါတယ်.. လို့ ပြောသေးတယ်။ အဲသလို ဖြစ်တဲ့အခါ အာသံ ခေါင်းဆောင်များနှင့် အိန္ဒိယခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Sir B.N Rao တို့ ရောက်လာပြီး ကြိုက်တာ ရွေးနိုင်တယ် ဒါပေမယ့် အိန္ဒိယကို ရွေးရင် အကောင်းဆုံး ဖြစ်မယ် လို့ စည်းရုံး ဟောပြောလာခဲ့ကြပါတယ်။
Saprawnga ကလဲ ကြိုက်တာတော့ ရွေးလို့ရတယ် ဒါပေမယ့် အိန္ဒိယကို ရွေးရင် ငါတို့အတွက် ပိုကောင်း မှာမို့လို့ အိန္ဒိယကို ရွေးသင့်ပါတယ် လို့ ဟောပြောခဲ့ပါတယ်။ ဒီ ကိစ္စတွေကြောင့် မက်ဒေါနာ့လ်ကို ဆက်ခံ တဲ့ L.L Peter ဦးဆောင်ပြီး ခေါင်းဆောင် ၅၀ ဦးက ၁၉၄၇ သြဂုတ်လ ၁၄ ရက်နေ့မှာ Bardoloi ရောက်လာ တာကို အကြောင်းပြုပြီး သဘောထား တင်သွင်းစာကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ စာ ထဲမှာ.. inner line permit ကို လူထုက လိုအပ်နေသေးသရွေ့ ဆက်လက် အသုံးပြုသွားဖို့.. ချင်းတောင်တန်းအက်ဥပဒေကို တစတစ ကျင့်သုံးသွားရေး.. ဆယ်နှစ်ကြာရင် မိမိတို့ ကြမ္မာအတွက် ပြန်လည် ဆုံးဖြတ်ခွင့်.. တို့ ပါဝင်ပါ တယ်။
အသီးအပွင့် အနေနဲ့ အာသံ ခေါင်းဆောင်တို့ဟာ Khawtinkhuma (M.A) ကို NEFA ယခု Arulnachal ရဲ့ Political Officer အဖြစ် လည်းကောင်း၊ H. Vanthuama (B.Sc Agriculture) ကိုလဲ Jorhat မှာရှိတဲ့ Agriculture Department မှာ ရာထူး တိုက်ရိုက် ခန့်အပ်ခဲ့ကြ ပါတယ်။ Saprawnga ကိုတော့ အာသံ အစိုးရတဲ့ လစ်လပ်နေရာမှာ နေရာချပေးပြီး Parliamentary Secretary ရာထူးကို ခန့်ခဲ့ ကြပါတယ်။
အကျိုးဆက်များအနေဖြင့် လူရှိုင်း သူကြီးများ ဖျက်သိမ်းတဲ့ ဥပဒေ – Lushai Chiefs Abolish ion Act 1954, လူရှိုင်းသူကြီးများ မြေပိုင်ဆိုင်မှု ဖျက်သိမ်းတဲ့ ဥပဒေ – Lushai Chiefs Land Acquisition Act ပေါ်ပေါက်လာပြီး အဲဒီ ဥပဒေများအရ ၁၉၅၅ မတ်လ ၂၃ မှာ သူကြီးများကို ရုတ် သိမ်းတဲ့ အမိန့်နှင့် မြေပိုင်ဆိုင်မှုကို လုယူပေးထားတဲ့ အမိန့်များ ထွက်ပေါ်လာပါတော့တယ်။ ကြီးကြပ်ရေးမှူး –  Superintendant အုပ်ချုပ်တဲ့ အဖြစ်ကနေပြီးတော့ Deputy Commissioner အုပ်ချုပ်တဲ့ နယ်မြေ ဖြစ်လာခဲ့ပြီး လူရိုင်းတောင်တန်းခရိုင်မှ မီဇိုတောင်တန်း ခရိုင် ဖြစ်လာ ပါတော့တယ်။ DC အုပ်ချုပ်ရေးစနစ်မှာ အိန္ဒိယ လူမျိုးများကို ယခင်က ဗြိတိသျှက အုပ်ချုပ်ခဲ့တဲ့ စနစ်ဖြစ်ပြီး တောင်ပေါ်လူမျိုးများကို သီးသန့်ဖြင့် Superintendant က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
Saprawnga ဟာ အာသံ ၀န်ကြီးနေရာမှာ သိပ်မပျော်တော့တဲ့အတွက် လူရှိုင်းတောင်တန်း ခရိုင်ရဲ့ CEM နေရာကို ရယူလိုလာပါတယ်။ ၁၉၅၂ ရွေးကောက်ပွဲမှ တက်လာတဲ့ CEM ဟာ Pu Lalsawia ဖြစ်ပြီး EM အနေဖြင့် Hrangaia နှင့် R. Sangkunga တို့ဖြစ်ပါတယ်။ ၁၉၅၄ မှာ Saprawnga ဟာ အလည်အပတ် ရောက်လာပြီး Mizo Union Headquarter ကို  ပြဿနာရှာကာ စက်တင်ဘာ ၁၈ ရက်နေ့မှာ Pu Lalsawia ကို နုတ်ထွက်ဖို့ ဖိအားပေးလာပါတော့ တယ်။ သူ နှုတ်ထွက်ပြီး အစိုးရသစ်ကို ဖွဲ့စည်းတဲ့ အခါမှာ Saprawnga ဟာ CEM ဖြစ်လာပြီး EM အဖြစ် Lalbuaia နှင့် Lalsawia ဖြစ်လာကြပါတယ်။
ဆိုလိုတာကတော့ ကျနော်တို့ ပညာတတ်များရဲ့ အဆင့်ရာထူး လိုလားမှုများဟာ အမျိုးသား ကံကြမ္မာကို တစ်မျိုးဖန်တီးနေနိုင်ပါတယ်။ မီဇိုရမ်ကိစ္စကို ကြည့်ခြင်းအားဖြင့် သင်ခန်းစာယူနိုင်ပါတယ်။ ပညာတတ်တိုင်း လိုလို သူတို့နှင့် ထိုက်တန်တဲ့ ရာထူးက လိုလားတတ်ကြပါတယ်။ အမျိုးသားရေး စိတ်ဓါတ်တကယ်မရှိပဲ၊ နောက်ခံဘ၀နှင့် တကယ်မဆက်စပ်ပဲ ကိုယ်ကျိုးအတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်နေနိုင်ကြပါတယ်။ မိမိတို့ ချင်းပြည် ဟာလဲ ပူး ၀မ္မသူး မောင်ရဲ့ အမျိုးသားစိတ်ဓါတ်ကို အဓိက အခြေခံကာ တည်ဆောက် လာကြ ရာ ယနေ့ ချင်းအမျိုးသားနေ့ လို့ ခေါ်ဝေါ်သမုတ် ထားတဲ့ နေ့မှာ ဒေသခံ သူကြီးများရဲ့ အာဏာကို သော်လည်းကောင်း၊ ပိုင်ဆိုင်မှုကို သော်လည်းကောင်း ရုတ်သိမ်း လုယူခဲ့ကြပါတယ်။ သူတို့ရဲ့ ကိုလိုနီ ကို စွမ်းစွမ်းတမံ တိုက်ခိုက်လာခြင်းကို အသိအမှတ်မပြုတော့ပဲ သူတို့ကို အမျိုးသားရေးအတွက် ပါဝင်လာလိုမှု ရပ်တန့်စေခဲ့ပြီး ရလဒ်အနေဖြင့် တစ်မျိုး သားလုံး ကျွန်သက်ရှည်စေခဲ့ပါတယ်။ ရန်သူနဲ့ ကိုယ့်လူ ခွဲခြား သတ်မှတ် နိုင်မှု လွဲချော်သွားတဲ့အခါ တမျိုးသားလုံးက ဒုက္ခရောက်နေကြရပါတယ်။
နယ်ချဲ့ အစိုးရတွေကို စွမ်းစွမ်းတမံ တော်လှန်ခဲ့ကြတဲ့ ချင်းအမျိုးသား သူကြီးများကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါတယ်။     khonumthungburmese

No Response to "အိန္ဒိယဖက်ပါသွားတဲ့ မီဇိုရမ်ကိုအတု ယူပြီး"

Leave A Reply