Saturday, March 9, 2013

ရခိုင် ဆန္ဒပြ ခေါင်းဆောင်တွေကို တရားစွဲမည်

Posted on 4:52 PM by tun tun


မောင်ရမ္မာ
ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်နဲ့ မြောက်ဦးမြို့တွေမှာ ခွင့်ပြုချက် မရဘဲ မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြတဲ့  ဆန္ဒပြပွဲ ဦးဆောင်သူတွေကို ရဲတပ်ဖွဲ့က တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
Sittwe-protestသူတို့ဟာ ဇွန်လနဲ့ အောက်တိုဘာလ အတွင်းက အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို နိုင်ငံတကာရဲ့ အကူအညီနဲ့ လုံးချင်းအိမ်ယာတွေ ဆောက်လုပ်ပေးမယ့် အပေါ် မတ်လ ၇ ရက်နေ့က ကန့်ကွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
အဲဒီ ဆန္ဒပြပွဲတွေကို ပြုလုပ်ရတာကတော့ နိုင်ငံသာ ဟုတ်မဟုတ်ကို မစိစစ်ဘဲ အိမ်ယာ တည်ဆောက်ပေးရင် နိုင်ငံသား အဖြစ် အလိုအလျောက် အသိအမှတ်ပြုရာ ရောက်သွားနိုင်တဲ့ အတွက် ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ စိစစ်ပြီးမှ အိမ်ယာတွေ တည်ဆောက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတာ  ဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေမြို့မှာ ဦးဆောင်သူတွေ အထဲက ဦးကျော်ဇောဦးနဲ့ ဒေါ်မညိုအေးတို့ နှစ်ဦး ကို ဆန္ဒပြပွဲ ပြုလုပ်အပြီး ညနေပိုင်းမှာ အမှတ် (၁) ရဲစခန်းက ခေါ်ယူသွားခဲ့ပြီး ခေတ္တ ထိန်းသိမ်းခဲ့တယ်လို့ ပြောပါတယ်။
နောက်ပိုင်းမှာ ခံဝန်ချက်နဲ့ လွှတ်ပေးလိုက်ပေမယ့် တရားစွဲဆိုမယ်ဆိုတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဦးကျော်ဇောဦးကိုတော့ အိမ်မှာ ရှိနေစဉ် ညနေ ၇ နာရီခန့်မှာ စစ်တွေ အမှတ် ၁ ရဲစခန်းကို ခေါ်ယုသွားခဲ့ပြီး ထိန်းသိမ်းတဲ့ သဘောမျိုး ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ ရဲတာဝန်ရှိသူက ခံဝန်ချက် လုပ်ရမယ်ဆိုပြီး ခံဝန်ချက် လုပ်ကာ နောက်ပိုင်းမှာ လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။
သူနဲ့ အတူ ပါလာတဲ့ မိတ်ဆွေ နှစ်ဦးက ခံဝန်ချက် လက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ ဦးကျော်ဇောဦးက ပြောပြပါတယ်။
စစ်တွေမှာ ဆန္ဒပြပွဲကို ရခိုင်အမျိုးသား ကွန်ယက်၊ စစ်တွေ မြို့မိမြို့ဖ အဖွဲ့၊ အမျိုးသမီးကွန်ယက်၊ ရဟန်းတော် အဖွဲ့ စတဲ့ အဖွဲ့တွေရဲ့ သဘောတူညီချက်နဲ့ လုပ်တာ ဖြစ်တယ်ဆိုတာကို  သက်ဆိုင်ရာ ရဲတာဝန်ရှိသူတွေက အသေးစိတ် သိရှိတဲ့ အတွက် သူတို့ နှစ်ဦးမှာဘဲ အပြစ်ရှိတယ်လို့ ရဲတာဝန်ရှိသူတွေက မယူဆကြဘူးလို့ ဆိုပါတယ်။
အလားတူ ကျောက်တော်မြို့ ရှမ်းရွာ ရပ်ကွက်မှ ဦးမောင်သိန်းနိုင်၊ ဦးမောင်ဝင်း၊ မြို့သစ် ရပ်ကွက်မှ ဒေါ်လှမေ၊ ရွာမရပ်ကွက်က ဒေါ်တင်တင်အေး တို့ လေးဦးကိုလည်း အဲဒီ ဆန္ဒပြတဲ့ ညနေပိုင်းမှာ ရဲစခန်းကို ခေါ်ယူပြီး တရားစွဲဆိုသွားမယ့် အကြောင်း ပြောဆိုခဲ့တယ်လို့ ဦးမောင်ဝင်းက ပြောဆိုပါတယ်။
ကျောက်တော်မြို့ ဆန္ဒပြပွဲမှာ  လူပေါင်း ၂၀၀၀ ကျော်ပါဝင်ခဲ့ပြီး ဒေသအတွင်းက နိုင်ငံရေး ပါတီတွေ၊ လူမူ အဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်တာ ဖြစ်ပြီး ရဲစခန်းမှူးက ဦးဆောင်သူတွေကို ဖုံးနဲ့ အကြောင်းကြားပြီး ရဲစခန်းကို ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းကို ရောက်တော့ သူတို့ လေးဦးကို လက်မှတ်တွေ ရေးထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲသလို လက်မှတ် ထိုးနေစဉ်မှာ  မြို့ပေါ်က လူ ၂၀၀ ကျော်ခန့် ရဲစခန်းကို ၀ိုင်းအုံလာတဲ့ အတွက် လိုအပ်တဲ့ အချိန်မှာ ပြန်ခေါ်မယ်ဆိုပြီး ပြန်လည် လွှတ်ပေးခဲ့တယ်လို့ ဦးမောင်ဝင်းက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရရဲ့ သဘောထားကို သိရှိနိုင်အောင် ပြည်နယ် ပြန်ကြားရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်ကို မေးကြည့်တဲ့ အခါ ဒီကိစ္စက ရဲနဲ့ သက်ဆိုင်တဲ့ အတွက် ရဲမှူးကို မေးရင် သိနိုင်တယ်လို့ ပြောပြီး သူတို့ဆီကို တစ်စုံတစ်ရာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။   NARINJARA

No Response to "ရခိုင် ဆန္ဒပြ ခေါင်းဆောင်တွေကို တရားစွဲမည်"

Leave A Reply