Thursday, December 27, 2012
ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့ RNDP က မကျင်းပတော့သော်လည်း ပြည်သူများကျင်းပမည်
Posted on 7:31 PM by tun tun

အေဒီ ၁၆ ရာစုက မြောက်ဦးကို လာရောက်လည်ပတ်ခဲ့သော ပေါ်တူဂီ ဘုန်းတော်ကြီး မန်နရိတ် ရေးဆွဲခဲ့သော မြောက်ဦးမြို့တော် မြင်ကွင်း။
ရွှေးကောက်ပွဲ ကော်မရှင်က ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့ အခမ်းအနားမှာ ဒို့တာဝန် အရေး (၃) ပါးကို ထိခိုက်နေသဖြင့် မပြုလုပ်ရန် ဒီဇင်္ဘာလ ၂၄ ရက်နေ့က ဒေါက်တာအေးမောင် အပါအ၀င် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လူကြီးများကို ခေါ်ယူ သတိပေးမူ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ပါတီကတော့ အခြေအနေအရပ်ရပ်ကြောင့် ၂၂၈ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာ ကျဆုံးတဲ့နေ့ကို ကျင်းပဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီနှစ်မှာ မကျင်းတော့ပါဘူး” ဟု ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။
သို့သော်လည်း ရခိုင်ပြည်သူများက အဆိုပါ အခမ်းအနားကို စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် ရမ်းဗြဲမြို့များတွင် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်နေကြသည်ဟု သိရသည်။
“ ကျွန်တော်တို့က ဖြစ်နိုင်တဲ့ နည်းနဲ့ ဒီအခမ်းအနားကို ကျင်းပသွားမှာပါ။ စစ်တွေမှာတော့ နေရာ အတော်များများမှာ ကျင်းပကြမှာပါ။ ကျွန်တော်တို့ ရခိုင် လူမျိုးတွေ အနေနဲ့ ဒီနေ့ကို မမေ့သင့်ဘူးလေ။ ရခိုင်လူမျိုး အတွက် အရေးကြီးတဲ့ သမိုင်းဝင်နေ့မို့ ရခိုင်တွေအနေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ အဆိုးရွားဆုံး ဘ၀ အခြေအနေတွေကို ဆင်ခြင် သုံးသပ်မယ် ဆိုရင် ဒီလိုနေ့မျိုးကို မေ့ဖျောက်ထားလို့ မရဘူးလေ” ဟု စစ်တွေမှ ရခိုင်အမျိုးသားက ဆက်ပြောသည်။
ရခိုင်ဘုရင့်နိုင်ငံတော်သည် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဗမာ ဘုရင် ဘိုးတော် ဦးဝိုင်းမှ ၀င်ရောက် သိမ်းပိုက်ခဲ့သဖြင့် နိဂုံးချုပ်ခဲ့ရသည်။ အေဒီ ၁၄၃၀ မှ စတင်ပြီး ရခိုင် ဘုရင် မင်းစောမွန် တည်ထောင်ခဲ့သော ရခိုင် မြောက်ဦးခေတ်သည် နှစ်ပေါင်း ၃၀၀ ကျော် တည်တံ့ခဲ့ပြီး ရခိုင်ဘုရင် မဟာသမ္မတ လက်ထက် အေဒီ ၁၇၈၄ ခုနှစ်တွင် တိုင်းပြည် စည်းရုံးရေး ပြိုကွဲသွားရာမှ ဗမာမင်းတို့၏ လက်အောက်သို့ အလွယ်တကူ ကျရောက်သွားခဲ့ရသည်။
ထိုအချိန်မှ စပြီး ရခိုင်တို့၏ ကံကြမ္မာမှာ အဘက်ဘက်က ညှိုးနွမ်း ကျဆုံးခဲ့ရပြီး ယခုအခါ အုပ်ချုပ်သူ ဗမာ ခေါင်းဆောင် အဆက်ဆက်တို့၏ မရိုးမသား လုပ်ရပ်ကြောင့် တိုင်းပြည် ပျောက်သည် သာမက (ကယ်သူမဲ့ဘ၀ဖြင့်) လူမျိုးပါ ပျောက်မည့်ကိန်းနှင့် ရင်ဆိုင်နေကြရသည်။
ယခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သော ၂၂၈ နှစ်မြှောက် ရခိုင် ဘုရင်နိုင်ငံ ကျဆုံးနေ့ အခမ်းအနားကို ပြည်ပနိုင်ငံများ ဖြစ်ကြသည့် ဘင်္ဂလာဒေခ်ျ့၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ အမေရိကန်၊ ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန်နှင့် နော်ဝေးနိုင်ငံများတွင် ရခိုင်အမျိုးသားများက ကျင်းပ ပြုလုပ်သွားကြရန် စီစဉ်နေကြသည်ဟု သတင်း ရရှိသည်။ narinjara
Subscribe to:
Post Comments (Atom)
No Response to "ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့ RNDP က မကျင်းပတော့သော်လည်း ပြည်သူများကျင်းပမည်"
Leave A Reply