Sunday, May 5, 2013

ကျောက်ဖြူ မီးသတ်ကား ပုဂ္ဂလိက ကုမ္ပဏီများသို့ ဌားရမ်းခြင်း မဟုတ်မှန်ကြောင်း မီးသတ်ဦးစီးမှူး ငြင်းဆို

Posted on 4:54 PM by tun tun


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ကားတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သူတို့ရဲ့ ကိုယ်ကျိုး စီးပွား အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို ဌားရမ်းနေတယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိပါဘူးလို့ ကျောက်ဖြူ မီးသတ်ဦးစီးမှူးက ပြောပါတယ်။
Hyundai-Heavy-Industries
ကျောက်ဖြူမီးသတ် ဦးစီးဌာနမှ ကားတွေကို လအလိုက် စာချုပ်တွေ ချုပ်ပြီး ရွှေသဘာဝ စီမံကိန်း အတွင်း လာရောက် လုပ်ကိုင်နေတဲ့ Hyundai Heavy Industries (HHI)  ကုမ္ပဏီကို ဌားရမ်းနေပါတယ်ဆိုပြီး ဒေသခံတွေက သတင်းပေးပို့လာပြီးတဲ့နောက်ပိုင်းမှာ နိရဉ္စရာက ဆက်သွယ်မေးမြန်းစဉ် မီးသတ်ဦးစီးမှူးက ခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မီးသတ် ဦးစီးမှူးက ကျောက်ဖြူမီးသတ် ဦးစီးဌာနမှာ ကား (၅) စီး ရှိပြီး ခုလို ဌားရမ်းတာ မရှိကြောင်းနဲ့ လူတချို့က သူတို့ ဌာန နာမည်ပျက်အောင် သတင်းအမှားတွေကို ထုတ်လွှင့်နေတာသာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
နိရဉ္စရာကို ကျောက်ဖြူ ဒေသခံတွေ ပေးပို့တဲ့ စာထဲမှာ မီးသတ်ကားကို ငှားရမ်းခ အဖြစ် ကျပ် သိန်းလေးဆယ်ကျော်နဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ ပြောဆိုပါတယ်။  ပထမ အကြိမ် ငှားရမ်းတုန်းက  မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်တားခဲ့တဲ့ အတွက် ရက်အနည်းငယ် အတွင်းမှာ ရပ်နားခဲ့တယ်လို့ ဖေါ်ပြပါတယ်။ နောက်ပိုင်းမှာလည်း ဆက်လက် ဌားရမ်းမူတွေရှိခဲ့တယ်လို့ စာထဲမှာ ဖေါ်ပြပါတယ်။
ကျောက်ဖြူ မီးသတ်ဌာနက ကားတွေ အထဲမှာ “ပြည်သူတစ်ဝက် နိုင်ငံတော်တစ်ဝက် ထည့်ဝင်ငွေနဲ့ ကျခံဝယ်ယူထားတဲ့  မီးသတ်ကားတွေ ပါဝင် သလို တချို့ကတော့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ လှူဒါန်းထားတဲ့ မီးသတ်ကားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။  “ ကိုယ်ကျိုးအတွက် ပြည်သူပိုင် မီးသတ်ကားတွေ ခုလို လုပ်ကိုင်နေတာဟာ စိတ်မကောင်းစရာဘဲ” လို့ ကျောက်ဖြူ ဒေသခံတွေရဲ့ စာထဲမှာ ဖေါ်ပြပါတယ်။
ဒါ့အပြင် ဒေသခံတွေရဲ့ စာနဲ့ အတူ မီးသတ်ကား တစ်စီး  HHI ကုမ္ပဏီကို ရေပေးတဲ့ ဓါတ်ပုံတွေကိုလည်း ပူးတွဲ ပေးပို့လာပါတယ်။
မီးသတ်ဌာန ဦးစီးမှူးကတော့ HHI ကုမ္ပဏီမှာလည်း ကိုယ်ပိုင် မီးသတ်ကား တစ်စီးရှိတဲ့ အတွက် ပုံမှားရိုက်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုသွားပါတယ်။  NARINJARA

No Response to "ကျောက်ဖြူ မီးသတ်ကား ပုဂ္ဂလိက ကုမ္ပဏီများသို့ ဌားရမ်းခြင်း မဟုတ်မှန်ကြောင်း မီးသတ်ဦးစီးမှူး ငြင်းဆို"

Leave A Reply