Friday, July 18, 2014

၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့ဟာမြန်မာ့လွတ်လပ်ရေး ဗိသုကာ

Posted on 6:43 PM by tun tun

၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့ဟာမြန်မာ့လွတ်လပ်ရေး ဗိသုကာ တနည်းအားဖြင့် ပြည်ထောင်စု တည်ဆောက်ရေးကိုမျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့ (၇၁) နှစ်ကြာခဲ့ပါပြီ။ သူ့ခေတ်က တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကိုတနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ လှပတဲ့ သမိုင်းတွေဟာ ဘယ်လောက်ဘဲကြာကြာဆွေးမြေ့မသွား၊ ကွယ်ပျောက်မသွားဘဲ ရှင်သန်နေဆဲ ဖြစ်ပါ တယ်။
ဆရာတော်ဦးဥတ္တမရဲ့သမိုင်းတွေကို အင်အားတွေနဲ့ ချေဖျက်ခြင်းကို ခံနေရပေမယ့် သူ့သမိုင်းကတော့သမိုင်းအဖြစ် ရှိနေအုံးမှာပါ။ ပြောရရင် အနှိမ်ခံသမိုင်းအဖြစ်၊ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်လို့ စာရေးဆရာ ပါရဂူ ဆရာတစ်ဦးက ၁၉၉၆ စစ်တွေစာပေဟောပြောပွဲတခုမှာ “လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှု မရရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် တိုက်ပွဲဝင်တဲ့ ဆရာတော် နှစ်ပါးရှိပါတယ်။ တစ်ပါးက ဦးဝိစာရ၊အားလုံးသိတဲ့အတိုင်း ရွှေတိဂုံဘုရား ရှေ့မှာ ကြေးရုပ်တုလုပ်ပြီးထားတယ်၊နောက်တစ်ပါးက ဆရာတော် ဦးဥတ္တမ၊ ဆရာတော်ဦးဥတ္တမဟာ ဦးဝိစာရထက်အဆပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားခဲ့တယ်၊ ဒါပေမယ့် အသိအမှတ်မပြုခဲ့ကြဘူး။ (ဖဆပလ) အစိုးရလက်ထက်မှာ ရွှေတိဂုံဘုရားဘေးက ကန်တော်မင်းပန်းခြံကို ဦးဥတ္တမပန်းခြံ လုပ်ပြီးတော့ ပန်းခြံထဲမှာ ဦးဥတ္တမကျောက်ရုပ်တုထားရှိဖို့ အစီအစဉ်ရှိတယ်၊ ကျောက်ရုပ်ထုတောင် ထုလို့ပြီးနေပြီ။ အဲဒါဘယ်လိုဖြစ်သွားလဲ မသိဘူး။ ဖြစ်မလာခဲ့ဘူး။ ဆရာတော် ဦးဥတ္တမ ကျောက်ရုပ်တုဟာနှစ်တွေ ကြာလာတဲ့အခါမှာ ပန်းပုဆရာ ဦးဟန်တင်ခြံကို ရောက်သွားတယ်။ကျွန်တော် ဦးဟန်တင်အိမ်ကို ရောက်ဖြစ်ခဲ့တယ်။ ကိစ္စက အိန္ဒိယ သာသနပြုဆရာတော် စန္ဒြာမုနိရုပ်တု ကြောင့်ပါ။
အဲဒီညနေခင်းက ဘုရားကြီးမှာ ဆရာတော်စန္ဒြာမုနိရုပ်တုကို တွေ့ခဲ့တယ်။ ဆရာတော်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီမှာကျွန်တော်လည်းပဲ ပါခဲ့တယ်။ အဲဒီ ရုပ်တုကို အိန္ဒိယကို ပို့မယ်၊ ဒါပေမယ့်ပို့လို့မရတာ ကြောင့် ဒီမှာထားတာ ဖြစ်ပါတယ်။ ဆရာတော်ဦးဥတ္တမ ရုပ်တုလည်းဒီအတိုင်းရှိမယ်ထင်တယ်။ “နိုင်ငံတော် အနေနဲ့ ထိုက်တန်စွာ ဘာကြောင့်အသိအမှတ် မပြုသလဲ၊ ကျနော် လေ့လာဖူးသလောက် ပြောရရင် ရခိုင်တွေကတော့ ဆရာတော်ဦးဥတ္တမဟာ ရခိုင်ဖြစ်လို့ ခံယူကြတယ်။
ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမဟာတကယ့်တော့ ရခိုင်လူမျိုးတွေကပါ သိပ်ပြီးတော့ အသိအမှတ် ပြုချင်ကြတာမဟုတ်ပါဘူး။ ရခိုင်လူမျိုးတွေအတွက် မလုပ်ခဲ့လို့တဲ့။ အဲဒီအချိန်တုံးကရခိုင်လူမျိုးတွေဟာ နှစ်ထပ်ကွမ်း ကိုလိုနီဘ၀ပါ။ (၁၇၈၄) မှာရခိုင့်နိုင်ငံတော်ဟာ မြန်မာ (ဗမာ) နိုင်ငံက ၀င်ရောက်သိမ်းပိုက်မှုခံခဲ့ရတယ်။ ဆရာတော် ဦးဥတ္တမကို (၁၇၈၉) မှာ မွေးတယ်။ဆရာတော်ကို မွေးဖွားလာတဲ့ အချိန်မှာ ရခိုင်တွေ ကိုလိုနီဘ၀မှာ (၉၅) နှစ်ဘဲရှိပါသေးတယ်။ (၁၇၈၄) ကို အခြေခံပြီး တွက်ရင် ဆရာတော် ဦးဥတ္တမကတတိယမျိုးဆက်မှာ မွေးဖွားလာတဲ့သူ၊ ပြောရရင် ဆရာတော့်အဖိုး ကိုယ်တိုင်ရခိုင်တွေရဲ့ ထီးကျိုးစည်ပေါက် ကိုယ်တွေ့ အတွေ့အကြုံတွေကို မြေးဖြစ်သူကိုပြောဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ ထင်ပါတယ်၊ ဆရာတော်ဟာ ရခိုင်တွေရဲ့နှစ်ထပ်ကွမ်း ကိုလိုနီ ဘ၀က လွတ်မြောက်ရေး တခုတည်းကို မကြည့်ခဲ့ပါဘူး။ဒါပေမယ့် ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမဟာ ရခိုင့်နိုင်ငံတော်ကိုလိုနီဘ၀က လွတ်မြောက်ရေးထက် ဒီနေ့ မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ဧရိယာထဲမှာ ရှိနေတဲ့ ဘ၀တူ တိုင်းရင်းသားပေါင်းစုံ လွတ်မြောက်ရေးကိုရှေ့ရှုခဲ့တယ်။ အဲဒီအတွက် လှုပ်ရှားခဲ့တယ်။ ဆိုတော့ အခြေ အနေအရပေါ်ပေါက်လာတဲ့ ပင်လုံထက်စောစီးစွာ ဆရာတော်က ပြည်ထောင်စု စိတ်ဓာတ်နဲ့ပြည်ထောင်စု မျိုးစေ့ကို ချပေးခဲ့တယ်။
ပြည်ထောင်စုတည်ဆောက်ရေး ရှေးရှုမှုတွေနဲ့လွတ်လပ်ရေး မီးရှုးတန်ဆောင်ကို ထွန်းညှိခဲ့တယ်။ ဆရာတော် ဦးဥတ္တမရဲ့ပြည်ထောင်စု တည်ဆောက်ရေး အတွေးအခေါ်တွေကြောင့် အဲဒီခေတ် ရခိုင် လွတ်လပ်ရေးအင်အားစုတွေဟာ ဆရာတော်ကို မနှိက်ခြိုက်ကြဘူး။ အဲဒီခေတ်ရဲ့ ရိုက်ခတ်မှုတွေဟာဒီနေ့အချိန်ထိ သက်ရောက်မှုတွေ ပျက်ပြယ်သေးတာ မဟုတ်သေးဘူး။ ဒါပေမယ့် တချို့ရခိုင် အင်အားစုတွေ အဖွဲ့အစည်းတွေက ပြည်ထောင်စု တည်ဆောက်ရေးလုပ်ခဲ့တဲ့ဆရာတော် ဦးဥတ္တမကို ရခိုင်ဖြစ်လို့ နိုင်ငံအသိအမှတ်ပြုမခံရတာကိုတော်လှန်တဲ့အနေနဲ့ လှုပ်ရှားမှုတွေ လုပ်ကြတာကို တွေ့ရပါတယ်။
ဒီနေ့ ဆရာတော် ဦးဥတ္တမ ခင်းခဲ့တဲ့လမ်းကြောင်းကို ချီတက်နေတဲ့ ဘုန်းကြီးအချို့တောင် အသိအမှတ် ပြုချင်ပုံမပေါ်ပါဘူး။ ဆရာတော် ဦးဥတ္တမရဲ့ တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့သမိုင်းပေးတာဝန်တွေကို တောင် ချောင်ထိုးချင်ပုံပါဘဲ။
ဆရာတော် ဦးဥတ္တမရဲ့ တိုင်းပြည်လွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းတွေအရ ကောက်ချက်ချရရင် ဆရာတော် ဦးဥတ္တမဟာပြည်ထောင်စု ဗိသုကာအဖြစ် မော်ကွန်းထိုးရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ်နဲ့ပြည်ထောင်စု မတည်ဆောက်ချင်သူတွေ ပြည်ထောင်စု အမည်ခံပြီး တပြည်ထောင်စနစ်(သို့မဟုတ်) ပဉ္စမ မြန်မာ နိုင်ငံတော်ကို တည်ဆောက်ချင်သူတွေ အတွက်တော့ဆရာတော် ဦးဥတ္တမကို နိုင်ငံတော်အနေနဲ့ ထိုက်ထိုက် တန်တန် ဂုဏ်မပြုဘဲဆက်လက်ချိုးနှိမ်အုံးမှာကတော့ သေချာပါတယ်။
၁၉၉၆ စစ်တွေ စာပေဟောပြောပွဲမှာ ဆရာပါရဂူက“ဆရာတော်ကို မေ့မထားသင့်ပါ၊ စစ်တွေမှာ ဆရာတော် နာမည်နဲ့ ခန်းမဆောက်ပြီးကြေးရုပ်တုရှိတယ်၊ ကျွန်တော် အများကြီး ၀မ်းသာ ကြည်နူးမိတယ်။ ဒီအတိုင်းအတာနဲ့ အားမရပါ။ နိုင်ငံအတိုင်းအတာနဲ့ လုပ်စေချင်ပါတယ်” လို့ စာရေးဆရာပါရဂူက ဆရာ ပြောကြားခဲ့တဲ့ မှတ်တမ်းကို ကျနော် လေ့လာ ဖတ်ရှုခွင့် ရခဲ့တယ်။
ဆရာတော် ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေး၏တပ်ဦး၊ မြန်မာ့လွတ်လပ်ရေး၏ မီးရှုးတန်ဆောင်၊ မြန်မာ့ လွတ်လပ်ရေး အစဦးဥတ္တမ၊ မြန်မာ့လွတ်လပ်ရေး၏ လင်းရောင်ခြည်၊ အာဇာနည် ဦးဥတ္တမ၊ အကြမ်းမဖက်လှုပ်ရှားမှု ခေါင်းဆောင်၊ အာရှနေ၀န်း၊ အဖိနှိပ်ခံအားလုံး၏ သင်္ကေတ စသည့်ဂုဏ်ပုဒ်တွေဟာ စာထဲမှာ ရှိပြီး လက်တွေ့ ဘာမှ မရှိခဲ့ပါဘူး။ ဆရာတော်လည်းဗုဒ္ဓဘာသာ သဘောအရ ၀ဋ်လည်ရှာတယ်နဲ့ တူတယ်။ မြန်မာနိုင်ငံရဲ့မြို့တော်ရန်ကုန်မှာ ဦးဥတ္တမလမ်း၊ ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမခန်းမ၊ဦးဥတ္တမရုပ်တု ဘာမှ မရရှိခဲ့ဘဲ ဆရာတော် ဦးဥတ္တမ ပြောခဲ့ဖူးသလို “ဂရက်ဒေါက်ဂတ်ဒ်အောက်” ဆိုပြီး အင်္ဂလိပ်ဘုရင်ခံချူပ် ကို မြန်မာပြည်ကနေမောင်းထုတ်ခဲ့တဲ့အတိုင်း ခုလည်းပဲ “ဦးဥတ္တမ ဂတ်ဒ်အောက်” ဆိုပြီးနှင်ထုတ်ခံခဲ့ရတော့ ရခိုင်ပြည်ကို ပြန်လာခဲ့ရတယ်နဲ့ တူပါတယ်။
ဆရာတော် ဦးဥတ္တမအကြောင်းဆောင်းပါးရေးရင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်း ဖြစ်စဉ်ကိုသွားပြီးတော့ သတိရမိတယ်။ နေရူးကို အိန္ဒိယ သမိုင်းဆရာတွေက အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေး ဖခင် အဖြစ် မော်ကွန်းမထိုးဘူး။ မဟတ္တမ ဂန္ဒီကြီးကိုလွတ်လပ်ရေးဖခင်အဖြစ် မော်ကွန်းထိုးခဲ့ကြတာကို သတိရ သွားတယ်။ ကျွန်တော်တို့နိုင်ငံက ဆရာတော် ဦးဥတ္တမကို လွတ်လပ်ရေးမော်ကွန်းထိုးဖို့ အဆိုတင်သွင်းရင် တော်တော်လည်း အုတ်အော်သောင်းနင်း ဖြစ်သွားမလား မသိဘူး။ရန်ကုန်မှာ ဦးဥတ္တမ ပန်းခြံကို ပြန်ရုတ်သိမ်း၊ ဦးဥတ္တမ ရုပ်တုက ပန်းပုဆရာဦးဟန်တင်ရဲ့ အိမ်ကို ရောက်သွား၊ ဒီတစ်ခါ လွတ်လပ်ရေး ဖခင်အဖြစ် မော်ကွန်းရေးထိုးပေးဖို့ တောင်းဆိုရင်တော့ စစ်တွေမှာရှိတဲ့ ဆရာတော် ဦးဥတ္တမရဲ့အထိမ်းအမှတ်တွေအားလုံး ပြန်ပြီးတော့တောင် ရုတ်သိမ်းပစ်သွားမလားဆိုတာမပြောနိုင်ဘူး။
ဘာပဲပြောပြော အင်အားရှိသူတွေဟာသမိုင်းကို အသစ်ပြန်ရေးနိုင်ကြတော့ အဲဒီလို အင်အားနဲ့ သမိုင်းကိုအသစ်ပြန်ရေးရင်း တဖက်မှာလည်း သမိုင်းမှန်တွေကို ချေဖျက်ပစ်တတ်ကြတယ်။ဒါပေမယ့် အမှန်တရားက တော့ တနေရာမှာ ခေါင်းမော်ကြည့်နေမှာပါ။

No Response to "၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့ဟာမြန်မာ့လွတ်လပ်ရေး ဗိသုကာ"

Leave A Reply