Tuesday, December 11, 2012

ရာထူးပျောက်၊ ဘ၀ပျက်နေကြရတဲ့ စစ်သူနာပြု ကျောင်းဆင်းများ အကြောင်း

Posted on 7:36 PM by tun tun


Font size: Decrease font Enlarge font
သို့

� ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး နှင့် ဗိုလ်ချုပ်ကြီးများခင်ဗျာ�
အကြောင်းအရာ။ ။ အထက်တန်း သူနာပြုများနှင့် ပတ်သတ်ပြီး အသနားခံ တင်ပြခြင်း။

ကျွန်တော်တို့ သည် ရန်ကုန်မြို့ ရှိ တပ်မတော်ဆေးရုံများ၊ နေပြည်တော်ရှိ တပ်မတော်ဆေးရုံများ၊ အောင်ဗန်းမြို့ ရှိ တပ်မတော် ဆေးရုံ၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံများတွင် တာဝန် ထမ်းဆောင် နေကြသော အထက်တန်း သူနာပြုများ ဖြစ်ပါသည်ခင်ဗျာ။

ယခုအသနားခံတင်ပြရသော အကြောင်းအရင်းမှာ ကျွန်တော်တို့များ လက်ရှိဖြစ်ပျက်နေရသော အခြေနေနှင့် ခံစား ချက်များ ဖြစ်ပါသည်ခင်ဗျာ။ ကျွန်တော်တို့ သည်ယခုအချိန်ထိ နိုင်ငံတော်မှ ပေးအပ်သော တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြပါသည် ခင်ဗျာ။ အလုပ် လုပ်ခြင်းဆိုသည်မှာ ထိုအလုပ်ထဲတွင် စိတ်ရော ကိုယ်ပါ ပျော်ရွှင် သာယာမှု့ ရှိမှ အဆင်ပြေမှုရှိပါသည်ခင်ဗျာ။ ယခုအခါ ကျွန်တော်တို့  အားလုံးမှာ စိတ်ရောကိုယ်ပါ ပျော်ရွှင်မှုမရှိ သည့်အပြင် ဘဝ ပျက်သုန်း ခြင်းများနှင့် ကြုံတွေ့  နေရပါသည်ခင်ဗျာ။ ထိုအခြင်းအရာများကို နိုင်ငံတော်အကြီးအကဲ အဘ ဗိုလ်ချုပ် မှူးကြီး၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီးများ သိအောင် အသေးစိတ် တင်ပြ အပ်ပါသည်ခင်ဗျာ။

ကျွန်တော်တို့သည် သင်တန်း စတက်တည်းက စပြီး အနှိမ် ခံခဲ့ရသည်မှာ ယခုအချိန်ထိဖြစ်ပါသည်။ သင်တန်း တက်စဉ် အခါကလည်း အုပ်ချုပ်သူ အရာရှိများ၏ ပြင်းထန်စွာနှိပ်စက်မှု၊ ညှင်းစဲမှုများကို ခံခဲ့ရပါသည်။ အုပ်ချုပ်သူ အရာရှိများ ကျွန်တော်တို့ ကို စခေါ်ပုံမှာ "သင်တန်းသားဆိုတဲ့ အကောင်တွေ" ဟုပဲခေါ်ပါသည်။ ကြိမ်လုံးဖြင့်ရိုက်လျှင်လည်း အချက် နှစ်ဆယ်၊ သုံးဆယ်ရိုက် ပါသည်။ မျက်နှာကိုလက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်းတို့ မှာ ရိုးရှင်းသော ပုံမှန် လုပ်နေကျ များ ဖြစ်ပါသည်။ ပိုဆိုးသည်မှာ လက်ထောက်မှောက် အပြစ်ပေးနေရင်းနဲ့  မျက်နှာကို ခြေထောက်ဖြင့် ဖြတ်ကန်ခြင်း ဖြစ်ပါ သည်။ ယခုလက်ရှိ ကျောင်းတွင် စစ်ရေးပြမှူး တာဝန် ထမ်းဆောင် နေသော ဗိုလ်ကြီးအောင်ဇော်ဆိုသူမှာ လက်ရှိ သင်တန်းသားများအား လက်ထောက် မှောက်ပြီး ကြိမ်လုံး ဖြင့် ရိုက်ရာမှာ တင်ပါးကို မရိုက်ပဲ ကျောကုန်းကို ရိုက်ခြင်း၊ ဇက်ကို ရိုက်ခြင်း၊ ဦခေါင်း ကို ရိုက်ခြင်း၊ မျက်နှာကိုဖြတ်ကန်ခြင်းများအား ပြင်းထန်စွာ ပြုလုပ်ပါသည်ဟု ကျောင်းရှိလက်ရှိ သင်တန်းသားများမှ သူတို့၏ ခံစားချက်များအား ကျွန်တော်တို့ အား အဆင့်မရှိ၊ ဂုဏ်မရှိ၊ အရည်အချင်း မရှိသူများဟု သတ်မှတ်ကာ သင်တန်းကျောင်းမှာ ကတည်းက စပြီး ထိုကဲ့သို့  အနှိမ်ခံပြီး ဆက်ဆံခံခဲ့ရပါသည်။ ကျောင်းဆင်းပြီးသည့် အခါတွင်လည်း သက်ဆိုင်ရာ ဆေးရုံများသို့  ရောက်သွားသောအခါ ကျွန်တော်တို့မှာ အဆင်မပြေမှု များစွာဖြင့် ကြုံတွေ့  ရပါသည်။ မည်သည့် အတွက်ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ စစ်ဆေးရုံများတွင် ရာထူး တံဆိပ်ကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့ ၏ ကော်လံတွင် တပ်ဆင်ပေးထာသော အဆင့် တံဆိပ်အား မည်သူမှ မလေးစား ကြပါ။ မည်သူမှ အသိအမှတ်မပြုကြပါ။ ခြေလျှင်ခြေမြန်မှ သင်တန်းစဆင်းလာသော ရဲဘော်ကတောင် ကျွန်တော်တို့ အား အသက်ငယ် သည်ဟုဆိုကာ ခေါ်စရာ ရာထူးနာမည် မရှိသဖြင့် ဟေ့ကောင်၊ ညီလေး၊ မင်း၊ ငါဟုသာ ရိုင်းပြသော စကားလုံးများဖြင့် ပြောဆို ဆက်ဆံခံရပါသည်။ လက်မောင်းမှာ အရစ်ပေးထားသော သူနာပြု ဆရာကြီးများတောင်မှ ဆရာ၊ ဆရာကြီး ဟု ခေါ်ခံရကာ ရိုသေစွာ ဆက်ဆံခဲ့ရပါသည်။ ကျွန်တော်တို့  မှာ (၄)နှစ်တာကာလ နှစ်ရှည်သင်တန်းကို တက်ရောက်ကာ နိုင်ငံတော် ဒုတိယအကြီး အကဲ ကိုယ်တိုင် စစ်ရေးပြ အခမ်းအနားဖြင့် ကျောင်းဆင်းပေးသော ဘွဲ့ ရ ပညာတတ်များ ဖြစ်လျှက်နဲ့  ထိုလက်မောင်းတွင် ရာထူးပေးထားသော အခြားအဆင့် ဆရာကြီးများလောက်တောင် ရိုသေစွာ ဆက်ဆံ မခံရပါ။ စစ်သည်တို့ ၏ အမျိုးသမီးများမှာလည်း ကျွန်တော်တို့ အား အရာရှိ အဆင့်များ မဟုတ်ဟု သတ်မှတ်ကာ ဟေ့၊ နင်၊ ငါ စသည့်အသုံးအနှုန်း များဖြင့် ရိုင်းပြစွာ ဆက်ဆံကြပါသည်။ ကျွန်တော်တို့  ၏ ခံစားချက်များကို အဘများစာနာ ကြည့်ပေးစေချင်ပါသည်။ ကျွန်တော်တို့ မှာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေကြပြီး စိတ်မချမ်းသာ ကိုယ်မချမ်းသာ ဖြစ်ရပါသည်။ တပ်များတွင်လည်း မည်သူနှင့်မျှ မတည့်ဖြစ်ကာ စစ်သည်ချင်း သွေးကွဲလျှက် တစ်ယောက်နဲ့  တစ်ယောက် အငြိုးထား ရန်စောင်းကာ နေထိုင် ဆက်ဆံနေရပါသည်။ တပ်မတော်ဆိုသည်မှာ စစ်သည် အချင်းချင်း စည်းလုံးမှု ရှိရန် အထူးလိုအပ်ပါသည်။ ယခုအခါ ထိုကဲ့သို့ မဟုတ်ဘဲ အခြား အဆင့်စစ်သည်များ မှာလည်း ကျွန်တော်တို့ အား ဒီကောင်တွေက အရာရှိ မဟုတ်ဟုဆိုကာ ရိုင်းပြစွာ ဆက်ဆံသည့်အတွက် ကျွန်တော်တို့ မှာ အနာပေါ် တုတ်ကျသကဲ့သို့  နာကျင်စွာ ခံစားကြရပြီး ထိုအခြားအဆင့် စစ်သည်ဆရာကြီးများဖြင့် ပြသနာပဋိပက္ခများ ရင်ဆိုင်နေရပါသည်။

ထိုဖြစ်ရပ်သည် ရန်ကုန် သမက၁/၃၀၀စစ်ဆေးရုံနှင့် ၁/၁၀၀၀ စစ်ဆေးရုံကြီး များတွင် ဖြစ်ပွားခဲ့ပါသည်။ ၁/၃၀၀တွင် ဖြစ်ပွားပုံမှာ တပ်ကြပ်အဆင့်ရှိ ဆရာ တစ်ဦးမှကျွန်တော်တို့ ထဲမှ တစ်ဦးအား ဟေ့ကောင်၊ ညီလေး၊ မင်း၊ ငါဟု ပြောဆို ဆက်ဆံရာ ထိုသူနာပြုမှ အထက်အကြီးအကဲ သူနာပြုအုပ်ကိုတင်ပြရာ သူနာပြုအုပ်က ပြောဆိုလိုက်ပုံမှာ"အဲ့ဒီ ဆရာက နင်တို့ ထက် အသက်ကြီးတာပဲ" ဟု ပြောဆိုပြီး ပြန်လွတ်လိုက်ပါသည်။ တပ်မတော် တွင် အသက်ဖြင့် အုပ်ချုပ်သည် မဟုတ်ပါ။ ရာထူးဖြင့်သာ အုပ်ချုပ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ သည် ဆေးရုံထဲတွင် WARDMANANGER တာဝန်ကို ထမ်းဆောင်ရသူများ ဖြစ်ပါသည်။ WARD ထဲတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော SISTERS အမများမှ မောင်လေး ဆရာကြီးကို ဒါလုပ်ခိုင်း လိုက် ပါ၊ ဟိုဟာလုပ်ခိုင်းလိုက်ပါဟု တစ်ခုခုခိုင်း၊ ခိုင်းလျှင် ကျွန်တော်တို့ မှာ ဆရာကြီး များအား ခိုင်းလို့ မရသည့် အပြင် ပြသနာပါကြုံရပါတော့သည်။ ထိုအခါခိုင်းလို့  မရသော ကြောင့် ရအောင် ခိုင်းသော အခါ ဆရာကြီးများမှ ကျွန်တော်တို့  အားအငြိုးဖွဲ့  ကာ ညအချိန်တွင် လက်နကများဖြင့် ချောင်းရိုက်ခြင်းများ စတင် ခဲ့ပါသည်။ ထိုဖြစ်ရပ်သည် ရန်ကုန် ၁/၁၀၀၀ စစ်ဆေး ရုံကြီး တွင် လွန်ခဲ့သော (၃)နှစ် ကျော်ခန့်  က ဖြစ်ပွားခဲ့ပါသည်။ စစ်သူနာပြု နှစ်ယောက်မှာ ည(၉) နာရီ လောက်တွင် နှာခေါင်းကိုတုတ်ဖြင့် ချောင်းရိုက်ခံရပြီး ချက်ချင်း ဆေးရုံ တက်ခဲ့ ရပါသည်။ ထိုကဲ့သို စစ်သည် အချင်းချင်း မညီညွတ် ရန်သူကဲ့သို့  သဘောထားပြီး မသင့်မြတ် ဖြစ်ကြရပါသည်။ အရာရှိ များနှင့် ဆက်ဆံသည့်အခါတွင်လည်း ကျွန်တော်တို့ အား ဒီကောင်တွေက အရာရှိ မဟုတ်ကြ ဘူးဆိုကာ အနှိမ်ခံ ဆက်ဆံခံရပါသည်။ တပ်များတွင်လည်း ကျွန်တော်တို့  အား အခြား အဆင့် စာရင်းထဲတွင် ထည့်သွင်း ရေးဆွဲခံ ရပါသည်။ ကျွန်တော်တို့  မှာ ဘွဲ့  ရပညာတတ်ကာ နိုင်ငံတော် ဒုတိယအကြီးအကဲကိုယ်တိုင် အသိအမှတိပြု ကျောင်းဆင်းသူများ ဖြစ်ကာ တပ်များတွင် အခြား အဆင့်ကဲ့သို့  ထားသည်မှာ ရင်ထဲတွင် အလွန်တရာခံစားရကာ စိတ်မချမ်းသာ ကိုယ်မချမ်းသာ ဖြစ်ရပါသည်။ ထိုကဲ့သို့  စစ်သူနာပြုတိုင်း စိတ်ဓာတ်ကျဆင်းနေကြရပါသည်။ တစ်ချို့  ဆိုလျှင် ကိုယ့်ဘ၀ကို ကိုယ် စိတ်ဓာတ်ကျလွန်း ပါသဖြင့် အရက်ကိုပဲအမြဲသောက်ကာ အရက်သမား ဘ၀ကို ရောက်ကြ ရပါသည်။ တစ်ချို့ မှာ ကိုယ့်ကိုကိုယ် တမင်တကာ ရောဂါဖြစ်အောင် ဖန်တီးပြီး ဆေးကို ပုံမှန် မသောက်ပဲ ရောဂါ ကျွမ်းသွားအောင် ကိုယ့်ဘဝကို ဖျက်ဆီးပစ်ကြသူများလည်း ရှိပါသည်။ ထိုသူသည် ယခုလက်ရှိ အမှတ်၁/၁၀၀၀ ဆေးရုံကြီးတွင် ဆေးရုံတက် ဆေးကုသမှုခံနေရပြီး (ဒီနေ့ လား၊ မနက်ဖြန်လား) သေရမဲ့နေ့ ကိုစောင့်နေရသူဖြစ်ပါသည်။ ထိုသူသည် TBေ၇ာဂါဖြစ်ကာ ခံစားနေရသူဖြစ်ပါသည်။ စိတ်ဓာတ်ကျဆင်းလွန်းပါသဖြင့် TBဆေးကို ပုံမှန်မသောက်သည့် အတွက် ဆေးယဉ်သွားကာ ရောဂါကိုကုမရတော့ပါ။ ယခုအခါ အဆုတ်နှစ်ခုလုံးပျက်စီးနေပြီး ဘ၀ပျက်သွား ပါသည်။ ၂၀၀၈ခုနှစ် မှာဆိုလျှင် သင်တန်းသားတစ်ယောက်သည် စိတ်ညစ်လွန်းပါသဖြင့် ဆွဲကြိုး ချကာ ကိုယ့်ကိုကိုယ် သေကြောင်း ကြံခဲ့ပါသည်။ သင်တန်းတွင် အကောင်းဆုံး သင်တန်း သား ဆုရသူများ မှာလည်း စိတ်ဓာတ်ကျကာ မိမိဘ၀ကို မိမိ တန်ဖိုးမထားဘဲ အရက် ကိုပဲ အမြဲ သောက်ကာ အပြစ်များကျူးလွန်ပါသဖြင့်  ရဲဘော်ဘဝသို့  အဆင့်ချ ခံရကာ ဒုက္ခရောက် နေကြ ပါသည်။ အပါတ်တ်စဉ်(၁)နှင့် အပါတ်စဉ်(၂)မှ (BC)ဆုရ စစ်သူနာပြု နှစ်ယောက်မှလွဲပြီး အောက်အပါတ်စဉ် (BC)ဆုရ သူနာပြုများမှာ အဆင့်လျှော့ချခြင်း ခံရပြီး၊ အချုပ်ကျခံရခြင်းများဖြင့် ဘဝပျက် နေကြ ပါသည်။ ကျွန်တော်တို့ မှာ လစာမတိုးခင် သင်တန်းစခေါ်စဉ်အခါက လစာ (၉၀၀၀ိ/) ဒုဗိုလ်လစာဖြင့် ခေါ်ပြီး လစာ တိုးသောအခါ ကျွန်တော်တို့မှာ ဒုဗိုလ် လစာ မရတော့ဘဲ လစာလျော့ခြင်း ခံလိုက်ရပါသည်။

ထိုမှ တစ်ဖန်နေပြည်တော်တွင်လည်း အိမ်ထောင်သည် များအား လွန်ခဲ့သောနှစ်နှစ်ခန့် က အရာရှိ အိမ်များဖြင့် နေရ ပါသည်။ အရာရှိအသုံးအဆောာင် FACILITIES များခံစားခွင့် ရရှိပါသည်။ ယခုအခါ စစ်သူနာပြု အိမ်ထောင် သည်များမှာ အခြားအဆင့် စစ်သည်များနှင့် တန်းတူ အခြား အဆင့် စစ်သည် လိုင်းတွင်သာ နေထိုင်ကြရပါသည်။ ပိုဆိုးသည်မှာ ကျွန်တော်တို့ အား အရင်က ထုတ်ပေးထားသော အရာရှိ အသုံးအဆောင်များကို ပြန်လည် သိမ်းဆည်း ခြင်း ခံရပါသည်။ ကျွန်တော်တို့ မှာ တဖြေးဖြေးနှင့် ပိုပြီး အဆင့်နိမ့်၊ နိမ့်လာပြီး ပိုပြီး အနှိမ်ခံရမှုများကာ အလွန့်  အလွန် စိတ်ဓာတ် ကျဆင်းမူ များစွာဖြင့် ကြုံတွေ့ နေရပါသည်။

သို့ ဖြစ်ပါသဖြင့် ကျွန်တော်တို့ ၏ ထိုဆင်းရဲခြင်းများအား စာနာငဲ့ညှာ သနားပေးနိုင်ပါရန် နိုင်ငံတော် အကြီးအကဲ အဘများအား ကျွန်တော်တို့  အားလုံးမှ စုပေါင်းပြီး ရိုသေစွာအသနားခံ တင်ပြအပ်ပါသည်ခင်ဗျား။

ရိုသေလေးစားစွာဖြင့်�
အထက်တန်း စစ်သူနာပြုများ     

                                             narinjara

No Response to "ရာထူးပျောက်၊ ဘ၀ပျက်နေကြရတဲ့ စစ်သူနာပြု ကျောင်းဆင်းများ အကြောင်း"

Leave A Reply