Sunday, March 3, 2013
ဂျော်ဒန်နိုင်ငံတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် ရက်ရှည်ကြာ ငြိမ်းချမ်းစွာဆန္ဒပြနေသော မြန်မာအလုပ်သမားများအား အကြမ်းဖက်မှုဖြစ်ပွါး/ အလုပ်သမားများအရေးကို ဖြေရှင်းပေးမည့်သူများမရှိ၍ မြန်မာအလုပ်သမားများ အခက်တွေ့
Posted on 4:42 PM by tun tun
|
" ကျနော်တို့က အခြေခံလစာ ၁၅၅ ရေဒေါ်လာရတယ်တယ်၊ တစ်လကို ဒေါ်လာ ၁၀၀ ကျော်စီကုန်နေတော့ ဘာမှမပိုတော့ဘူး၊ ဒါကြောင့် လစာတိုးပေးဖို့ကိုတောင်းဆိုတယ်၊ သူတို့တွေကလည်း ဒေါ်လာ ၁၅၅ ရလို့ ကျေနပ်ရင်အလုပ်ဆင်း ၊ မကျေနပ်ရင်မဆင်းနဲ့လို့ပြောတယ်၊ ကျနော်တို့ကလည်း အပြင်ကိုမထွက်ဘဲ ကိုယ့်အခန်းထဲမှာပဲ ကိုယ်နေကြတယ်၊ ဆူပူမှုလည်း မလုပ်ဘူး၊ ဒါကိုသူတို့လာပြီး မိန့်ခလေးတွေကိုဆွဲလား၊ ယမ်းလားလုပ်တော့ ကျနော်တို့က တားလည်းတားပါတယ်၊ နောက်ဆုံး မိန့်ခလေး ၄ ဦး အရိုက်ခံထိသွားတယ်။ " ဟု အဆိုပါ စက်ရုံမှ ကိုထွန်းထွန်းစိုးက ပြောသည်။
အကြမ်းဖက်ခံရသူများမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးဖြစ်ပြီး အဆိုပါ အမျိုးသမီးလေးဦးမှ မ၀င်းဝင်းမော်၊ မသီတာစန်း၊ ကေခိုင်ရွှေ၊ မစန်းစန်းထိုက် တို့ဖြစ်ကြောင်း သိရသည်။
" မနက် ၆ နာရီမှာ အိပ်ရာကထတော့ အပြင်မှာ မန်နေဂျာ၊ စူပါတွေ ရောက်နေတယ်လို့ အသံကြားတော့ ထွက်ကြည့်ကြတယ်၊ သူတို့တွေက မိန်းကလေးဆောင်ကို အတင်းဝင်ကြတာ၊ ကျမတို့က အမျိုးသမီး အဆောင်တွေကို ယောင်္ကျားတွေ မတက်ရဘူးလို့ပြောတယ်၊ အချို့မိန်းကလေးတွေကလည်း အိပ်နေတဲ့အချိန်လေ၊ ကျမတို့ကို စိုးရိမ်လို့ ကိုယ်နိုင်ငံသားတွေက အော်ကြတယ်၊ ကျမတို့ မြန်မာ အမျိုးသားတွေနဲ့ သူတို့နဲ့ ရန်ဖြစ်မှာစိုးလို့ သူတို့တွေကို မတက်ဖို့တားတော့ လာပြီးထိုးပါတယ်၊ ညီမဆိုရင် မျက်လုံးထိသွားတယ်၊ နောက်တစ်ယောက်ဆိုရင် နုတ်ခမ်းကွဲတယ်၊ သွားလည်း ပဲ့သွားတာ့ပေါ့၊ ကျမတို့လေးယောက် အရိုက်ခံရတယ်။ " ဟု အရိုက်ခံရသူ မ၀င်းဝင်းမော်မှ ပြောသည်။
အဆိုပါအကြမ်းဖက်သောနေ့တွင် တရုတ်နှင့် အာရပီ ၇၀ ရောက်ရှိလာပြီး မြန်မာအမျိုးသမီးများအား အလုပ်ဆင်းရန်အတွက် အဓမ္မခေါ်ဆောင်ရန်ကြိုးစားရာမှ ယခုကဲ့သို့ စော်ကားခံရခြင်းဖြစ်ကြောင်း လက်ရှိတွင် မြန်မာအလုပ်သမားများ၏ ဘဏ်အကောင့်များကို ပိတ်လိုက်ခြင်းကြောင့် ဘဏ်ထဲရှိငွေများလည်း ထုတ်ယူသုံးစွဲ မရဖြစ်နေကြောင်း မ၀င်းဝင်းမော်က ဆက်ပြောသည်။
" တရုတ်လူမျိုးနှင့် မြန်မာတွေက အလုပ်ကိုတန်းတူလုပ်ရတယ်၊ တရုတ်တွေ လစာရတာက ၇၅၀ အထက်မှာရှိတယ်၊ မြန်မာတစ်ယောက်ရဲ့လစာ အချိန်ပိုတွေ၊ ရက်မှန်ကြေးတွေပေါင်းမှ ဒေါ်လာ ၂၀၀ ကျော်ပဲရတယ်၊ ပြီးခဲ့တဲ့နှစ်တွေက တရုတ်တွေ ဆန္ဒပြတော့ ဒေါ်လာ ၁၀၀ ထပ်တိုးပေးတယ်၊ တရုတ်တွေကို စက်ရုံက ထမင်းအကျွေးတဲ့အပြင် အပို (၅၀) ထပ်ပေးထားသေးတယ်၊ ကျမတို့ ဆန္ဒပြတာက ဒေါ်လာ ၂၀၀ ပြည့်အောင် နောက်ထပ် ၄၅ ဒေါ်လာပဲတိုးတောင်းတာ၊ စက်ရုံက တာဝန်ရှိတဲ့လူတွေပြောတာက မြန်မာတွေမှာ လက်ရှိသူတို့လက်ထဲမှာ ပိုက်ဆံရှိနေတော့ အလုပ်မဆင်းဘဲနေနိုင်ကြတာပါ၊ အများဆုံးကြာရင် တပတ်၊ နှစ်ပတ်ပါ၊ ငတ်လာရင်တော့ အလုပ်ပြန်ဆင်းကြမှာပါဆိုပြီးပြောတယ်၊ လက်ရှိမှာ ဘယ်သူမှ အကူအညီမလာဘူးဖြစ်နေတယ်၊ ကိုယ့်ဖက်က ဘယ်သူမှ ရပ်တည်ပေးမယ့်သူမရှိဘူး၊ အမျိုးသမီးက တစ်ထောင်ကျော်ရှိနေတယ်၊ အမျိုးသားက ၁၀၀ ကျော်ရှိတယ်၊ နောက်ဆုံး ပြဿနာဖြစ်လို့ ပြန်ရမယ်ဆိုရင်တောင် လမ်းစရိတ်ပေးမယ့် အနေအထားမျိုးမရှိဘူး၊ ကိုယ့်လမ်းစရိတ်နှင့်ကိုယ် ပြန်ရမယ့် ပုံစံမျိုးလုပ်နေတယ်။ " ဟု အဆောင်မှူး မြမြင့်ဇူက ပြောသည်။
" ကျမတို့လာတာက ပါ့စ်ပို့စ်နဲ့လာတာပါ၊ ဒါပေမယ့် ဒီရောက်တော့ပါ့စ်ပို့စ်က တရားမ၀င်ဖြစ်နေတယ်၊ အေးဂျင်း တွေလုပ်ပြီး ပို့လိုက်တဲ့ ပါ့စ်ပို့စ်က ဂျော်ဒန်နိုင်ငံ ပါ့စပို့မဟုတ်ဘူး၊ ထိုင်း၊ မလေး ပါ့စ်ပို့စ်ဖြစ်နေတယ်၊ လက်ရှိမှာ နေရတာလည်း နေထိုင်ခွင့်တွေ လုပ်ထားရတယ်၊ မြန်မာအလုပ်သမားတွေနှင့် အလုပ်ရှင်နဲ့ ချုပ်ထားတဲ့စာချုပ်ကို လာစစ်တဲ့အခါ အလုပ်သမားတွေလက်ထဲမှာ ရှိတယ်လို့ပြောခိုင်းထားတယ်၊ စာချုပ်က ဘယ်အလုပ်သမား လက်ထဲမှာမှ မရှိဘူး၊ သူတို့အကုန်သိမ်းထားတယ်၊ အမှန်ကိုပြောတဲ့ အလုပ်သမားက နောက်နေ့ ပြန်ဖို့အထုတ်ပြင်တော့ပြောတော့ ဆိုပြီးပြောတယ်၊ ပါ့စပို့ကတော့ အလုပ်သမားလက်ထဲမှာရှိတယ်" ဟု မြမြင့်ဇူက ဆက်ပြောသည်။
ဆန္ဒပြအလုပ်သမားများ ဒေသရဲစခန်းထံတိုင်းကြားနေစဉ်
မြန်မာပြည်မှ အေးဂျင်းများက တစ်လလျှင် ဒေါ်လာ လေး၊ ငါးရာရမည်ဟု
ပြောခဲ့ပြီး ပွဲစားများအား မြန်မာငွေ (၃)သိန်းပေးခဲ့ရသည့်အပြင်
ဂျော်ဒန်သို့ ရောက်ရှိရာ ဒေါ်လာငွေ ၉၅၀ ထပ်ပေးရမယ်ပြောပြီး (၆) လအတွင်
ပြန်မပေးနိုင်က အတိုးထပ်၍ ပေးရကြောင်း၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က မိမိတို့
အေးဂျင်းမှာတဆင့် မိသားစုများထံသို့ ငွေပို့ခဲ့ရာ
အကြွေးကျေပြီးသောသူများနှင့် အကြွေးမကျေသေးသောသူများ၏ ငွေများကို ကိုစိုင်း
အေးဂျင်းက မိသားစုများထံသို့မပေးဘဲ သိမ်းယူလိုက်ပြီး ကိုစိုင်းအေးဂျင်းမှာ
မြန်မာပြည်မှ ရှောင်ပြေးကာ ဂျော်ဒန်သို့ ရောက်ရှိနေပြီး မနန်းနှင့် မသူဇာ
အေးဂျင်းတို့မှာလည်း ရှောင်ပြေသွားကြောင်း သိရသည်။" ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီစက်ရုံမှာ အလုပ်လုပ်တော့ အဆင်ပြေမှာ မဟုတ်တော့ဘူး၊ ကျနော်တို့အတွက် အသက်လုံခြုံမှုမရှိနိုင်တော့ဘူး၊ လက်ရှိမှာလည်း သူတို့ အကြမ်းဖက်နေတော့ နောက်တစ်ကြိမ်လည်း ဖြစ်လာနိုင်တယ်၊ အရင်ကလည်း တရုတ်က မြန်မာအမျိုးသမီးတစ်ယောက်ကို လက်သီးနဲ့ထိုးလိုက်တယ်၊ အဲဒီတုန်းကလည်း မြန်မာအမျိုးသမီးကို ပြန်ပို့လိုက်ပါတယ်၊ လိုင်းထဲမှာလည်း တရုတ်နဲ့ မြန်မာ ခဏ၊ ခဏ ရန်ဖြစ်နေကြတယ်၊ ဒါပေမယ့် မြန်မာတွေက အမြဲတမ်း အနှိမ်ခံရတယ်။ လူမှုဆက်ဆံရေးလည်းမကောင်းဘူး၊ ကျနော်တို့ကို ခွဲခြားဖိနှိုက်ဆက်ဆံကြတယ်၊ ခိုင်းရင်လည်း အော်ဟစ်ပြီးခိုင်းကြတယ်။ " ဟု ထွန်းထွန်းစိုးက ပြောသည်။
မတ်လ ၂ ရက်နေ့ အကြမ်းဖက်မှုဖြစ်ပြီး မြန်မာအလုပ်သမားအားလုံး စက်ရုံရှေ့ထွက်ဆန္ဒပြခဲ့ကြပြီး နောက်ရဲစခန်သို့ သွားရောက်တိုင်ကြားခဲ့ရာ ၊ ဒဏ်ရာရသူများ၏ ဆေးလက်မှတ်ပါမှ ရဲစခန်းမှ အမှုဖွင့်ပေးမည်ဟု ပြောကြားခဲ့ပြီး လက်ရှိတွင် စက်ရုံမှ တာဝန်ရှိလူကြီးများမှာ အလုပ်သမားများနှင့် အတွေ့မခံဘဲ ရှောင်နေကြကြောင်း သိရသည်။
အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက လက်ရှိတွင် အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် ဂျော်ဒန်နိုင်ငံသို့ တရားဝင် အလုပ်သမားစေလွှတ်ရန် မည်သည့်အေဂျင်စီကိုမှ ခွင့်ပြုထားခြင်းမရှိကြောင်း ဂျော်ဒန်နိုင်ငံရှိ CMJ အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမားဆန္ဒပြမှုမှာ ၎င်းတို့ထံ သတင်းမ၀င်သေးသော်လည်း တာဝန်ရှိသူများထံတင်ပြကာ ဂျော်ဒန်နိုင်ငံမှ မြန်မာသံရုံးနှင့် ချိတ်ဆက်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။
ARAKAN TIMES
Subscribe to:
Post Comments (Atom)
No Response to "ဂျော်ဒန်နိုင်ငံတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် ရက်ရှည်ကြာ ငြိမ်းချမ်းစွာဆန္ဒပြနေသော မြန်မာအလုပ်သမားများအား အကြမ်းဖက်မှုဖြစ်ပွါး/ အလုပ်သမားများအရေးကို ဖြေရှင်းပေးမည့်သူများမရှိ၍ မြန်မာအလုပ်သမားများ အခက်တွေ့ "
Leave A Reply