Saturday, November 9, 2013

ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁ဝ) ဘဏ်သူဌေး ဦးရဲကျော်သူ

Posted on 7:00 PM by tun tun


ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁ဝ) ဘဏ်သူဌေး ဦးရဲကျော်သူသည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင် လုပ်ကိုင်သူ ၁၉ဝဝ ပြည့်နှစ် ဝန်းကျင်ကပင် အိန္ဒိယ ရူပီးငွေ သိန်းတရာခန့် ရင်းနှီးမြှုပ်နှံထားသည့် 'ဦးရဲကျော်သူ အင် ကုမ္ပဏီလီမီတက်' လုပ်ငန်းကို တည်ထောင်ခဲ့သူ၊ သူ့ခေတ် သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့်ထိသမျှ ငွေဖြစ်မည်ဟု တင်စားပြောခံရသူ၊ အိန္ဒိယ အစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ဝီရိယ တီထွင်ဉာဏ်နှင့် ပြည့်စုံ၍ လှေထိုးသား ဘဝမှ စီးပွားရေး လုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘဝမမေ့ဘဲ လှေထိုးသား ဘဝက အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှုတရပ်မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် ကုလားတပည့်ကလေးနှင့် အတူ မြို့ကိုလှည့်၍ 'အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင် ငွေတွေ မျောနေသည်၊ ဆယ်ယူကြလော့' ဟု အလုပ်လုပ်ရန် ဆော်သြလေ့ရှိသူ စသည့် ကောင်းသတင်း အဖုံဖုံနှင့် ပြည့်စုံသော စွန့်စားတီထွင် စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သည်။ ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁ဝ) ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်းဝါမြို့အနီး ပဲတလီကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင် တိုင်းရင်းသား ဦးဒိုးအောက့်ကယ် ဖြစ်၍ ညီအစ်ကို ၄ ဦးတွင် တတိယမြောက် ဖြစ်သည်။ အစ်ကို ရဲဘော်သွယ်၊ ရဲမြသွယ်နှင့် ညီမှာ ရဲအောင်ရှီ ဖြစ်သည်။ အရွယ်ရောက်လျှင် ညီအစ်ကို နှစ်ဦး မိမိတို့၏ ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် ပြန်လာကြသည်။ မကြာမီ အစ်ကိုဖြစ်သူမှာ မိဘများထံ ပြန်သွား၍ တဦးတည်း စစ်တွေ၌ ကြုံရာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံ့ခီ၏ ကုန်ရောင်းလှေတွင် လှေထိုးသား အဖြစ် စတင် လုပ်ကိုင်ခဲ့သည်။ အလုပ်ကို နေ့ညမရွေး အချိန်ပြည့် လုပ်ကိုင်သည်။ အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ဝီရိယရှိမှု၊ အမြော်အမြင်ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံ့ခီက သမီးဖြစ်သူ မသံဒါဖြူနှင့် လက်ထပ်ပေးခဲ့သည်။ လက်ထပ်ပွဲပြီးနောက် ရရှိသော မင်္ဂလာလက်ဖွဲ့ ရတနာ ရွှေငွေများကို ယောက္ခမ၏ အလုပ်တွင် ရှယ်ယာ အဖြစ် ပြန်လည်အပ်နှံ၍ စီးပွားရေးကို ဇောက်ချ လုပ်ကိုင်ခဲ့သည်။ သစ်လုပ်ငန်း၊ အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) မှ ဆေးရွက် ရောင်းဝယ်ရေး လုပ်ငန်း၊ ပင်လယ်ကူး လှေသမ္ဗန်များမှ မြစ်သဲရှင် ဝယ်ယူမှု လုပ်ငန်း၊ စစ်တွေမြို့အနီး မြေရိုင်းများ ဝယ်ယူ မြှုပ်နှံမှု လုပ်ငန်း၊ မြေငှား လုပ်ငန်း၊ ဆန်စပါး ရောင်းဝယ်ရေး၊ ဗျိုင်းတောင်၊ ဗျိုင်းမွေး ရောင်းဝယ်ရေး လုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ် ထိုအခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင် တဦး ဖြစ်ခဲ့သည်။ ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘဝနာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူလယ်သမားများ အပေါ် စာနာမှု ရှိသည်။ ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ်ဘရားသား စသည့် နိုင်ငံခြားသား ကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင် တောင်သူလယ်သမားများ မနစ်နာစေရန် စပါးဈေးကို ပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေး လုပ်ငန်းများ အနက် စစ်တွေမြို့၌ ဖွင့်လှစ်ခဲ့သည့် 'ဦးရဲကျော်သူ အင် ကုမ္ပဏီ လီမီတက်' လုပ်ငန်းသည် အထင်ရှားဆုံး ဖြစ်သည်။ ဤလုပ်ငန်းတွင် ကုမ္ပဏီ ရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေးခြင်း၊ ရွှေပေါင်၊ မြေပေါင် လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ်ငန်း ပိုင်ရှင်ဟု သတ်မှတ်ကြသည်။ ထိုဘဏ်လုပ်ငန်းသည် ၁၉၁ဝ ပြည့်နှစ် ဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှု ရူပီးငွေ သိန်းတရာကျော် ရှိသည်။ ဦးရဲကျော်သူ ကွယ်လွန်ပြီးနောက် သတ္တမမြောက် သားဖြစ်သူ ဦးရွှေသာသည် ၁၉၂၄ ခုနှစ် ဝန်းကျင်တွင် တရားဝင် ဘဏ်အဖြစ် စနစ်တကျ တည်ထောင်၍ ဆောင်ရွက်ခဲ့သည်။ ယင်းဘဏ်မှ 'မသံဒါဖြူ အင် ကုမ္ပဏီ လီမီတက်' ကို ခွဲခြားတည်ထောင်၍ အိမ်ငှားခ၊ မြေငှားခ ကောက်ခံသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယ အစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာ၏ အကြံပေး ဘုတ်အဖွဲ့ဝင် အဖြစ်လည်း ပါဝင် ဆောင်ရွက်ခဲ့ရသည်။ စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ ကျောင်းဆောက် အလှူဒါန အမြှောက်အမြား ပြုလုပ်ခဲ့သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော်ကြီးတို့ ဖြစ်သည်။ ထိုစဉ်က ထင်ရှားခဲ့သော လယ်တီ ဆရာတော်ကြီးကိုလည်း စစ်တွေမြို့သို့ ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သည်။ လူမှုရေး အနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီး သားဖွားဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သံကျောင်း (သို့) ဦးရဲကျော်သူ ကျောင်းဟု အမည်တွင်သော ဘုန်းကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင် ဆောက်လုပ်ရန် သစ်များဝယ်၍ စီစဉ်ခဲ့သည်။ နောင်အခါ ဖခင်ကို ရည်စူး၍ သားသမီးများက သံထည်များဖြင့် တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။ ဦးရဲကျော်သူနှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး ၁ဝ ဦး ထွန်းကား၍ သား ၄ ယောက်မှာ ထင်ရှားသည်။ သားအကြီးဆုံး ဦးချန်ထွန်းမှာ အင်္ဂလန်တွင် ဥပဒေပညာ သင်ကြားခဲ့ပြီး ဥပဒေ နောက်ဆုံးနှစ်၌ ပထမတန်းမှ အောင်မြင်ခဲ့ကာ နောင်အခါ ထင်ရှားသော ဥပဒေပညာရှင် တဦး ဖြစ်လာသည်။ ဦးချန်ထွန်း ကဲ့သို့ပင် သားများဖြစ်သော ဦးရွှေသာ၊ ဦးရွှေဘဲ၊ ဦးသာဇံ တို့ကိုလည်း အင်္ဂလန်သို့ စေလွှတ်၍ ဥပဒေပညာများ သင်ကြားစေခဲ့သည်။ ဘဝနိဂုံး ဦးရဲကျော်သူသည် အသက် (၇၇) နှစ် အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက် အင်္ဂါနေ့ နံနက် ရှစ်နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီးများ အတွက် အမွေအဖြစ် ရူပီးငွေ သိန်း ၇ဝ မျှ ကျန်ရစ်ခဲ့သည်။

No Response to "ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁ဝ) ဘဏ်သူဌေး ဦးရဲကျော်သူ"

Leave A Reply