Friday, February 22, 2013

ကရင်နီပြည်နယ်မှ ကယားပြည်နယ်အမည်သို့ ပြောင်းလဲ ခေါ်ဝေါ်သည့်နေ

Posted on 6:23 PM by tun tun

ကယား(ကရင်နီ)ပြည်နယ်၏ ပြည်နယ်တွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေအားလုံးဟာ ကိုယ့်ရိုးရာဝတ်စားဆင်ယင်မှုတွေနဲ့အတူ မျိုးနွယ်စုအလိုက် မိမိတို့၏ဓလေ့ထုံးတမ်းစဉ်လာအရ  ရိုးရာအကတွေနဲ့  စည်ကားသိုက်မြိုက်နေတဲ့ လွိုင်ကော်မြို့ ကန္ဒရဝတီ အားကစားကွင်းဘေးမှာ မျိုးနွယ်စု တစုပြီးတစု လာရောက်ကပြ ဖျော်ဖြေနေ ကြပါတယ်။ ဒါကတော့ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာနဲ့ တပြည်နယ်လုံး လူမျိုးအားလုံးပါဝင်တဲ့ ကယားပြည်နယ်နေ့ (Kayah Day ) ပွဲတော် ကျင်းပနေခြင်းဘဲဖြစ်ပါတယ်။
ဇန်နဝါရီလ (၁၅)နေ့ဟာ ကယားပြည်နယ်နေ့ဆိုပြီး တပြည်နယ်လုံးအတိုင်းအတာနဲ့ ပွဲလမ်းသဘင်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာတာ ယခုဆိုလျှင် (၆၁) နှစ်မြောက်ရှိပြီး ဖြစ်ပါတယ်။
ဒီလိုအချိန်အခါရောက်ရှိလာတိုင်း အခမ်းအနားနှင့်တကွ ကျင်းပလျက်ရှိပြီး ပွဲခင်းထဲမှာတော့ အားကစားပြိုင်ပွဲတွေ ၊ ပြခန်းတွေ နဲ့ နာမည်ကြီး အဆိုတော်တွေ ၊ ဈေးသည်တွေ ဈေးဆိုင်တွေနဲ့ လွိုင်ကော်မြို့ တမြို့လုံးမှာဆိုရင် ကားတွေ ထော်လဂျီတွေ ဆိုင်ကယ်တွေနဲ့ ပြည့်နက်နေလျက် ရှိပါတယ်။  
တချိန်က ကရင်နီပြည်နယ်လို့ ခေါ်တဲ့အသုံးအနှုန်းကနေ ကယားပြည်နယ်လို့ ပြောင်းလဲခေါ်ဆို သတ်မှတ်လိုက်တဲ့နေ့ကို အထိမ်းအမှတ်အနေနဲ့ ယခုလို ကယားပြည်နယ်နေ့ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဒီမနက် ကယားပြည်နယ်နေ့ အခမ်းအနားမှာ ပြောသွားပါတယ်။  
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ ကရင်နီပြည်နယ် လို့ ပြဌာန်းပါရှိခဲ့ပါတယ်။ ပြောင်းလဲခေါ်ဆိုလိုက်သည့်နေ့က ၁၉၅၂ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှာ မှာဖြစ်ပါတယ်။ ကယားပြည်နယ်နေ့လို့ သတ်မှတ်လာခဲ့ကြတယ်ဆိုပေမဲ့လို့ လူထုအများစုက သဘောမတူညီခဲ့ကြလို့ လက်ရှိပြောင်းလဲလာတဲ့ နိုင်ငံရေးအပြောင်းလဲ မှာ ကယားပြည်နယ်ကနေ ကရင်နီပြည်နယ် လို့အမည်ပြောင်းလဲ ခေါ်ဆိုဖို့အတွက် ကယားပြည်နယ်မှ  (၈၈) မျိုးဆက်ကျောင်းသား တွေက ကြိုးစားနေကြပါတယ်။
ကယား(ကရင်နီ)ပြည်နယ် ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်တဲ့ ကိုဖိုးခွား “ ကရင်နီပြည်နယ်ဆိုတဲ့ဟာက အမျိုးသား နိုင်ငံရေးလက္ခာဏာ ဆောင်တဲ့တရပ်လည်းဖြစ်တယ် အမျိုးသား နိုင်ငံရေး လက္ခာဏာဆောင်တယ် ပြီးတော့ ပိုမိုကျယ်ပြန့်တဲ့ လူမှုအဖွဲ့အစည်းကိုလည်း ကိုယ်စားပြုတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသထဲမှာရှိတဲ့လူတွေ တိုင်းရင်းသားအားလုံးနဲ့ ကိုယ်စားပြု နိုင်တဲ့ အမည်နာမ တခုလည်းဖြစ်တယ်။ သမိုင်းကြောင်းဆိုင်ရာနဲ့လည်း ကိုက်ညီတယ် သမိုင်းကြောင်းပြန် ကြည့်ရင်လည်း ကရင်နီပြည်ဆိုတဲ့ မူလအမည်ဟာ သမိုင်းကြောင်းထဲမှာလည်းပါခဲ့တယ် ဟို့ရှေ့ဆက်အရင် ၁၉၄၇ အခြေခံဥပဒေရေးဆွဲတဲ့အထဲမှာလည်း ကရင်နီဆိုတဲ့ အသုံးအနှုန်း ပါခဲ့တာကိုး အဲဒီတော့ သမိုင်းကြောင်းဆိုင်ရာ အချက်နဲ့လျော်ညီတယ်။ ကိုက်ညီတယ်။” လို့ ပြောပါတယ်။
တချိန်က ကရင်နီပြည်နယ်ရှိခဲ့တယ်ဆိုတာကို အရင့်အရင်က အခမ်းအနားတွေ ပြခန်းတွေ ဖော်ပြတာတွေ မရှိခဲ့လို့ အခု နှောင်တက်လာတဲ့လူငယ်တွေ မောင်မယ်တွေ အများစုဟာ ကယားပြည်နယ်လို့ပဲ သိကြတာများပါတယ်။ ကရင်နီဆိုတဲ့ အသုံးအနှုန်းဟာ လက်နက်အဖွဲ့အစည်းတွေသာ ခေါ်ဝေါ်ကြတာ ဖြစ်တယ်လို့ ယူဆတတ်ကြပါတယ်။
လက်ရှိမြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဟာ ယခုဆို  အပစ်အခတ် သဘောတူရေးထိုးထားတာ ဆယ်လကျော်ကာလအတွင်းမှာ ရှိနေပြီဖြစ်ပါတယ်။
ကယားပြည်နယ်နေ့ပွဲတော်ကို ပထမဆုံးအကြိမ် အနေဖြင့် ယခုမှသာလျှင် ကြုံတွေ့ဖူးတယ်လို့ ဆိုတဲ့ KNPP မှ ဗိုလ်မှူးဘုန်းနိုင်က ယခုလို ပြောပါတယ်။
“ကျနော်တို့က နကိုယ်ကတည်းက ကရင်နီပါဘဲ ကရင်နီပဲဆိုတာ ဘယ်လိုသွားပြန်ပြီး ပြောင်းရအုံးမလဲ အခုချက်ချင်းကတော့ နိုင်ငံရေးအခြေအနေမှာ စကားပြောလို့ မပြီးသေးတော့ နောက်ငြိမ်းချမ်းပြီ ဆိုတော့မှဘဲ ပြောင်းဖို့ကိစ္စတွေဘာတွေ ပြောရမှာပေါ့ အသိအမှတ်ပြုတာ မပြုတာဆိုတာက ကျနော်တို့ သမိုင်းအရတော့ ဘယ်လိုလုပ်ပြီး အသိအမှတ်ပြုမလဲ သူတို့လုပ်တဲ့အတွက်သူတို့ပွဲဘဲပေါ့ ဒါမလုပ်နဲ့လို့ ကျနော်တို့ပြောလို့မရဘူး ကျနော်တို့သမိုင်းနဲ့ အဖွဲ့အစည်းကတော့ ရှိပြီးသားဘဲ ကျနော်လည်း အခု ဒီတနှစ်မှ ဒီပွဲကို ကြုံဖူးတာပါ တခါမှ မတွေ့ဖူးဘူး ကြားပဲကြားဖူးတာ အခုဒီကိုပြန်ရောက်မှပဲ ကြုံဖြစ်တာပေါ့။” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်ဆိုတဲ့ မူလာအမည်နာမကို အခု ကယားပြည်နယ်ကနေ ကရင်နီပြည်နယ်လို့ ပြန်လည်ပြောင်းလဲ ခေါ်ဆိုလာနိုင်ဖို့ ကယားပြည်နယ်  ကရင်နီပြည်နယ်ကနေ ကယားကိုပြောင်းလဲခေါ်ဆိုလိုက်တဲ့ အကြောင်းအရာသမိုင်းတွေ ၊ ကရင်နီဆိုတဲ့ အခေါ်အဝေါ်တွေနဲ့ ပတ်သက်ပြီး လူထုတွေကို သိအောင် ပြခန်းတွေ ရှင်းလင်းပြောကြားတွေကို လတ်တလောမှာ မလုပ်နိုင်သေးကြောင်း ကယားဒေးလို့ သာလျှင် အစိုးရက အသိအမှတ်ပြုထားတဲ့အတွက်ကြောင့်လည်း ကယားဆိုတာပဲ သုံးနှုန်းမှာဖြစ်ကြောင်း ပြည်နယ်အစိုးရ စီမံနှင့် စီးပွားရေး ဝန်ကြီး ဦးတော့ရယ်က ပြောပါတယ်။
“အဲဒီကိစ္စတခုကတော့ မပြောသေးပါဘူး ကယားဒေးလို့ ခေါ်ဝေါ်တဲ့အတွက်ကြောင့်လည်း ကယားပြည်နယ်နေ့လို့ပဲ သတ်မှတ်နေအုံးမှာပဲပေါ့ ဒါကတော့ ကျနော့်အမြင်ဖြစ်ပါတယ်။  KTIMES

No Response to "ကရင်နီပြည်နယ်မှ ကယားပြည်နယ်အမည်သို့ ပြောင်းလဲ ခေါ်ဝေါ်သည့်နေ"

Leave A Reply