Saturday, August 31, 2013

ကျောင်းသစ်ဆောက်လုပ်ပေးသော်လည်း စာသင်ခုံ မရှိ၍ ကျောင်းသားများ အခက်ကြုံ

Posted on 4:44 PM by tun tun


BAJ
ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ရှိသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာ၏ စာသင်ကျောင်းသစ်တွင် စာသင်ခုံများ မရှိသဖြင့် ကျောင်းသားများ စာသင်ကြားရန် အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။
BAJ ၏ အကူအညီဖြင့် ခေတ်မီ မူလတန်း ကျောင်းသစ် တစ်ဆောင်အား ရွာချောင်းကြီး ကျေးရွာတွင် များမကြာမီက ဆောက်လုပ်ပေးထားသော်လည်း စာသင်ခုံ တစ်ခုံမျှ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်နေကြရသည်ဟု ဒေသခံ ကျောင်းသား မိဖများက ပြောသည်။
ရွာချောင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသိန်းကျော်အား နိရဉ္စရာက ဆက်သွယ် မေးကြည့်ရာ စာသင်ခုံများ အထက်သို့ တင်ပြ တောင်းထားသော်လည်း ယခုထက်တိုင် မရောက်သေးကြောင်း ပြောဆိုသည်။
“ စာသင်ခုံ မရှိတော့ ကျောင်းသားတွေ စာသင်ရတာ အခက်အခဲ ရှိနေတဲ့ အတွက် မြို့နယ် ပညာရေးမှူးရုံးကို တင်ပြထားပါတယ်။ အခုအချိန်ထိတော့ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားတာ မရှိသေးပါ” ဟု ဆိုသည်။
စာသင်ခုံများ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်ရသဖြင့် ကျောင်းသားများ အနေဖြင့် မကြာခဏ ဖျားနာမူများ ဖြစ်ပေါ်နေသည်ဟု ကျောင်းသား မိဖ တစ်ဦးကဆိုသည်။
“ ကလေးတွေ မကြာခဏ ဖျားနာတာတွေတော့ ရှိပါတယ်။ သမံတလင်းပေါ်မှာ ထိုင်ပြီး တစ်နေ့လုံး စာသင်ရတော့ ကလေးတွေ ကျန်းမာရေး ထိခိုက်နေတာ အမှန်ပါဘဲ။ ဒါပေမယ့် ကျောင်းမတက်ရင် ပညာရေး ထိခိုက်နိုင်တာမို့ နေ့တိုင်း ကျောင်းသွားနေကြရတာပါဘဲ” ဟု ဆိုသည်။
ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံများ မရှိသည်သာမက ဆရာ ဆရာမများ အတွက်လည်း စားပွဲနှင့် ထိုင်ခုံများ မရှိဘဲ ဖြစ်နေသည်ဟု သိရသည်။
ရွာချောင်းကြီးကျေးရွာမှာ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ကလေးဘ၀က နေထိုင်ခဲ့သော ကျေးရွာဖြစ်သဖြင့် အဆိုပါ BAJ ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံ တစ်ခုံမှ မရှိသဖြင့် ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် စာသင်ခုံများ ဆက်လက် ကူညီ လှူဒါန်းပေးစေလိုကြောင်း ကျေးရွာသားများက ပြောဆိုသည်။   NARINJARA

No Response to "ကျောင်းသစ်ဆောက်လုပ်ပေးသော်လည်း စာသင်ခုံ မရှိ၍ ကျောင်းသားများ အခက်ကြုံ"

Leave A Reply