Friday, February 22, 2013

တောတောင်ရေမြေ စောင့်ရှောင့်တဲ့ ဓလေ့ထုံးတမ်းစဉ်လာ

Posted on 6:21 PM by tun tun

ကယားမျိုးနွယ်စုတွေ နေထိုင်ကြတဲ့ ကျေးလက်ရွာတစ်ရွာရဲ့ ရွာအဝင်နားက သစ်ပင်ခြေရင်းကြီးအောက်တွင် ငှက်တွေ၊  တောကြက်တွေကို တန်းစင်တစ်ခုပေါ်မှာ အစီအရီချိတ်ဆွဲထားလို့ ကလေးလူကြီး လူငယ်အားလုံးက စုဝေးနေကြတာကိုတွေ့ရပါတယ်။ ဒီရွာလေးက ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ဝီးသဲကူး(တောင်)ရွာ ဖြစ်ပါတယ်။ ငှက်တွေ တောကြက်တွေကို ယခုလို အစီအရီချိတ်ထားတာတွေက ကယားရိုးရာအစဉ်အလာအရ နတ်ပူဇော်ပသထားတာဖြစ်ပြီး မနက်ကတည်းက ကျေးရွာမှကလေးလူငယ်လူရွယ်တွေက တောလိုက်လို့ ရထားတဲ့ ငှက်တွေလို့ သိရပါတယ်။ ဒီတောလိုက်ပွဲမှာတော့ ခြေလေးချောင်းကိုမလိုက်ပဲ တောကြက် နှင့်ငှက်တွေကိုဘဲလိုက်ကြတာဖြစ်လို့ (ငှက်လိုက်ပွဲ)လို့လည်းဆိုပါတယ်။

ငှက်များအား ဖမ်ပြီး ရိုးရာဓလေ့အရ တောတောင်စောင့် နတ်များအား ပူဇော်ပသနေကြစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
ဝီးသဲကူး(တောင်)ရွာက ဦးငါးရယ်က “အရင်ဆုံးကလေး လူငယ်တွေကိုစုစည်းပြီးတော့မှ ရိုးရာဓလေ့အရ ကျနော်တို့ ကြက်ရိုး တစ်ခါထိုး ပါတယ်။ နောက် တောမထွက်ခင်လေးမှာ အဲဒီကလေး လူငယ်တွေနဲ့ဘဲ တခါကြက်ရိုးပြန်ထိုးတယ်။ ကျနော်တို့ဘယ်ဘက်သွားရမလဲ ဆိုတာ ငှက်လိုက်ပွဲ အဖွဲ့ရဲ့ သြဝါဒကိုခံယူပြီး ထုံးစံအတိုင်းငှက်တွေကိုလိုက်ပါတယ်။ ပြီးတော့မှ လိုက်လို့ ရတဲ့  ငှက်တွေကို ဝါးတချောင်းနဲ့ စုစည်းပြီးတော့ ရွာထဲကိုထမ်းဝင်လာတာ” လို့ ပြောပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က ဝီးသဲကူး(တောင်)ရွာမှာ ကျင်းပတဲ့ ရိုးရာအစဉ်အလာပွဲတော်မှာ ကေးဘျာစယ်ကနေဦးဆောင်ပြီး နတ်ပူဇော်ဖို့အတွက် ရွာသူရွာသားတွေနဲ့  တောမှာ ငှက်တွေလိုက်ကြတာပါ။  ကေးဘျာစယ် ဆိုတာက ကျေးရွာတစ်ရွာရဲ့ ကျေးရွာနယ်နိမိတ်နဲ့သက်ဆိုင်တဲ့ ရေမြေတွေကို အုပ်ချုပ်တဲ့ သူကိုခေါ်တာဖြစ်ပါတယ်။
ဒါကို အခုခေတ်မှာတော့ ငှက်လိုက်ပွဲလို့ အလွယ်တကူခေါ်ကြပါတယ်။  ကယား(ကရင်နီ)မျိုးနွယ်စုတွေရဲ့ ကျင်းပလေ့ရှိတဲ့ ကယားဘာသာစကားလို ( ကေးလဲ ) လို့ခေါ်တဲ့ တောစောင့်နတ် ၊ တောင်စောင့်နတ် ၊ ရွာစောင့်နတ် မြစ်စောင့်နတ်တို့ကိုပူဇော်ပသနေတဲ့ ပွဲပင်ဖြစ်ပါတယ်။
ဒေါ်ဖရေးမြာက “တို့မြေတို့ရေနဲ့နေပြီဆိုကတည်းက တို့နေထိုင်တဲ့မြေနေရာကိုတော့ တနှစ်တခါတော့ ပူဇော်ပသရတာပါပဲ တောတောင်စောင့်နတ်ကို ပူဇော်တာဖြစ်ပါတယ် တနည်းအားဖြင့် အခုခေတ် ဗမာလိုပြောကြတာက ငှက်လိုက်ပွဲလို့ပြောလာကြတယ်”  လို့ ပြောပါတယ်။
မကောင်းဆိုးဝါးနတ်တွေရဲ့ နှောက်ယှက်ခြင်း ၊ အန္တရာယ်ပြုခြင်းတို့မှ တားမြစ်ပေးနိုင်တဲ့အတွက် ကေးလဲ ပွဲကို ကျင်းပပြုလုပ်နေကြတာဖြစ်ပါတယ်။ အဓိက ဒီပူဇော်ပွဲကျင်းပရခြင်းက ကလေးသူငယ်တွေ တောတွင်းသားရဲသတ္တဝါတွေရဲ့ ဘေးအန္တရာယ်လွှတ်ကင်းဖို့ သစ်ပင်ပေါ်မှ လိမ့်ကျခြင်း ၊ ရေနစ်ခြင်းမရှိစေဖို့ဘေးကင်းရန်ကင်းဖို့ ၊ ရပ်ရေးရွာရေး ကောင်းစားဖို့ ၊ ကျေးရွာအတွင်း ရေလုံလုံလောက်လောက်ရရှိဖို့ ဘေးဥပါဒ် မကျရောက်ဖို့ ရည်ရွယ်ပြီးပြုလုပ်ကြတာဖြစ်ပါတယ်။
ကယားမျိုးနွယ်စုတွေရဲ့ ကျေးရွာတိုင်းလိုလိုမှာ ကယားရိုးရာအရ ရေမြေတောတောင်တွေကို ပူဇော်ကြပါတယ်။  ဒေသတနေရာနှင့်တနေရာမှာ အနည်းနှင့်အများကွာခြားမှုတွေရှိကြပါတယ်။ ကေးလဲလို့ ခေါ်တဲ့ ကယားမျိုးနွယ်စုတွေရဲ့ တောတောင်ရေမြေစောင့်နတ် ထုံးတမ်းစဉ်လာဓလေ့ပူဇော်ပွဲက သုံးမျိုးသုံးစားဖြင့် ပူဇော်ပသလေ့ရှိပါတယ်။ ကယားဘာသာလို ဆူထျေး လို့ခေါ် ရေစောင့်နတ်ပူဇော်ပွဲ၊ ကေးတရဲဒါး ခေါ် ရွာစောင့်နတ်ပူဇော်ပွဲ ၊ ကေးဒူလဲ ခေါ် တောတောင်စောင့်နတ်ပူဇော်ပွဲ ဆိုပြီး ဓလေ့တွေရှိကြပါတယ်။
ကျေးရွာအများစု ကျင်းပတဲ့ ကေးသရဲဒါး ငှက်လိုက်ပွဲက သူစိမ်းသူတွေကို ရွာထဲအဝင်မခံကြပါဘူး ဝီးသဲကူး(တောင်)ရွာကတော့ တခြားကျေးရွာတွေထက် တမူထူးခြားတာကတော့ ပွဲနေ့မှာဘဲ ကျေးရွာအတွင်းမှာနေထိုင်ကြတဲ့သူတွေအပြင် တခြားရပ်ဝေး မြို့ဝေးသို့ သွားရောက်နေထိုင်သွားကြတဲ့ သူတွေအားလုံးပြန်လည်စုဆုံကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်ဒီပွဲမှာ မျိုးနွယ်စုတွေအားလုံးပြန်လည် ဆုံစည်းရလေအောင်ဆိုပြီးပြုလုပ်တာကတော့ တခြားကျေးရွာတွေရဲ့ ဓလေ့နဲ့မတူတဲ့အချက်တခုဖြစ်ပါတယ်။ ယခုလိုကျင်းပတာ (၁၀)ကြိမ်မြောက်ရှိပြီးဖြစ်ပါတယ်။
ဝီးသဲကူး(တောင်)ရွာမှ ရပ်မိရပ်ဖ တဦးဖြစ်တဲ့ ဦးဌေးရယ်က “ကျနော်တို့ ဒီယဉ်ကျေးမှုကို မပပျောက်စေဖို့အတွက်လုပ်သွားတဲ့ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီငှက်လိုက်ပွဲမှာ ဘယ်လိုရည်ရွယ်ထားလဲဆိုတော့ ကျနော်တို့ ဒီလို တနှစ်တကြိမ်ကျင်းပသွားတဲ့အခါမှာကျတော့ မျိုးနွယ်စုအားလုံး ကျနော်တို့ ဝီးသဲကူးတောင်ရွာက မိသားစုနွယ်အားလုံးဟာ တကွဲတပြားစီဖြစ်သွားနေတဲ့အခါမှာ တယောက်နဲ့တယောက်ဟာ ညီအစ်ကိုမောင်နှမတွေဖြစ်ကြတယ် အဲဒါအားလုံးတွေ့ဆုံတဲ့နေရာမှာ တယောက်နဲ့တယောက်ဟာ ဆွေမျိုးတွေဆိုတာ ပြန်သိရအောင်လို့ ဒီလိုလုပ်ရခြင်းဖြစ်ပါတယ်။” လို့ ပြောပါတယ်။
ဒီပူဇော်ပွဲကျင်းပနိုင်ဖို့ ကျေးရွာအတွင်းရှိ ရွာသူရွာသား အားလုံးအပါအဝင် တခြား မြို့ခြား နယ်ခြားဘက်သို့ ပြောင်းရွှေ့ နေထိုင်သွားတဲ့ ဒေသခံတွေကိုလည်း အလှူငွေကောက်ခံပြီးကျင်းပကြတာဖြစ်ပါတယ်။ ရပ်ရွာအတွင်းနှင့် အနီးနားမှာရှိတဲ့ ရေထွက်ပေါက် ၊ ရေခပ်ဆိပ်တို့မှာ ကယားရိုးရာတွေနဲ့ အလှူခံလို့ရရှိထားတဲ့ငွေတွေနဲ့ ကြက် ၊ ဝက် ၊ ခေါင်ရည်တို့နဲ့ပူဇော်ပသကြပါတယ်။ ဒီပွဲမှာလည်း တောစောင့်နတ် ၊ ရေစောင့်နတ်တို့ကို တိုင်တည်ပြီးတော့ ရှေ့လာမည့်အဖြစ်အပျက်တွေကို ကြက်ရိုးထိုးပြီး  မေးမြန်းတာတွေလည်း လုပ်ကြပါတယ်။
ဦးဌေးရယ်က “ဘိုးဘွားဓလေ့ရိုးရာတွေကိုလည်း ဖြောက်ထားတာတွေရှိလာတယ် အခုတော့ ပြန်ပြီးရိုးရာတွေကို ပြန်ထိန်းသိမ်းတော့ အရင့်အရင် အဖိုးအဖွားလက်ထဲကတည်းက ရိုးရာတွေကိုထိန်းသိမ်းဖို့ လုပ်ထားပေးပြီးသား။ အခုလို ကေးလဲပွဲလုပ်တာကလည်း ရေတွေအထွက်ကောင်းဖို့ တိုင်းရေးပြည်ရေးကောင်းဖို့ပါ။ အဲဒါကြောင့်မို့လို့ ဆွေမျိုးတွေအားလုံး လူတိုင်း နေရေးထိုင်ခင်းတွေကောင်းစားဖို့ ဒီလို တောတောင်စောင့်နတ်တွေကို ပူဇော်တာက မိဘဘိုးဘွားစဉ်လာကတည်းက ရှိလာခဲ့ပြီးသားပါပဲ။” လို့ ပြောပါတယ်။
ဘိုးဘွားစဉ်လာကတည်းက ကိုယ့်ရေကိုယ့်မြေကို ရိုးရာဓလေ့ထုံးတမ်းစဉ်လာနဲ့ ကာကွယ်စောင့်ရှောင့်ခဲ့ကြတာ ဖြစ်လို့ အနာဂတ်သားသမီးမြေးမြစ်တွေမှာလည်း မိဘဘိုးဘွားတွေကထားခဲ့တဲ့အမွေတွေကို ထုံးတမ်းစဉ်လာမမေ့မလျော့ပဲ ကာကွယ်စောင့်ရှောင့်ရမယ်လို့ ဦးဌေးရယ် ပြောသွားပါတယ်။    KTIMES

No Response to "တောတောင်ရေမြေ စောင့်ရှောင့်တဲ့ ဓလေ့ထုံးတမ်းစဉ်လာ"

Leave A Reply