Tuesday, January 15, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၄)

Tuesday, January 15, 2013


ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၄)
အောင်ထူး (ရှေ့နေ)
(အချိန်နည်းပါးမှုကြောင့် မူရင်းသတ်ပုံနှင့် စာစီစာရိုက်အတိုင်း တင်ဆက်ထားခြင်းဖြစ်ပါသည်။)

ကချင်ပြည်နယ် စစ်ပွဲသတင်း ထိပ်တန်းကို ရောက်လာသည့်အချိန်တွင် စိတ်ဝင်စားစရာကောင်းသည့် ကချင် သမိုင်းဆောင်းပါးတစောင်ကို ဖတ်လိုက်ရသည်။ ဆောင်းပါးရှင်မှာ ကိုဝိုင်ဝိုင်ကေ အမည်ရှိ မြန်မာတဦးဖြစ်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) မှ ဖြစ်ပုံရသည်။ မြန်မာနှင့် ကချင်အကြား တွင် လူမျိုးရေးမုန်းတည်းမှုများ မပေါ်ပေါက်စေရန် ဦးတည်ကြောင်း ဖေါ်ပြထားသဖြင့် တန်ဘိုးထားမိသည်။ စာရေးသူကဲ့သို့ မြန်မာများက ကချင်များအပေါ် လူမျိုးရေးအရ မုန်းတည်းမှုရှိစေရန် စစ်အာဏာရှင်များက ဆက်သွယ်ရေးနည်းပညာအမျိုးမျိုးသုံး၍ လှုံ့ဆော်နေသည့်အချိန်၌ ကိုဝိုင်ဝိုင်ကေ၏ ဆောင်းပါးလေးကို ဖတ်လိုက်ရသည်မှာ ရင်ထဲအေးသွားမိသည်။ ၄င်း၏ ဆောင်းပါးထဲမှ စာပုဒ်သုံးပုဒ်ကို ကိုးကားလိုပါသည်။ အောက်ပါ ပထမ နှစ်ပုဒ်မှာ ကချင်သမိုင်းနှင့် ဆိုင်ပါသည်။

“ကချင်လူမျိုးတို့သည် ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက်တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့စတင်၍ ကျုးကျော်လာစဉ်ကတည်းက အလွန်တရာ မုန်းတီးခဲ့ပြီး ဗမာနှင့် အခြားတိုင်းရင်းသားများနည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံတွန်းလှန်ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏ စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကို လက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက်ကို ချည်နှောင်ခြင်း၊ အတင်းအဓမ္မ ဒူးထောက် အညံ့ခံခိုင်းခြင်းများကို လုံးဝမကြိုက်ပါ။”

“၁၉၄၂- ခု၊ မေလ (၅) ရက်တွင် ဂျပန်တပ်များ ကချင်နယ်မြေဒေသများနှင့် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်ကလည်း အင်္ဂလိပ်စစ်တပ်ကို ခုခံတိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြပြီး၊ ဂျပန်တပ်များ ဆွမ်ပရာဘွမ်သို့ ချီတက်စဉ် ကမ်းပါးစောက်နက်သော လမ်းအကွေ့တစ်နေရာမှ ကချင်များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဂျပန်စစ်သားများ ချောက်ထဲသို့ ကားကို လီဗာတင်မောင်း၍ အသေခံသွားကြသည်အထိ စွမ်းရည်ပြခဲ့ကြသည်။ ထိုနေရာကို (ဂျပန်ပျံကွေ့) ဟု သမိုင်းဝင်တစ်နေရာအဖြစ် ဂျပန်ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုင် သွားရောက်ကြည့်ရှုကြသည်မှာ ကချင်တို့၏ ကျုးကျော်မခံသော ပြည်ထောင်စုစိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်။”

``ဒေါ်အောင်ဆန်းစုကြည်သည် အလယ်မှာနေမည်ဟူသော သူမ၏ ရပ်တည်မှုကို စွန့်လွှတ်ပြီး အမှန်တရား၊ တရားမျှတမှု၊ အဖိနှိပ်ခံလူထုများနှင့် အခွင့်အရေးဆုံးရှူံးနေကြသော တိုင်းရင်းသားများဘက်တွင် ပြန်လည်ရပ်တည်သင့်ပါပြီ။ ယင်းရပ်တည်ချက်အပေါ်တွင် အခြေခံ၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲလျက် ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စများအား စွမ်းစွမ်းတမံ ဆောင်ရွက်လိမ့်မည်၊ ကချင်ပြည်နယ်လူထု ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ပေးလိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်ပါသည်။´´

ငြိမ်းချမ်းသည့် ပြည်ထောင်စုကို တည်ဆောက်လိုပါလျှင် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကို တန်ဘိုးထားရပါမည်။ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို ထိုးစစ်ဆင်နေခြင်းများနှင့် စပ်လျှဉ်း၍ “ ကေအိုင်အေက မိုင်းခွဲတာတွေ၊ ရိက္ခာပို့ရာမှာ ဟန့်တားနှောက်ယှက်မှုတွေ လုပ်တဲ့အတွက် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရခြင်းဖြစ်ကြောင်း၊” အစိုးရက ဇန်န၀ါရီလ (၄) ရက်နေ့၌ ထုတ်ပြန်သွားခဲ့သည်။ ၄င်းအရ မိုင်းခွဲသူ ကေအိုင်အေသည် လူဆိုးဖြစ်ပြီး ကာချုပ်မင်းအောင်လှိုင်၏ စစ်တပ်မှာ လူဆိုးကိုနှိမ်သည့် သူရဲကောင်းအဖြစ် ဖန်တည်းထားသည်။ သို့ရာတွင် မည်သူသည် လူဆိုးဖြစ်ပါသနည်း။ အထက်ပါ သမိုင်းကို အခြေခံ၍ ပြောင်းပြန်လှန်စဉ်းစားဘို့ လိုပါမည်။

၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လက်အောက်သို့ မကျရောက်မီ သမိုင်းအဆက်ဆက် ကချင်လူမျိုးများ လွတ်လပ်စွာနေခဲ့၊ ကိုယ့်မြေကိုယ့်ရေကို ကိုယ့်ဖာသာ စီမံခန့်ခွဲ အသုံးချခဲ့ပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုသည့် အချိန်တွင်မှ ကချင်ပြည်နယ်သည် ပြည်ထောင်စုအဖွဲ့ဝင် အဖြစ်ပါဝင်လာခဲ့သည်။ ကချင်တို့သည် အင်္ဂလိပ်ကိုရော ဂျပန်ကိုပါ သတ္တိပြောင်စွာ ခုခံတိုက်ခိုက်ရင်း ၄င်းတို့၏မြေကို ၄င်းတို့ဖာသာ စီမံခန့်ခွဲပိုင်ခွင့်၊ အသုံးချပိုင်ခွင့်တို့အား အသက်ပေး ကာကွယ်ခဲ့ကြသည်။ ကချင်တို့၏မြေသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများပိုင်သည့် မြေမဟုတ်ပါ။ ကချင်ပြည်နယ်လူထု၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး ကချင်ပြည်နယ်အတွင်းသို့ စစ်အင်အားနှင့် သွားရောက်တပ်စွဲလျှင် စွဲသည့် တပ်သည် ကျူးကျော်သူဖြစ်သည်။ လူဆိုးဖြစ်သည်။ ယင်းကို ရှင်းအောင် စဉ်းစားရန်လိုပါမည်။

အမှန်တရားကို ရှာဖွေရာတွင် အင်အားနှင့် ကြည့်၍မရ။ မကြည့်သင့်။ သမတ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင် ခေါင်းဆောင်သည့် တပ်မှာ လူဦးရေများသည့် မြန်မာလူမျိုးများအား စစ်သားစုဆောင်းနိုင်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများကို အသုံးချပြီး တပ်အတွက် လိုအပ်သည့် လက်နက်ပစ္စည်းအသုံးအဆောင်များ တပ်ဆင်နိုင်ခြင်းတို့ကြောင့် စစ်အင်အား ကြီးမားသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်သည် အဆများစွာ အင်အားနည်းပါးသည်မှာ မငြင်းနိုင်။ ကိန်းဂဏန်းအရ ဤသို့ တွေ့ရပါမည်။

သို့ရာတွင် အင်အားကြီးမားသူက ပြုမူတိုင်း အမှန်တရားအဖြစ် မှတ်ယူ၍မရပါ။ တချိန်တည်း၌ အင်အားနည်းသူက ပြုမူတိုင်းတော့လည်း အမှန်တရား မဖြစ်နိုင်ပါ။ သမိုင်းကြောင်း၊ ဥပဒေနှင့် ကချင်လူထုဆန္ဒအပေါ် အခြေခံ သုံးသပ်လျှင် အမှန်တရားသည် မိမိတို့မြေ၊ ရေနှင့်လူထုကို ကာကွယ်တိုက်ပွဲဝင်သည့် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဘက်တွင်ရှိသည်။ ကေအိုင်အေ၏ ခုခံစစ်သည် တရားသောစစ် ဖြစ်သည်။

ကချင်ပြည်နယ်လူထုပိုင် မြေယာများကို ကြိုက်သလို စိုးမိုးချယ်လှယ်ခွင့်ရရန် စစ်အစိုးရက တပ်ရင်းပေါင်း ရှစ်ဆယ်ကျော်၊ စစ်သည်အင်အား ငါးသောင်းခန့်မျှအထိ စေလွှတ်ချထားခဲ့ပြီးပြီ။ ထပ်မံ ပို့လွှတ်ရန် တပ်များစုဆောင်းနေသည့် သတင်းများလည်း အဆက်မပြတ် ထွက်ပေါ်လျှက်ရှိသည်။ အဓိက အသုံးပြုသည့် လမ်းကြောင်းမှာ မန္တလေး၊ မြစ်ကြီးနားသွား ရထားလမ်းဖြစ်သည်။

စစ်အစိုးရသည် လူထုသုံးနေသည့် ဆက်သွယ်ရေးလမ်းကြောင်းကို အဘယ်ကြောင့် စစ်ရေးရည်မှန်းချက်အတွက် သုံးသနည်း။ စစ်သားများအား အရပ်ဝတ်လဲစေပြီး ရထားပေါ်တင်၊ လက်နက်များကိုမူ လူနှင့်ခွဲထားကာ အခြားတွဲများတွင် ဖုံးဝှက်တင်၊ မြစ်ကြီးနားရောက်မှ လူနှင့် လက်နက်ပြန်တပ်ဆင်၊ ကေအိုင်အေကို တိုက်ရန် စစ်မြေပြင်ကိုလွှတ် စသည့် နည်းနာများအား မရိုးသားစွာ အဘယ်ကြောင့် သုံးနေသနည်း။ လူသားဒိုင်း[i] ကာ၍ တပ်အရွှေ့အပြောင်း လုပ်နေခြင်းမှာ ဦးသိန်းစိန် အစိုးရတွင် တာဝန်မရှိဘူးလား။ ယင်းကို တားဆီးရန်အတွက် ကေအိုင်အေက ရထားလမ်းများကို မိုင်းခွဲဖျက်ဆီးသည့်အခါတွင်မှ လူဆိုးအဖြစ် အဘယ်ကြောင့် အထက်စီးမှ စွပ်စွဲနေသနည်း။ ဦးသိန်းစိန်အစိုးရ က ပြောသည်။ ၄င်းတို့၏ တပ်များအတွက် ရိက္ခာပို့ရာမှာ ဟန့်တားနှောက်ယှက်သောကြောင့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရပါသတဲ့။ ကေအိုင်အေတပ်တွေ နေပြည်တော်အနီး ပျဉ်းမနားတ၀ိုက်တွင် လာတပ်စွဲနေမည်ဆိုလျှင် အဆိုပါတပ်များအတွက် ရိက္ခာပို့ခြင်းအား ဦးသိန်းစိန်အစိုးရက လွတ်လပ်စွာ ခွင့်ပြုမည်လား။

စစ်အစိုးရ၏ စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုနေသော ရထားလမ်းများအား မိုင်းမခွဲစေခြင်လျှင်၊ တပ်များအတွက် ရိက္ခာပို့ရာမှာ အနှောက်အယှက်မဖြစ်စေခြင်လျှင် ကချင်ပြည်နယ်အတွင်း သွားရောက်တပ်စွဲထားသော စစ်အစိုးရ၏ တပ်များအားလုံး ပြန်ဆုတ်ခွါလာကြရန် အမိန့်ပေးလိုက်ရုံပင်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး ချက်ခြင်း ရရှိသွားပါမည်။ သူ့ပြည်နယ်ကို သူ့ဖာသာ ကာကွယ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသိအမှတ်ပြုထားသော ကချင်တပ်များက တာဝန်ယူကြပါလိမ့်မည်။ အထက်ပါ သမိုင်းဆောင်းပါးတွင် ပါရှိသည့် စာပုဒ်ကို လေ့လာပါ။

“မန်ခိန်း (Man Hkaring) ကျေးရွာတွင် ပြုလုပ်သော ကချင်ဒေသ လူထုအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ဗမာများက ကချင်များအပေါ် စိုးမိုးအုပ်ချုပ်မည်မဟုတ်ကြောင်း၊ တောင်တန်းဒေသကို ကချင်များ စိတ်တိုင်းကျ အုပ်ချုပ်နိုင်ကြောင်း၊ သို့ပါသော်လည်း တစ်ပြည်လုံးနှင့်သက်ဆိုင်သော ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည်တို့ကိုမူ ကချင်ဝန်ကြီးပါဝင်သော ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) က တိုင်ပင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဘာသာရေး၌လည်း လွတ်လပ်စွာ ကြိုက်နှစ်သက်သည့် ဘာသာကို ယုံကြည်ကိုးကွယ်နိုင်ကြောင်း၊ ကချင်တပ်ရင်းသီးခြား ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူအခွင့်အရေးရမည်ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာမကောင်းဘူးလို့ ထင်ရင် လက်တွေ့ပေါင်းကြည့်နိုင်ကြောင်း၊ ယခု ဗမာက ယခင်ဗမာနှင့် မတူကြောင်း ခင်ဗျားတို့ ယုံပါ ဟု မိန့်ကြားခဲ့ရာ ကချင်လူမျိုးများသည် ဗိုလ်ချုပ်ကို အလွန်ပင် ကြည်ညိုလေးစားသွားကြပါသည်။ ” ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစားသူများသည် ၄င်း၏မူအပေါ်  အခြေခံပြီး ကချင်ပြည်တွင်းစစ်ပြသနာ၊ ပြည်ထောင်စုတခုလုံး ငြိမ်းချမ်းရေးပြသနာများအား ချဉ်းကပ်ကိုင်တွယ်ရန် လိုပါမည်။

တရားဝင်အစိုးရ ဟူသည်မှာ အဘယ်နည်း။ သူပုန် ဟူသည်မှာ အဘယ်နည်း။

ဦးသိန်းစိန်၏ တပ်များက အစိုးရတပ်ဖြစ်၍ တရားဝင်သည်။ ကေအိုင်အေက သူပုန်ဖြစ်၍ တရားမ၀င်။ အစိုးရတပ်က သူပုန်ကို ချေမှုန်းခြင်းမှာ တရားသည် မှန်ကန်သည်ဟု ပြောကြသူများကိုလည်း တွေ့ရသည်။ ယင်းအကြောင်းပြချက်အား လက်ခံသင့် မသင့် ရှုဒေါင့်နှစ်ခုမှ စဉ်းစားရန် လိုပါသည်။ စာရေးသူကဲ့သို့ မြန်မာလူမျိုးများနှင့် ဖွဲ့စည်းထားသည့် မြန်မာပြည်နယ်၏ ရှုဒေါင့်နှင့် မြန်မာမဟုတ်သည့် အခြားတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များ၏ ရှုဒေါင့် ဟူ၍ဖြစ်သည်။

ပထမဆုံးအနေနှင့် အစိုးရ၏ တရားဝင်မှုကို ဆန်းစစ်ရပါမည်။ အစိုးရကိုယ်တိုင်က တရားဝင်မှသာ ယင်းကိုနာခံပေးနေသော တပ်မှာ တရားဝင်ပါမည်။ ဦးသိန်းစိန်အစိုးရမှာ တရားဝင်အစိုးရ မဟုတ်ပါ။ အကြောင်းနှစ်ချက်ကြောင့် ဖြစ်သည်။ ပထမအချက်မှာ နာဂစ် မုန်တိုင်းပြင်းထန်စွာ ကျရောက်နေစဉ်အတွင်း အတင်းအကြပ် အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအပေါ် အခြေခံ၍ ဖွဲ့စည်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများအတွင်း ကြိုတင်မဲများ အသုံးပြု၊ မဲကလိန်ကျပြီး အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် အများစုအပေါ် အခြေခံ ဖွဲ့စည်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ကြိုတင်မဲများဖြင့် အနိုင်ယူခဲ့ခြင်းကို ရွေးကောက်ပွဲကော်မရှင်ကပင် ၀န်ခံခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရမှာ တရားဝင်အစိုးရ မဟုတ်ပါ။

ဒုတိယအနေနှင့် တရားဝင်အစိုးရ အနေနှင့် စဉ်းစားကြည့်ပါမည်။ လူထုက ဒီမိုကရေစီနည်းကျ စစ်စစ်မှန်မှန် ရွေးချယ်တင်မြှောက်သဖြင့် တရားဝင်အစိုးရ ပေါ်လာပြီ ဆိုကြပါစို့။ လူများစု၏ မဲဆန္ဒအရေအတွက်ကိုသာ အခြေခံစဉ်းစားလျှင် ယင်းတရားဝင်အစိုးရသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများ နေထိုင်ရာ မြန်မာပြည်နယ်တွင်သာ အာဏာလွှမ်းမိုးမှု ရှိပါမည်။ မြန်မာပြည်နယ်အတွင်း၌ ယင်းတရားဝင် အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်သည့် အဖွဲ့အား သူပုန်ဟု ပြောနိုင်ပါမည်။ မြန်မာလူမျိုးမဟုတ်သည့် အခြားတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များကို မလွှမ်းခြုံပါ။

တတိယအနေနှင့် ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များ အားလုံးကိုပါ လွှမ်းခြုံအာဏာသက်ရောက်စေမည့် ပြည်ထောင်စုအစိုးရကို မည်သို့စဉ်းစားမည်နည်း။ နှစ်ချက် လိုပါသည်။ တစ်ချက်မှာ ပင်လုံစာချုပ်ပါ တိုင်းရင်းသားများ၏ အခွင့်အရေးကို ဖေါ်ဆောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရှိရပါမည်။ ယင်းအပေါ် အခြေပြု၍ ကျင်းပသော ရွေးကောက်ပွဲနှင့်အညီ ရွေးချယ်တင်မြှောက်ဖွဲ့စည်းထားသည့် အစိုးရ ဖြစ်ရပါမည်။ သို့မှသာ ပြည်ထောင်စုတခုလုံးကို လွှမ်းခြုံအာဏာသက်ရောက်မည့် တရားဝင်အစိုးရ ရနိုင်ပါမည်။ နောက်တချက်မှာ ပြည်ထောင်စုတပ်မတော်ကို ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များမှ ပြည်နယ်ကာကွယ်ရေးတပ်များပါ ပါဝင်ဖွဲ့စည်းထားဘို့လိုပါမည်။ သို့မှသာ တရားဝင် ပြည်ထောင်စုတပ်မတော် တည်ရှိလာပါမည်။

ယင်းအခြေအနေများနောက်ခံတွင် ပေါ်ပေါက်ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်ကို ဆန့်ကျင်တိုက်ပွဲဝင်သည့် တပ်မှာ သူပုန်တပ် ဖြစ်မည်။ သို့မဟုတ်ဘဲ လူများစု မြန်မာလူမျိုးများကို အဓိကထားစုစည်း၊ တပ်ထိပ်ပိုင်း ခေါင်းဆောင်နေရာမှန်သမျှ မြန်မာလူမျိုးတွေသာ ရာထူးရယူ၊ စစ်အာဏာရှင်အခြေခံဖြင့် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက်သာ တပ်ကိုအသုံးချ၊ ယင်းသို့သော တပ်မှာ အစိုးရတပ်ဖြစ်၍ တရားဝင်ပြီး ယင်းတပ်ကို ခုခံနေသည့် ကေအိုင်အေမှာ သူပုန်ဖြစ်သဖြင့် တရားမ၀င် ဟူသော အကြောင်းပြချက်ကို စာရေးသူက လုံးဝလက်မခံပါ။

တိုင်းရင်းသားပြည်နယ်များဘက်မှ ကြည့်လျှင် လက်ရှိမြန်မာ့တပ်မတော်သည် နယ်ချဲ့ အခြေခံဖြင့် တည်ထောင်ခဲ့သည့် အင်္ဂလိပ်တပ်နှင့် ခြားနားမှုမရှိ။ ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသားပြည်နယ်များရှိ သက်ဆိုင်ရာ တိုင်းရင်းသားလူထုများ၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး အတင်းအကြပ် ၀င်ရောက် အနိုင်ကျင့် တိုက်ခိုက်မှု မှန်သမျှသည် ပင်လုံစာချုပ်နှင့် ဆန့်ကျင်သည်။ နယ်ချဲ့လုပ်ရပ်ပင်ဖြစ်သည်။

ယင်းသို့သော နယ်ချဲ့လုပ်ရပ်ကို လက်ခံမည်၊ တရားဝင် အသိအမှတ်ပြုမည်ဆိုလျှင် မြန်မာလူမျိုးများ အဘယ်ကြောင့် အင်္ဂလိပ်နယ်ချဲ့ကို ခုခံခဲ့၊ အင်္ဂလိပ်တပ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့သနည်း။ အင်္ဂလိပ်တပ်ကို တရားဝင်တပ်အဖြစ် လက်ခံ၊ သူ့နောက်မှာ ရပ်တည်၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးတပ်မတော်သည် သူပုန်တပ် ဖြစ်နေသဖြင့် ၄င်းတပ်ကို ဆန့်ကျင်။ ဤသို့ ရပ်တည်ခဲ့ရမည်သာ ဖြစ်သည်။ ပြန်လည်သုံးသပ်ကြပါကုန်။

ကေအိုင်အို၊ ကေအိုင်အေသည် ပြည်ထောင်စုမှ ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သလား။

ဦးသိန်းစိန်အစိုးရနှင့် ကာချုပ် မင်းအောင်လှိုင်သည် အဘယ်ကြောင့် တပ်အင်အားမြောက်များစွာ ကချင်ပြည်နယ်သို့ စေလွှတ်၊ အဆမတန် ပြင်းထန်သည့် လက်နက်ကြီးများ၊ တိုက်လေယဉ်များပါ သုံး၍ အမြစ်ပြုတ် ချေမှုန်းစစ်ဆင်နွှဲနေသနည်း။ တရားဝင် အကြောင်းပြချက်[ii] သည် အဘယ်နည်း။ မိမိတပ်မှ ရဲဘော်များ ဒဏ်ရာရသွားသည့်အခါ ပစ်သတ်ပြီး ထားခဲ့ရန်ပင် အမိန့်ပေးကြောင်း ခမရ (၃၈၂) က ဒုတပ်ကြပ် အောင်မင်းထိုက်က ထွက်ဆိုခဲ့သည်။ [iii] မိမိ၏ ရဲဘော်များ၏ အသက်ကိုပင် ဖက်ကလေးလို သဘောထားလျှက် ဤမျှရက်စက်သည့် စစ်ပွဲကို အဘယ်ကြောင့် သဲကြီးမဲကြီး ဆင်နွှဲနေသနည်း။ အစိုးရအနေဖြင့် ကိုယ့်ရဲဘော်များအပေါ်ကိုပါ ပြစ်မှုကျူးလွန်ပြီး ဆင်နွှဲသည့် စစ်ပွဲမျိုး ပြည်တွင်းစစ်သမိုင်းတွင် တကြိမ်တခါ မျှ မကြားခဲ့ဘူးပါ။

ကေအိုင်အေ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ကေအိုင်အို တွဲဘက် အထွေ ထွေအတွင်းရေးမှုး ဦးလနန်တို့က ကေအိုင်အို၊ ကေအိုင်အေသည် ခွဲထွက်ရေးအတွက် တိုက်နေခြင်းမဟုတ်၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်၇န်၊ အတိအကျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းနေကြကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးကြပြီ။ ကေအိုင်အေနှင့် အတူတွဲ၍ ခုခံစစ်ဆင်နွှဲနေသော အေဘီအက်စ်ဒီအက်ဖ်သည်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်သာ တိုက်ပွဲဝင်နေကြောင်း သိကြပြီးဖြစ်သည်။ မိမိတိုက်နေသော စစ်ကို လူထုထောက်ခံမှုရရန်အတွက် အစိုးရက ကေအိုင်အို၊ ကေအိုင်အေတို့သည် ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်းနေကြသလိုလို ၀ါဒဖြန့်ချီမှုမျိုး မလုပ်သင့်ပါ။

ပြည်ထောင်စုမှ ခွဲမထွက်ခြင်အောင် လုပ်ရန်မှာ မည်သူ့တာဝန်နည်း။

ပေါင်းစည်းခြင်း ဆိုသည်မှာ မေတ္တာတရားကို အခြေခံလျှက် တဦးကိုတဦး နားလည်မှုရှိစွာ၊ ချစ်ခင်ရင်းနှီးစွာ၊ ကြည်သာစွာ လက်တွဲနိုင်ကြမှသာ အနှစ်သာရနှင့် ပြည့်စုံသည်။ လင်မယားပင် ဖြစ်စေဦး၊ အတင်းအကြပ် ဓါးမိုး၍ ပေါင်းဖက်ခိုင်းလျှင် ခေတ္တမျှသာ ခံပါမည်။ ကွဲကြပြဲကြမှာ ဖြစ်သည်။

လူများစု မြန်မာလူမျိုးတွေက အနိုင်ကျင့်မည် စိုးရိမ်သဖြင့် တိုင်းရင်းသားခေါင်းဆောင်များက ခွဲထွက်ခွင့်ကို တောင်းခဲ့ကြရာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော်တွင် အသေးစိပ် ဆွေးနွေးရန် တင်ပြခဲ့သည်။ [iv] ထို့နောက် ငါးနှစ်စီမံကိန်းနှစ်ရပ် ဆယ်နှစ်တာကို ရည်ညွှန်းလျှက် ဆယ်နှစ်ကြာပြီးနောက် ခွဲထွက်လိုက ခွဲထွက်ခွင့်ပေးရန် ဟူသောအချက်ကို ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဌာန်းပေးရန် သဘောတူခဲ့ကြသည်။ [v] “ ဆယ်နှစ်ကြာအောင် ပေါင်းပြီးမှ သူတို့တတွေ ဆက်ပေါင်းခြင်အောင် မလုပ်နိုင်လျှင် ကျုပ်တို့ဗမာတွေ ညံ့လို့ပေါ့” ဟု ဗိုလ်ချုပ်အောင်ဆန်းက မှတ်ချက်ပြုခဲ့ သေးသည်။ [vi] ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းက ဗမာဟု သုံးခဲ့ခြင်းမှာ စာရေးသူကဲ့သို့ မြန်မာလူမျိုးတွေကို ရည်ညွှန်းသည်ဟု နားလည်သည်။

ယခုကြုံတွေ့နေရသည့် ပြည်ထောင်စုပြသနာမှာ မြန်မာတွေ ညံ့၍ဟု မယူဆပါ။ လူမျိုးပြသနာမဟုတ်၊ စနစ်ပြသနာဖြစ်သည်။ စစ်အာဏာရှင်စနစ်ကြောင့်သာ ဤပြသနာပေါ် နေခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်တွင် ဗိုလ်ချုပ်နေ၀င်းက တိုင်းရင်းသားများ ဖက်ဒရယ်တောင်းသည်ကို ခွဲထွက်ရေးဟု အကြောင်းပြကာ ဖိနှိပ်ခဲ့သည်။ နှစ်ပေါင်းငါးဆယ်ကြာပြီး ယခုအချိန်ရောက်မှ ဖက်ဒရယ်ဟူသည်မှာ ပြည်ထောင်စုတည်ဆောက်ရေးစနစ်ဖြစ်ပြီး တိုင်းရင်းသားများရထိုက်သော အခွင့်အရေးဖြစ်ကြောင်း စစ်ခေါင်းဆောင်များ ကိုယ်တိုင် လက်ခံလာခဲ့ရသည်။ [vii] တိုင်းရင်းသားများသည် နှစ်ပေါင်းငါးဆယ်ကြာမျှ ဒုက္ခများ ခံစားခဲ့ကြရပါပြီ။

စင်စစ်အားဖြင့်မူ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်တွင် မြန်မာမဟုတ်သည့် တိုင်းရင်းသားတွေသာမက မြန်မာတွေပါ ခံစားခဲ့ကြရသည်။ သံဃာတော်များအား မီးလောင်ဗုံးနှင့် ဖြိုခွင်းခဲ့သည့် နောက်ဆုံးသာဓကကို ကြည့်ပါ။ သံဃာတော်အများစုကြီးမှာ မြန်မာလူမျိုးများဖြစ်သည်။

တိုင်းရင်းသားများ ပြည်ထောင်စုမှ ခွဲမထွက်ခြင်အောင်လုပ်ရန်မှာ စစ်အစိုးရအဆက်ဆက်တွင် တာဝန်ရှိခဲ့သည်။ ကေအိုင်အိုကို ဆင်နွှဲနေသည့် ထိုးစစ်ကို ကြည့်လျှင် အစိုးရက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လိုလားသည် ဟူသည်မှာ မည်သူမျှ ယုံနိုင်စရာမရှိ။ ကချင်များကို နာကျည်းအောင် လုပ်နေခြင်းဖြစ်သည်။ ကေအိုင်အိုက ပင်လုံစာချုပ်အရ ဖက်ဒရယ်ပြည်ထောင်စုဘောင်အတွင်းတွင် တိုင်းရင်းသားများ ရရှိရမည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အသိအမှတ်ပြုဘို့ ပြောနေသည်။ အစိုးရက မသိကျိုးကျွန်ပြု၊ အဆမတန် အင်အားသုံး၊ စစ်ရေးအရ ဖိအားပေးကာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုသာ လက်မှတ်ထိုးခိုင်းနေသည်။ ကချင်လူမျိုးများ၏ မြို့တော်သဘွယ်ဖြစ်လာနေသော လိုင်ဇာကိုသာ အတင်းအကြပ် တက်သိမ်းမည်ဆိုလျှင် နာကျည်းမှုသည် ခါးသီးသည့် အဆင့်သို့ပြောင်းသွားမည်။ ခုခံမှုသည် ပို၍ အရှိန်မြင့်လာနိုင်သည်။ ကချင်တို့၏ ခုခံစစ်သည် တောင်ပေါ်မှနေ၍ မြေပြန့်ဒေသများသို့ ရွေ့လျှောမလာဟု မည်သူမျှ မပြောနိုင်။

ကချင်ပြည်နယ်ကို ပြည်ထောင်စုကနေ ခွဲထွက်သွားစေရေးအတွက် ကြိုးပမ်းမှုများေ ပေါ်လာစေရန် ကေအိုင်အိုနှင့် ကချင်လူထုကို တွန်းအားပေးသည့် လုပ်ငန်းအား သမတ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်တို့ လုပ်နေကြသည့် သဘောဆောင်သည်။ နောင်ဖြစ်လာမည့် ပြသနာများအတွက် ၄င်းတို့တွင် အဓိက တာဝန်ရှိပါမည်။

ချစ်ခြင်းမေတ္တာအား ပျံ့ပွားစေခြင်းသည် အမုန်းတရားများ လျော့ပါးစေမည့် အကြောင်းရင်းဖြစ်ခြင်း။

ကိုဝိုင်ဝိုင်ကေ၏ သမိုင်းဆောင်းပါးမှ ကော်ပီကူးထားသော အောက်ပါ ဓါတ်ပုံကလေးကို ကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်အမျိုးသမီးငယ်များ၏ ရှေ့တွင် ထိုင်လျှက် အားရပါးရ ရယ်မောလျှက်ရှိကြောင်း တွေ့ရပါမည်။ ပင်လုံစာချုပ်တွင် တိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အရေးကို အာမခံချက်ပေးခဲ့သော ဗိုလ်ချုပ်အား ကချင်များက ချစ်ခင်လေးစားကြသည်။ မေတ္တာတရား အပေါ်အခြေခံလျှက် ကချင်တွေက မိသားစုသဖွယ် ဗိုလ်ချုပ်ကို စကြ နောက်ပြောင်ကြသည်။ ဗိုလ်ချုပ်ကိုယ်တိုင်လည်း ကချင်တို့၏ မေတ္တာကိုခံယူလျှက် ရယ်မောမိသွား၊ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့သည် ဤဓါတ်ပုံကလေးမှ မေတ္တာတရားမျိုးကို မခံစားခြင်ကြပေဘူးလားဟူ၍ စဉ်းစားမိသည်။

အဘယ်ကြောင့် ဗိုလ်ချုပ် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောနေသည်ကို ကိုဝိုင်ဝိုင်ကေက အောက်ပါအတိုင်း ရေးထားသည်။

“ဗိုလ်ချုပ်ကို ကချင်အမျိုးသမီး (၆) ဦး၏ အလယ်တွင် ထိုင်စေလျက် ဓါတ်ပုံရိုက်ရန် ချိန်ထားစဉ် ကချင်တိုင်းရင်သားတစ်ယောက်က “ ကချင်မလေးတွေနဲ့ ဓါတ်ပုံအတူရိုက်တာ အိမ်ပြန်ရောက်လို့ ဓါတ်ပုံကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် တွေ့သွားရင် ဗိုလ်ချုပ်တော့ ဗိုက်ခေါက်ဆွဲ အလိမ်ခံရတော့မှာပဲ ” ဟု ချစ်စနိုးဖြင့် စလိုက်ရာ ပရိသတ်အားလုံး ဝါးကနဲ ရယ်ပွဲကျသကဲ့သို့ အလွန်တရာ ရယ်ခဲလှသော ဗိုလ်ချုပ်သည်ပင်လျှင် သဘောကျနှစ်ချိုက်စွာ ရယ်မောသည်။”

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကွာလိုက်သည့် ဖြစ်ခြင်း။ လက်ရှိ ဗိုလ်ချုပ်ဟောင်း၊ သစ်များသည် ကချင်တိုင်းရင်းသားများအပေါ် ရက်စက်လှချေတကား။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ ဖြူစင်သည့် မေတ္တာဖြင့် ပြုံးရွှင်ရယ်မောခဲ့ကြသော ကချင်အမျိုးသမီးတို့မှ မွေးဖွားလိုက်သည့် မြေးငယ်ကချင်သမီးပျိုများသည် ယနေ့ စစ်ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်စွဲ ကာ သူတို့မြေကို သူတို့ခုခံကာကွယ်ရသည့်ဘ၀သို့ ရောက်လျှက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သည့် ကတိ စကားများ၊ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တို့အား မည်သူမျှ လေးစားလိုက်နာခြင်းမရှိကြတော့။

ဗိုလ်ချုပ်အောင်ဆန်း စာချုပ်ချုပ် အာမခံခဲ့သည့် တိုင်းရင်းသားအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ၄င်း၏ သမီးအရင်း ဖြစ်ရုံသာမက ယနေ့ နိုင်ငံရေးဇာတ်ခုံတွင် ထိပ်ဆုံးပိုင်းမှာနေရာယူထားသော ဒေါ် အောင်ဆန်းစုကြည်အပေါ် ကချင်လူထုက တစုံတရာအားကိုးလိုကြသည်။ သို့ရာတွင် သူမသည် ယနေ့အချိန်အထိ ခပ်ပေါ့ပေါ့ ပင် သဘောထားလျှက်ရှိသည်။ ရင်ကွဲဘွယ်ကောင်းပါဘိ။ အဘယ်ကြောင့် ဤသို့ဆိုသနည်း။

ဇန်န၀ါရီလ (၃) ရက်နေ့တွင် ကချင်အရေးနှင့် စပ်လျှဉ်း၍ အာရ်အက်ဖေက အင်တာဗျူးသောအခါ ဒေါ်အောင်ဆန်းစု ကြည်က “ ဘယ်လိုဆွေးနွေးနေသလဲ ဆိုတာ အသေးစိပ်မသိ၊ ၀င်ရောက်ပါဝင်ဆွေးနွေးခြင်တဲ့ ဆန္ဒရှိလို့ပြောထားတာ တနှစ်တောင် မကတော့ပါ။ အစိုးရဘက်က ဖိတ်ခေါ်ကမ်းလှမ်းတာမရှိ။”

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်နေရာတွင် တာဝန်ယူနေသူ ဖြစ်သည်။ မြန်မာ နိုင်ငံသားများအား တာဝန်သိတတ်သူများဖြစ်စေဘို့ မကြာမကြာ သွန်သင်ဆုံးမလေ့ ရှိသူလည်းဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးပြသနာနှင့် စပ်လျှဉ်း၍ သူမတွင် တာဝန်ရှိသည်ဟု စာရေးသူ ယူဆသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေ စိုးမိုးရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စများဆောင်ရွက်ပါမည်ဟူ၍ လူထုထံမှ မဲများရယူခဲ့ရုံသာမက လက်ရှိလည်း ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူနေ၍ ဖြစ်သည်။

ယခုဆိုလျှင် စစ်ေ၇းအရှိန်မှာ အထွဋ်အထိပ် ရောက်နေပါပြီ။ လက်နက်ကြီးမျိုးစုံနှင့် တိုက်လေယာဉ်များပါ သုံးပြီး မီးကုန်ယမ်းကုန် တိုက်နေပါပြီ။ ကချင်ပြည်နယ်အတွင်း သိန်းတချို့ ပမာဏရှိသည့် လူထုများ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိခိုက်ခံစားနေကြရသည်။ ဤမျှ အရေးကြီးလှသော ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်မည့် ပိုင်းဖြတ်ချက်[viii] နှင့် နိုင်ငံရေးဆန္ဒ[ix] ကို ယခုအချိန်အထိ မပြသေးဟု စာရေးသူ ခံစားမိသည်။ အဘယ်ကြောင့် ဤသို့ ဆိုသနည်း။

ဘယ်လိုဆွေးနွေးနေသလဲ ဆိုသည်ကို မသိသဖြင့် ပါဝင်ဆောင်ရွက်ရန် ကြိုပမ်းခြင်းမရှိဟု သူမပြောသည်မှာ သဘာဝမကျပါ။ မသိလျှင် သိအောင်လုပ်ရန် တာဝန်ရှိပါသည်။ သူမလို ပုဂ္ဂိုလ်မျိုးအနေဖြင့် သိလိုစိတ်တကယ်ရှိလျှင် မသိနိုင်စရာ အကြောင်း မရှိပါ။ သို့ရာတွင် သိအောင်လုပ်ရာ၌ အမှန်တကယ် အခက်အခဲရှိနေသည် ဆိုပါမူ စာရေးသူ ကူညီနိုင်ပါသည်။ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်တောင်း၍ သက်ဆိုင်သော စာရွက်စာတမ်းများ၊ ဗွီဒီယိုမှတ်တမ်းများကို သူမ လက်ဝယ်ရရှိအောင် စီစဉ်ပေးနိုင်ပါသည်။

အစိုးရဘက်က ဖိတ်ခေါ်ကမ်းလှမ်းခြင်း မရှိသဖြင့် ၀င်ရောက်ပါဝင်ခြင်း မရှိဟူသည်မှာ ပို၍ပင် မဖြစ်သင့်ပါ။ ဥပဒေစိုးမိုးရေးကို အဓိကဖျက်ဆီးနေသူမှာ ဦးသိန်းစိန်အစိုးရဖြစ်သည်။ လူထုကြီးက အားကိုးလိုသော လူထုခေါင်းဆောင်သည် ဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ မည်မျှပင် ကြီးမားသည့် ပြသနာများ တက်နေစေဦး အစိုးရမခိုင်းသမျှ ဘာမျှမလုပ်ဟုဆိုလျှင် လူထုသည် ဥပဒေစိုးမိုးရေးအား မည်သည့်အခါတွင်မျှ လက်တွေ့ခံစားနိုင်တော့မည်မဟုတ်။ သူမသည် စစ်အစိုးရ နှင့် စစ်ခေါင်း ဆောင်များ ငြိုငြင်မည်ကို မခံလိုသဖြင့် မခိုင်လုံသော အကြောင်းများကို ပြပြီး တမင်ရှောင်၊ လူထုနစ်နာမှုများအား မျက်ကွယ်ပြုနေသည် ဟု စာရေးသူ သံသယဖြစ်မိသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအပါအ၀င် ဥပဒေစိုးမိုးရေးဆိုင်ရာ ပြသနာများအား ၀င်ရောက်ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းမည်ဆိုလျှင်လည်း ရပ်တည်ချက်မှာ အရေးကြီးလာသည်။ အစိုးရနှင့် လူထုအကြား မည်သူ့အမုန်းကိုမျှ မခံရအောင် အလယ်မှာနေ၍ ဖျန်ဖြေပေးသွားမည် [x] ဟူသည့် သူမ၏ ရပ်တည်မှုမှာ ဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ဖြစ်မည်ဟု မယူဆပါ။ ဗုဒ္ဓဘာသာတွင် ဒေ၀ဒတ်နှင့် မြတ်စွာဘုရားအကြားတွင် စေ့စပ်၍မရပါ။ ပြစ်မှုကျူးလွန်သူဒေ၀ဒတ်အား သဘာဝ တရားက မြေမြို၍ ပြစ်ဒဏ် စီရင်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရားသူကြီးမဟုတ်၊ ကုလသမဂ္ဂအရာရှိလည်း မဟုတ်သဖြင့် အလယ်မှာနေသည် ဆိုခြင်းမှာ အဓိပ္ပါယ်မရှိလှပါ။ သူမသည် မြန်မာနိုင်ငံ၌ ဥပဒေစိုးမိုးရေး လက်တွေ့ရှိလာစေရန် ဦးဆောင်ဖေါ်ဆောင် နေသူဟူ၍သာ စာရေးသူ နားလည်သည်။

ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်မည်ဆိုလျှင် မျှတသော တရားခွင် [xi] အယူအဆကို ကျင့်သုံးရန် လိုပါသည်။ မုဒိန်းမှုတခုတွင် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူမှာ စစ်ဗိုလ်ကြီးတဦးဖြစ်ပြီး ကျူးလွန်ခံရသူမှာ ဆင်းရဲနွမ်းပါးသည့် တိုင်းရင်းသူအမျိုးသမီးကလေး ဆိုကြပါစို့။ ၄င်းတို့နှစ်ဦးလုံးတွင် အခွင့်အရေးတန်းတူရှိသည်။ တရားရုံးတွင် တူညီစွာ အမှုရင်ဆိုင်နိုင်သည်။ သို့ရာတွင် အာဏာရှိ၊ လက်နက်ရှိ၊ ငွေကြေးရှိ၊ အင်အားရှိသည့် စစ်ဗိုလ်ကြီးနှင့် ယှဉ်ပြိုင်လျှက် အမှုရင်ဆိုင်နိုင်ရန် ညီမျှခြေရှိလာစေရေးအတွက် တိုင်းရင်းသူမလေးအား ဖြည့်ဆည်းပေးဘို့လိုသည်။

ရှက်လွန်းသဖြင့် ရဲစခန်းသွားပြီး အမှုမဖွင့်ရဲလျှင် လူမှုရေးအသင်းအဖွဲ့များ ကူညီလိုက်ပါပေးရန်၊ ဆေးဝါးကုသခွင့် လုံလောက်စွာရရှိရန်နှင့် အမှုရင်ဆိုင်နေစဉ်အတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ကူညီပေးဘို့လိုသည်။ တရားရုံး သွားရန် ခရီးစားရိပ် မရှိလျှင် ရှာပေးဘို့လိုသည်။ မြန်မာစကား ကောင်းစွာ မပြောတတ်လျှင် စကားပြန်စီစဉ်ပေးရမည်။ သူမ၏ မှုခင်းအတွက် တရားလိုအစိုးရ ရှေ့နေ၏ လိုက်ပါဆောင်ရွက်မှုကို မကြေနပ်နိုင်သည့် ခိုင်လုံသောအကြောင်းများ တွေ့ရလျှင် အရည်အချင်းနှင့် ပြည့်စုံသော ပြင်ပရှေ့နေတဦးထံမှ ဥပဒေအကူအညီရရှိစေရန် စီစဉ်ပေးသင့်သည်။ နိမ့်သည့် ဘက်ကို ဖြည့်ဆည်းပေးခြင်းသည် မျှတသောတရားခွင်ကိုအားဖြစ်စေပြီး ဥပဒေစိုးမိုးရေးအတွက် ပံ့ပိုးသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက လွန်မင်းစွာ အင်အားကြီးလျှက် ရှိသည်။ အဖိနှိပ်ခံလူထုနှင့် တိုင်းရင်းသားများမှာ အဆမတန် အင်အားနည်းလျှက်ရှိသည်။ အလယ်မှာ နေပြီး နှစ်ဘက်အကြားညှိပေးမည်၊ ဖျန်ဖြေပေးမည်ဟုသာ ဆိုလျှင် လက်တွေ့တွင် အားကြီးသူသာ အကျိုးဖြစ်ထွန်းမည်။ ဥပဒေစိုးမိုးေ၇းကို အမှန်တကယ်မြတ်နိုးလျှင် အနည်းဆုံးအနေနှင့် အားနည်းသည့်ဘက်တွင် ညီမျှခြေရှိလာစေရန် ဖြည့်ပေးရပါမည်။ နိုင်ငံသားတိုင်းမှာပင် တာဝန်ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလယ်မှာနေမည်ဟူသော သူမ၏ ရပ်တည်မှုကို စွန့်လွှတ်ပြီး အမှန်တရား၊ တရားမျှတမှု၊ အဖိနှိပ်ခံလူထုများနှင့် အခွင့်အရေးဆုံးရှုံးနေကြသော တိုင်းရင်းသားများဘက်တွင် ပြန်လည်ရပ်တည်သင့်ပါပြီ။ ယင်းရပ်တည်ချက်အပေါ်တွင် အခြေခံ၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်းချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲလျှက် ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စများအား စွမ်းစွမ်းတမန် ဆောင်ရွက်လိမ့်မည်၊ ကချင်ပြည်နယ်လူထု ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ပေးလိမ့်မည်ဟု မြှော်လင့်နေဆဲဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ ရိုးသားသော ကချင်လူမျိုးတို့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအပေါ် ထားရှိခဲ့သည့် မေတ္တာမှာမူ မည်သည့်အခါတွင်မျှ ကုန်ခမ်းသွားလိမ့်မည် မဟုတ်ဟု ယူဆပါသည်။

အပိုင်း (၅) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး(ရှေ့နေ)       DR LUNSWE

Monday, January 14, 2013

ဗမာ့ထိုးစစ်ချက်ချင်းရပ်တန့်ရန်နှင့် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းခြင်းအား ပြန်လည်သုံးသပ်ရန် အမေရိကန်တွင်ဆန္ဒပြ


Written by မိုးဇော်    Monday, 14 January 2013 15:29    PDF Print E-mail
Kachin Alliance2ဗမာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အား အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်တန့်ရန်နှင့် အမေရိကန်မှ ရုပ်သိမ်းသွားသည့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများကို အမေရိကန်အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပေးရန် ဝါရှင်တန်ဒီစီရှိ State Department နှင့် အိမ်ဖြူတော်ရှေ့တွင် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားများက ဇန္နဝါရီလ ၁၃ ရက်နေ့တွင် တောင်းဆိုဆန္ဒခဲ့ကြောင်း သိရသည်။
တောင်းဆိုဆန္ဒပြခြင်းနှင့်ပတ်သက်၍ " မြန်မာနိုင်ငံဟာ ဘာအပြောင်းအလဲမှမရှိသေးဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်အစိုးရလက်ထက် အတိုင်းပဲရှိသေးတယ်။ ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ် ရပ်စဲတာကနေ ပေါက်ဖွားလာတာမဟုတ်ဘူးဆိုတာ ဖေါ်ပြနေတာပဲ။ ဘာကြောင့်လည်းဆိုတော့ ကချင်တွေက ၁၇ နှစ်တိုင် အပစ်အခတ်ရပ်စဲခဲ့တယ်။ ဒါပေမယ့် မငြိမ်းချမ်းခဲ့ဘူး။ အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မှသာလျှင် အမှန်တကယ်ငြိမ်းချမ်းရေးရမှာ ဖြစ်တယ်။ " ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကချင်အမျိုးသား ကိုခွန်ဆံက ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တောင်းဆိုဆန္ဒပြပွဲတွင်ပါဝင်သူ ချင်းအမျိုးသားခေါင်းဆောင် ဦးထောင်စံလျှံကလည်း " ကချင်အရေးနဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် ဒါဟာတိုင်းရင်းသား အရေးဖြစ်တယ်။ ဘာကြောင်းလည်းဆိုတော့ မြန်မာပြည်မှာ ဗမာလူမျိုးတစ်ခုတည်း ရှိနေတာ မဟုတ်ဘူး။ တိုင်းရင်းသားအားလုံး စုစည်းတည်ဆောက်ထားတဲ့နိုင်ငံဖြစ်တယ်။ တိုင်းသားလူမျိုးဖြစ်တဲ့ ကချင်လူမျိုးကို မျိုးတုံးအောင် နည်းမျိုးစုံနဲ့ တိုက်ခိုက်တယ်သတ်ဖြတ်တယ်။ တိုက်လေယဉ်တွေနဲ့ ဗုံးကြဲတယ်။ ဒါနဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် အကြိမ်ပေါင်း ၁၉၃ ကြိမ်ရှိနေပြီ ဒါဟာလူမျိုးတုန်း သတ်ဖြတ်တိုက်ခိုက်မှုဆိုတာ ပေါ်လွင်နေတယ်။ တစ်ဖက်က ငြိမ်းချမ်းရေးပြောပေမယ့် တစ်ဖက်က စစ်ရေးအရ ဒီလိုလုပ်နေတာဟာ ပြည်ထောင်စုကို တည်ဆောက်ချင်တဲ့ ပုံစံမဟုတ်ဘဲနဲ့ ပြည်ထာင်စုကိုဖြိုခွဲချင်တဲ့ ပုံစံဆိုတာ ပေါ်လွင်နေတယ်။ " ဟု ပြောဆိုခဲ့သည်။
" ကျနော်တို့ရခိုင်တွေလည်း ကချင်လူမျိုးတွေနဲ့ထပ်တူ ခံစားရတယ်ဆိုတာ သိစေချင်လို့ အခုလိုလာရောက်ပြီး ဆန္ဒထုတ်ဖေါ်ရတာဖြစ်ပါတယ်။ ပြီးတော့ ဗမာ့နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေလို သဘောထားရင် ရေငုံနုတ်ဆိတ်မနေသင့်ဘူး။ ဗမာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အိုအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကချင်လူမျိုးတွေကို လျစ်လျူရှု မထားကြဖို့ တိုက်တွန်းလိုပါတယ်။ " ဟု ဆန္ဒပြရာတွင်ပါဝင်သူ ရခိုင်အမျိုးသားကိုခိုင်ဘခင်ကလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
Demostration in usa 1
အမေရိကန် အိမ်ဖြူတော်ရှေ့တွင် မြန်မာများသွားရောက် ဆန္ဒပြနေကြစဉ်
အဆိုပါ ဆန္ဒပြပွဲတွင် မြန်မာတိုင်းရင်းသား ၄၀၀ နီးပါးခန့် ပူးပေါင်းပါဝင်ခဲ့ကြပြီး ဗမာ့ထိုးစစ်ချက်ချင်း ရပ်တန့်ရေးနှင့် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းခြင်းအား ပြန်လည်သုံးသပ်ပေးရန် အမေရိကန်ပြည် ထောင်စုအစိုးရထံ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။  ARAKAN TIME

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲမှ ဘုံသဘောတူညီချက်များရရှိ

Written by မင်းသွီး    Tuesday, 15 January 2013 09:01    PDF Print E-mail
ပြည်တွင်းပြည်ပမှ ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ စုံလင်စွာတက်ရောက်သော၊ ဇန္နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိလေးရက်ကြာ ကျင်းပပြုလုပ်ခဲ့သော ရခိုင်အမျိုးသားအလုပ်ရုံဆွးနွေးပွဲမှ ဘုံသဘောတူညီချက် (၆)ချက်ရရှိခဲ့ကြောင်း သိရှိရသည်။
Arakan Industry 1
အလုပ်ရုံဆွေးနွေးပွဲတွင် AHRDO မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးမှ ပါဝင်ဆွေးနွေးနေစဉ်
အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် အဖွဲ့အစည်းအသီးသီးတို့၏ ဘုံသဘောတူညီချက်များကိုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။ ၄င်းတို့မှာ
" ၁။ ရခိုင့်ကံကြမ္မာကို ရခိုင်တို့ဖန်တီးနိုင်ရေးအပေါ်တွင် ညီညွှတ်စွာလက်တွဲဆောင်ရွက်ရန် သဘောတူကြသည်။
၂။ ရခိုင်အမျိုးသားတရပ်လုံးညီညွှတ်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ရခိုင်အမျိုးသားညီညွှတ်ရေး အကျိုးဆောင်ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။
၃။ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများနှင့်ပက်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားစီစစ်ရေးလုပ်ငန်းများ မှန်ကန်စွာပြုလုပ်ပြီး ဥပဒေနှင့်အညီ အမြန်ဆုံးဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တောင်းဆိုသည်။
၎။ ၂၀၁၂-ခုနှစ် စက်တင်ဘာလ (၂၅)ရက်မှ (၂၆)ရက်နေ့အထိ ကျင်းပခဲ့သော ရသေ့တောင်ရခိုင်ဒေသ လူထုအစည်းအဝေးမှ ဆုံးဖြတ်ချက်၊ ကန့်ကွက်ချက်နှင့်အဆိုပြုချက်များကို ထောက်ခံသည်။ ထို့အတူ တောင်ကုတ်မြို့ရခိုင့်လူမှုကွန်ယက်၏ ပထမအကြိမ် (၁၈)မြို့နယ်ညီလာခံမှ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်ကိုလည်း ထောက်ခံသည်။
၅။ ပြည်တွင်း၊ ပြည်ပတွင် ရခိုင်လူမျိုးများ နေ့စဉ်ရက်ဆက်ခြိမ်းခြောက်ခံနေရခြင်း၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းအောင် စော်ကားခံနေရခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခံနေရခြင်းများကို ကန့်ကွက်ရှုတ်ချပြီး သက်ဆိုင်ရာနိုင်ငံအစိုးရများမှ ကာကွယ်စောင့်ရှောက် အရေးယူဆောင်ရွက်ပေးရန် အလေးအနက်တောင်းဆိုသည်။
၆။ ယနေ့ကချင်ပြည်နယ်တွင် စစ်ရေးအရ အင်အားအလွန်အကျွံသုံး၍ ထိုးစစ်ဆင်နေခြင်းအပေါ် ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးအရအမြန်ဆုံးဆွေးနွေးအဖြေရှာရန် လက်ရှိမြန်မာနိုင်ငံအစိုးရအားတိုက်တွန်းသည်။ "
အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပက်သက်၍ ရက္ခိုင့်တပ်မတော်မှ ဗိုလ်မှူးကြီးထွန်းမြတ်နိုင်က " ရခိုင်အဖွဲ့အစည်းအသီးသီး ရခိုင်ပြည်အတွက် အရေးကြီးနေတဲ့အချိန်မှာ အမျိုးသားရေးပြဿနာတွေကို အဖြေရှာနိုင်ဖို့ ရည်ရွယ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ရခိုင်တွေမှာ ညီညွှတ်ရေးနဲ့ ပက်သက်ပြီး လုပ်ရမယ့်အလုပ်တွေက သေသေချာချာချမှတ် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကျနော်တို့ နားလည်မှုတွေကို တည်ဆောက်လိုက်တယ်၊ ပြီးတော့ ပြည်တွင်းမှာလည်း နားလည်မှုတွေ၊ ယုံကြည်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်သွားမယ်၊ အမျိုးသားရေးပြဿနာတွေကို အပြောမဟုတ် လက်တွေ့ဆန်တဲ့ နည်းလမ်းတွေနဲ့ ဖော်ဆောင်သွားဖို့နဲ့ စုစည်းပြီးတော့ လုပ်ဆောင်သွားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပရတာဖြစ်ပါတယ်။ " ဟု ပြောသည်။
အဆိုပါဆွေးနွေးပွဲမှ အချက်(၆)ချက်နှင့်ပတ်သက်၍ အာရ်ကန်တိုင်းမ်စ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ " ကျမတို့ ရခိုင်လူမျိုးတွေဟာ ပြည်တွင်းပြည်ပမှာ နေ့စဉ်နဲ့အမျှခြိမ်းခြောက်၊ စော်ကားခံနေကြရတယ်။ ပြီးတော့ အကြမ်းဖက်သတ်ဖြတ်တာတွေကိုလည်း ခံနေကြရတယ်။ ဥပမာပြောရရင် မလေးရှားမှာရခိုင်တွေအများကြီး အသတ်ခံနေရတယ်။ ဒီလိုပဲ ပြည်တွင်းဖြစ်တဲ့ မြောက်ဦး၊ ပေါက်တော၊ အခြားနေရာတွေမှာလည်း သတ်ဖြတ်မှုတွေခံနေရတယ်။ ဒီလိုခံနေရတဲ့အတွက်ကြောင့် ဒေသခံရခိုင်တွေဟာ မိမိမြေမှာ မိမိတို့လုံခြုံစိတ်ချစွာနဲ့ ကောင်းကောင်းမွန်မွန် လုပ်ကိုင်းစားသောက်နေနိုင်တယ်ဆိုတာ မရှိသေးပါဘူး။ ရခိုင်ပြည်မတည်ငြိမ်တာဟာ အုပ်ချုပ်တဲ့ မြန်မာအစိုးရမှာ တာဝန်အပြည့်အဝရှိပါတယ်။ ဒီလိုမျိုးသတ်ဖြတ်ခံနေရတာကို မြန်မာအစိုးရအနေနဲ့ ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူပေးဖို့လိုတယ်။ နောက်တစ်ခုက မလေးရှားမှာ ရခိုင်တွေသတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ မလေးရှားအစိုးရကိုလည်း ဒီကော်မတီကနေ မေတ္တာရပ်ခံတောင်းဆိုသွားမယ့် ကိစ္စရပ်တွေ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ ရခိုင်လူမျိုးတွေဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်မရှိကြဘူး။ ဒါကြောင့် ရခိုင်ပြည်သူတိုင်းက ဖန်တီးပိုင်ခွင့်ရှိရမယ်။ ရခိုင်ပြည်သူတွေရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေကိုရဖို့လိုတယ်။ ဒီလိုမျိုး ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ မဆုံးရှုံးရအောင် ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်းဆိုပြီး ကွဲကွဲပြားပြားမလုပ်ဆောင်ဘဲနဲ့ ရခိုင်အားလုံးတညီတညွတ်တည်း လုပ်ဆောင်မှရမယ်လို့ ယုံကြည်ပါတယ်။ " ဟု ဒေါ်စောမြရာဇာလင်းက ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲ ကော်မတီကိုယ်စား ရှင်းလင်းပြောကြားခဲ့သည်။
ရခိုင်ပြည်တွင်း ယခုပြုလုပ်နေသော နိုင်ငံသားစီစစ်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဦးသိန်းစိန်အစိုးရအနေဖြင့် ဥပဒေနှင့်အညီ တိကျမှန်ကန်စွာပြုလုပ်ရန်နှင့် အမြန်ဆုံးဆောင်ရွက်ရန် တောင်းဆိုထားကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
" ရခိုင်ပြည်မှာ မထင်မှတ်ဘဲ ပေါက်ဖွားလာတဲ့ ကုလားပြဿနာ၊ လယ်ယာမြေပြဿနာ၊ သယံဇာတအကျိုးအမြတ်တွေကို ရခိုင်ပြည်သူလူထု ခံစားခွင့်မရတဲ့ ပြဿနာစသည့် ပြဿနာတွေကိုဘယ်လိုမျိုးဖြေရှင်းမလဲ၊ အရင်တုန်းကတော့ မပွင့်လင်းခဲ့တဲ့၊ ငုပ်ချိုးနေတဲ့ ပြဿနာတွေပေါ့၊ ခုကျတော့ ပြဿနာတွေပေါ်လာတယ်၊ တိုတိုနဲ့ လိုရင်းပြောမယ်ဆိုရင် Power Sharing ပြဿနာနဲ့ Resource Sharing ပြဿနာတွေပါ။ ဒါတွေကိုနိုင်ငံရေးပါတီတစ်ခုတည်း၊ လူမှုအဖွဲ့အစည်းတစ်ခုတည်းဖြေရှင်းလို့မရနိုင်ဘူး၊ ရခိုင်တစ်မျိုးသားလုံး ညီညီညွှတ်ညွှတ်ပူးပေါင်းဖြေရှင်းမှသာ အကျိုးသက်ရောက်မှုရှိမယ်။ " ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက ပြောသည်။
Arakanes Industry
RNDP မှ ဦးဦးလှစော အလုပ်ရုံဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေးနွေးနေစဉ်
ဆွေးနွေးပွဲသို့ တက်ရောက်လာသူ ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦဖြစ်သူ ဦးသိန်းထွန်းအေးက " ဒီဆွေးနွေးပွဲဟာ အင်မတန်မှ ဝမ်းသာစရာတစ်ခုဖြစ်သလို ရခိုင်သမိုင်းမှာ အလွန်အရေးပါတဲ့၊ အဖွဲအစည်းအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကရလိုက်တဲ့ ဘုံသဘောတူညီချက်ဟာ ရခိုင်ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးပြုလိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးကျဆုံးတဲ့နောက်ပိုင်းမှာ ရခိုင်လူမျိုးတွေဟာ တကွဲတပြားစီနဲ့ ကြိုးပမ်းခဲ့ကြတယ်၊ တော်လှန်ခဲ့ကြတယ်။ အားလုံးသဘောတူတဲ့ ဘုံရပ်တည်ချက်ကို မရရှိခဲ့ဘူး။ အခုဆိုရင် ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ကြတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေပေါင်းပြီးတော့ ဘုံသဘောတူညီချက်တွေကို ရရှိခဲ့ကြတယ်။ ဆိုတော့ဒီလိုရရှိတဲ့အပေါ်မှာ ကျနော်တို့ရခိုင်လူမျိုးတွေအနေနဲ့ စည်းလုံးမှုရှိကြဖို့နဲ့ ဒီစည်းလုံးမှုဟာ ရခိုင်ပြည်သူအကျိုးအတွက် ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ ယုံကြည်ပါတယ်။ " ဟု သူ၏ တသီးပုဂ္ဂလအမြင်အားပြောခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရက္ခိုင့်တပ်မတော် (AA)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ပြည်ဒီမိုကရေတစ်ပါတီ (DPA)၊ ရခိုင်ပြည်အမျိုးသားညီညွှတ်ရေးပါတီ (NUPA)၊ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) စသည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ တော်လှန်ရေးပါတီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရခိုင်လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)၊ ရခိုင်အမျိုးသားကွန်ယက် (ANN)၊ ရခိုင်အမျိုးသမီးများကွန်ယက်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ (ASU)၊ ရခိုင်တိုးတက်ရေးဖောင်ဒေးရှင်း(RDF)၊ ၀ံလက်ဖောင်ဒေးရှင်းစသည့်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလအသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ရဟန်းသင်္ဃာများ တက်ရောက်ခဲ့ကြသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄၊ ၁၅၊ ၁၆ ရက်နေ့များတွင်ပြုလုပ်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံညီလာခံသို့ တက်ရောက်ခဲ့သည့် ရခိုင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက ရခိုင်ပြည်တွင်ဖြစ်ပေါ်နေသော ကြီးမားသောပြဿနာရပ်များကို တစ်ညီတစ်ညွှတ်တည်းဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး စက်တင်ဘာလ (၁၇)ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်လျက် ဤအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပလာရခြင်းဖြစ်သည်။
Arakan Industry
ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးသိန်းထွန်းအေးမှ အလုပ်ရုံဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးနေစဉ် ARAKAN TIME

လိုင်ဇာမြို့ထဲ လက်နက်ကြီး ကျည်ဆံတစ်ချို့ကျရောက် ပေါက်ကွဲ


2013-01-14
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက်တဲ့ လိုင်ဇာမြို့လယ်ကို ဒီကနေ့ ဇန်န၀ါရီလ ၁၄ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ၃လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားသုံးဦး သေဆုံးခဲ့ပြီး လေးဦးကို အရေးပေါ်ဆေးရုံတင်ထားရပါတယ်။
Photo:RFA/Nyein Nyein Pyae
ဇန်နဝါရီ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများကို သဂြိုလ်ရန် ပြင်ဆင်နေစဉ်။
ဒီကနေ့ မနက်ပိုင်း ၈နာရီကျော်အချိန်လောက်က လိုင်ဇာမြို့လယ်၊ သျှင်းလီဟိုတယ်နဲ့ မြစ်ကြီးနားဟိုတယ်အနီးက လူနေအိမ်တွေရဲ့အပေါ် လက်နက်ကြီး ကျည် ၄လုံးကျရောက်ခဲ့ပြီး ၃လုံး ပေါက်ကွဲခဲ့တဲ့အတွက် အဲဒီမှာ မီးလှုံနေကြတဲ့ လိုင်ဇာမြို့ဒေသခံ ၃ဦး အပါအဝင် အနီးအနားမှာရှိတဲ့သူတွေ ထိမှန်ခဲ့တာဖြစ်ပါတယ်။
လိုင်ဇာမြို့ခန်းမမှာ ခေတ္တလာရောက်ခိုလှုံနေပြီဖြစ်တဲ့ အသက် ၃၇နှစ်အရွယ် ဦးတူးမိုင် က ဒီမနက်က သူကြုံတွေ့လိုက်ရပုံကို အခုလို ပြောပါတယ်။
"ကျနော်ရှိတဲ့နေရာနဲ့ ပထမကျတာက တစ်ဖာလုံနည်းနည်းကျော်တယ်၊ နောက်ကျတဲ့နေရာကတော့ တစ်ဖာလုံတောင်မရှိဘူး၊ ကိုက်ငါးဆယ်လောက်ပဲရှိတယ်၊ ဟိုဘက်က ဒုံးကနဲအသံကြားကျတော့ ကျနော်လည်းမီးလှုံနေတာ ဖုံးကနဲတစ်ခါကျတော့ မီးခိုးတွေတထောင်းထောင်းတွေ့တော့ ကျနော်လည်း တန်းပြေးတော့တာပဲ၊ ကျနော်တို့ ပြည်သူပြည်သားတွေက ငြိမ်းချမ်းရေးတော့လိုချင်တယ်၊ ဒါပေမယ့် အုပ်ချုပ်နေတဲ့စစ်အစိုးရက ဘယ်လိုအမြင်ရှိထားလို့ ငြိမ်းချမ်းရေးမယူကြလဲ အဲဒါတော့ ကျနော်မပြောနိုင်ဘူး"

ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပက်သတ်ပြီး RFA က ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဆက်သွယ်မေးမြန်းပေမယ့် သူတို့အနေနဲ့ လောလောဆယ် တစ်စုံတစ်ရာပြောကြားလိုခြင်း မရှိသေးကြောင်း ပြန်ကြားခဲ့ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လိုင်ဇာမြို့ခံတစ်ချို့က တရုတ်နယ်စပ်ဂိတ်ရှိရာကို အပြေးအလွှား ပြောင်းရွှေ့သွားရောက်ပြီး တရုတ်နိုင်ငံဘက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသလို တချို့က ခေတ္တခိုအောင်းလို့ရမယ့် နေရာတွေဆီ ရွှေ့ပြောင်းနေကြပါတယ်။
ဒီကနေ့ လိုင်ဇာမှာ လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းကို RFA ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။    RFA

Saturday, January 12, 2013

KIA တပ်ဖွဲ့များ ဒေါ့ဖုန်းယန် အစိုးရ နောက်တန်း စခန်းထိ တန်ပြန်စစ်ဆင်


သတင်း - ပြည်တွင်း
Kachin 0723113ဗန်းမော်-လိုင်ဇာ လမ်းကြောင်းမှ KIA စစ်ကြောင်းများသည်၊ အစိုးရ၏ ဒေါ့ဖုန်ယန်နှင့် လဂျားယန်ကြားရှိ အစိုးရ နောက် တန်း တပ်ဖွဲ့များကို ယနေ့ မနက်ပိုင်းမှ စပြီး ညနေပိုင်း အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း စစ်ဆင်ရေးမှူး တဦးက ပြောပါသည်။ 
ဒေါ့ဖုန်ယန် စခန်းနားအထိ လက်နက်ကြီးတွေနဲ့ တနေ့လုံးလိုလို ပစ်ခတ်နေကြနေပါတယ်။ သူတို့က တက်လာတာမ ဟုတ်ဘူး။ ကျနော်တို့က ဆင်းတိုက်နေတာပါ။ ဖြစ်တဲ့နေရာက လဂျာယန်စခန်းရဲ့ အောက်ဖက်တွေမှာပါ။ သူတို့ရဲ့ နောက်တန်း စခန်းတွေနားမှာပေါ့။ တိုက်ပွဲရဲ့ နောက်ဆုံး အခြေအနေကတော့ ညနေ () နာရီ အထိ မသိရသေးဘူး။ဟု ဆိုပါသည်။
ထို့အပြင် ယနေ့ မနက်ပိုင်း၌လည်း လိုင်ဇာမြို့ အနောက်ဖက် () မိုင်အကွာ၌ ရှိသော ခါရာဘွန် တောင်ဖက်၌ တနေ့လုံး တိုက်ပွဲဖြစ်ပွား နေခဲ့သလို မြစ်ကြီးနား-လိုင်ဇာလမ်းကြောင်းမှ နမ်းဆန်ယန် ကျေးရွာ ၀န်းကျင်၌လည်း တိုက်ပွဲများ တနေကုန် ဖြစ်ပွားနေခဲ့သည်ဟု ဆိုပါသည်။ ဤကဲ့သို့ တနေကုန် တိုက်ပွဲဖြစ်ပွားနေသော်လည်း လက်နက်ကြီးများမှ တပါး လေကြောင်း တိုက်ခိုက်မှု မရှိဟု ဆိုပါသည်။
ဇန္နာဝါရီ () ရက်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့သော KIA တပ်ရင်း (၂၄) စခန်း နေရာဖြစ်သည့် ဖွန်းပျန်ဘွမ် စခန်းနေရာ ဖက်၌ ယနေ့ တိုက်ပွဲများ မရှိသဖြင့် KIA တပ်များသည် စခန်း ၀န်းကျင်ကို ရှင်းလင်းခဲ့ရာ ထိခိုက် ဒါဏ်ရာ ရရှိထားသော နေရာများစွာကို တွေ့ရှိရပါသည်။
http://www.facebook.com/photo.php?v=409665399113665&set=vb.100002106266061&type=2&theater
အစိုးရ တပ်များသည် ဤကဲ့သို့ ထိခိုက်ကျဆုံးမှု များပြားသောကြောင့် () ရက်တာမျှ စစ်ဆင်မှု မလုပ်နိုင်တော့ဘဲ လှုပ်ရှားမှု နဲပါးလာခြင်းဖြစ်သည်ဟု KIA ဖက်မှ ယူဆထားပါသည်။ ဤသို့သော အခြေအနေမျိုးကြောင့် KIA မှတန်ပြန် စစ်ဆင်မှု ပြုလုပ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသည် ဆိုရမည်ဖြစ်ပါသည်။ 
U Zaw Raw
နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ ဖြေရှင်းလိုသော ကချင်ခေါင်းဆောင်များ (ဓါတ်ပုံ KIA)
အစိုးရ တပ်ဖွဲ့များ၏ စစ်ဆင်ရေး ရည်ရွယ်ချက်များကို မသိရသော်လည်း ၄င်းတို့၏ လှုပ်ရှားမှုများမှာ ငြိမ်သက်နေပါ သည်။ ဤငြိမ်သက်မှုသည် ငြိမ်းချမ်းရေးအတွက် ပြည်သူ့ လွှတ်တော်၏ တိုက်တွန်းချက်နှင့်လည်း သက်ဆိုင်နိုင်သ လို၊ သွေးစည်းညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) ၏ ထုတ်ပြန်ချက်နှင့်လည်း သက် ဆိုင်နိုင်ပါသည်။ http://www.phophtaw.org/burmese/index.php/statement-pressrelease/statement/2634------kiokia--.html
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားများသည်လည်း အစိုးရ စစ်ဆင်ရေးများကို ရှတ်ချသည့် အနေနှင့် ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံအပါဝင် UN ကလည်း စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောကြား ခဲ့ပြီးဖြစ်ပါသည်။ ဤသို့ကြောင့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးသည် အစိုးရအပေါ်၌သာ မူတည်မည်ဖြစ် ပါသည်။

စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၂၀၁၂


မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ရှိ ဒုက္ခသည်များက အလှူရှင်များအား အပြန်တွင် လှမ်းငေးနေကြပုံ

ကုလားတန်မြစ်နံဘေးမှာ ဗိုလ်လုနေကြတဲ့ နွား နှစ်ကောင်။

ဆန်းမင်းနိုင်၊ အသက် တစ်နှစ် တစ်လ၊ စက်ရုံစု ဒုက္ခသည်စခန်း၊ စစ်တွေမြို့။

လေးမြို့မြစ်ကမ်းမှ ကျောက်ထုတ်အလုပ်သမငယ်တစ်ယောက်။

ခိုင်စိုးပိုင် ၊ ဆက်သွယ်ရေးရုံးတာဝန်ခံ ၊ ကျောက်တော် ALP ဆက်သွယ်ရေးရုံး။

မမြင့်မြင့်သန်း၊ ဗော်လံတီယာ ၊ မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ဒုက္ခသည်စခန်း။

စစ်တွေမြို့ရွှေစတီကျောင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသော ရခိုင်လူမျိုး ဇနီးမောင်နှံ

ကျောက်တော် မဟာမုနိ ဘုရား အား ပူဇော် နေကြသော ရခိုင်အမျိုးသမီးနှစ်ဦး။

ကျောက်မဟာမုနိ ဘုရား အ၀င်ဝက ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ အလှူ ကဗျည်းလွာ

ကျောက်တော် မဟာမုနိ ဘုရားတန်ဆောင်း

စစ်တွေမြို့ စက်ရုံစုဒုက္ခသည်စခန်း ဆေးခန်းမှ တရာဝန်နှင့် သူနာပြုများ နေ့လည်စာစားချိန်တွင် ဆေးပေးခန်းမှ ထွက်လာကြပုံ
စက်တွေမြို့ ဆီအရောင်းဆိုင်တစ်ဆိုင်တွင် ဆိုင်ကယ်သမားတစ်ဦးအား အရောင်းဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက ဆီဖြည့်ပေးနေပုံ

စစ်တွေ မင်းဂံရပ်ကွက်ထဲသို့ ဇွန်လအတွင်းက ဘင်္ဂါလီများ ၀င်ရောက်တိုက်ခိုက်ကြသည်ကို မည်သို့မည်ပုံ ခုခံခဲ့ရသည်ကို ရှင်းပြနေသည့် မင်းဂံရပ်ကွာက်သားတစ်ဦး
တလင်းနယ်။

ကွမ်းတောင် ကြက်ကင် အရောင်းဆိုင် တစ်ဆိုင် ၊ စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းနံဘေး

မင်းဂံရပ်ကွက်ထဲတွင် ရေခဲချေင်း ရောင်းနေသည့် လူငယ်လေးတစ်ဦး။

မင်းဂံဒုက္ခသည်စခန်းအတွင်းမှ ရေတုံကင်တစ်ခု

ရန်ကုန်စစ်တွေ ကားလမ်း ပြုပြင်နေကြသည့် ရခိုင်အလုပ်သမများ

မင်းဂံဒုက္ခသည်မိသားစုတစ်စု မိမိတို့အခန်းရှေ့တွင် မိသားစုဝင်များနင်းကြသည့် ဆိုက်ကားများရပ်ထားပုံ။ အိမ်ရှေ့တွင် ဗူဒပင်များစိုက်ထားသည်။

စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်လူငယ်အချို့ ညနေစောင်းချိန်တွင် ခြင်းလုံးခတ်နေကြပုံ

ဆိုက်ကားသမား ကိုသိန်းဆန်း၊ ကသဲရပ်ကွက်လမ်းဆုံ၊ စစ်တွေမြို

ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းနေသူများ မနက်စောစောကျလျှင် အလုပ်ဆင်းရန် ကျောင်းသွားရန် အတွက် သန်ပန်များဖြင့် စစ်တွေကမ်းသို့ ကူးကြရသည်


မြောက်ဦးမြို့နယ်လေးမြို့မြစ်ကမ်း ကျောက်ထုတ်လုပ်ရေး လုပ်ငန်းခွင် တစ်နေရာ။
ဘင်္ဂါလီများ လက်ချက်ဖြင့် ကျဆုံးသွားရသည့် ပန်းမြောင်းကျေးရွာသားတစ်ဦး၏ မိခင်

မြောက်ဦးအလိုတော်ပြည့်ကျောင်းတွင် ရေးမှတ်ထားသည့် လက်ရှိ ဒုက္ခသည်စာရင်း။

မြောက်ဦးမြို့နယ် ပရိန်ကုန်းရွာမှ ရှောင်ပြေးလာရသော ဒုက္ခသည် တစ်ဦး။

တောင်ကုတ်မြို့ ကိုအာကာနှင့်မမေစီတို့ မိသားစုမှ လှူဒါန်းသည့်အကြောင်းကို ဖတ်ကြည့်နေသည့် ဒုက္ခသည် စခန်းရောက် အဘိုးအိုတစ်ဦး။

တစ်ကျော့ပြန် ဘင်္ဂါလီဆူပူမှု ဒုက္ခသည် ရခိုင်လူမျိုးများ။ အလိုတော်ပြည့်ကျောင်းတိုက်၊ မြောက်ဦးမြို့။

မြောက်ဦး နန်ရာကုန်း ရှေ့တွင် ခရီးသည် မျှော်နေသော မြင်းလှည်းသမားတစ်ယောက်။

မြောက်ဦး နန်းရာကုန်းရှေ့ မြေကွက်လမ်တွင် မနက်ပိုင်းဈေးရောင်းကြသူများ

ရခိုင်ရှေးဟောင်း အမြောက်ငယ်များ။

ရခိုင်ရှေးဟောင်း ဒဂါးများ

မြောက်ဦး နန်းမြို့ရိုးဟောင်း ရှေ့က မြင်းတစ်ကောင်။

မြောက်ဦး နန်းမြို့ရိုး တစ်နေရာ။

မြောက်ဦး ရှေးဟောင်း နန်းမြို့ရိုး အပြင်ဘက်တွင် စိုက်ထူထားသော မြန်မာအစိုးရ အလံ

မြောက်ဦး။

မြောက်ဦး။