Saturday, March 23, 2013

ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ

Posted on 5:45 PM by tun tun

ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ
Saturday,, March 23, 2013

စစ်တွေ (မဇ္ဈိမ)။   ။ တောင်ကုတ်မြို့တွင် ရခိုင် အရေးအခင်းလွန် နောက်ပိုင်း အစိုးရ၏ ဒုက္ခသည်များ ပြန်လည်နေရာချထားခြင်း အစီအစဉ်များအပေါ် မကျေနပ်၍ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက လူ ၃၀၀ ခန့်က လမ်းလျှောက် ဆန္ဒပြရာ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ခဲ့ကြ၍ ဦးဆောင်ပါဝင်သူ သုံးဦးအား
ဒေသဆိုင်ရာ အာဏာပိုင်တို့က အရေးယူထားကြောင်း တောင်ကုတ်မြို့ ရခိုင် လူမှုကွန်ယက် တာဝန်ရှိသူများက ပြောသည်။

မနက် ၉း၄၀ နာရီမှ ၁၀း၁၅ နာရီထိ တောင်ကုတ်မြို့ လမ်းများပေါ်တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

ယာယီဒုက္ခသည် စခန်းက လူတွေကို အိမ်တွေ ဆောက်လုပ်နေရာချ
ထားပေးမယ်ဆိုရင် ပထမဆုံး သူတို့တွေကို နိုင်ငံသား ဟုတ်မဟုတ် စီစစ်ဖို့လိုတယ်။ ဒီလို ဥပဒေနဲ့အညီ မဟုတ်ဘဲ တဖက်သတ် ဆုံးဖြတ်
လုပ်ကိုင်နေတာကြောင့် ကျနော်တို့ ဆန္ဒ ဖော်ထုတ်ရခြင်း ဖြစ်တယ်
ဟု ရခိုင်လူမှုကွန်ယက်အဖွဲ့ဝင် ကိုဇေယျကျော် က ဆိုသည်။ 

ဒုက္ခသည်များအတွက် ဆောက်လုပ်ပေးမည့် အိမ်များမှာ လုံးချင်းအိမ်
များဖြစ်ကာ တူရကီနိုင်ငံမှ လှူဒါန်းထားပြီး ပဋိပက္ခဖြစ်ပွားရာ မြို့နယ်
များတွင် ဆောက်လုပ်သွားမည်ဟု သိရှိထားရကြောင်း ကွန်ယက်
ခေါင်းဆောင်များက ပြောသည်။ 

ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည့်အတွက် ရခိုင် လူမှုကွန်ယက်မှ ခေါင်း
ဆောင် သုံးဦးဖြစ်သော ဦးစိုးဝင်း၊ ဦးသန်းလွင်စိုးနှင့် ဦးမင်းထွန်းတို့
အား သက်ဆိုင်ရာမှ အရေးယူထားသည်။ 

ညနေ ၃ နာရီလောက်မှာ ကျနော်တို့အားလုံး ရုံးကို ရောက်တယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးက ဥပဒေအရ အရေးယူရတာလို့ ပြောတယ်။ ကျနော်တို့ သုံး
ယောက်ကို အာမခံ နှစ်ယောက်စီနဲ့ ခံဝန်လုပ်ပြီးတော့ ညနေ ၄ နာရီကျော်
လောက်မှာပြန်လွှတ်ပေးလိုက်တယ် ဟု ဦးစိုးဝင်း က မဇ္ဈိမကို ပြောသည်။

ကျနော်တို့က ဥပဒေနဲ့အညီ လုပ်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ခွင့်ပြုချက် ရဖို့အတွက် အဆင့်ဆင့်တင်ပြခဲ့တယ်။ ဒါပေမယ့် သက်ဆိုင်ရာက အားလုံး ပယ်ချခဲ့တယ်။ ကျနော်တို့တွေ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နောက်ဆုံးမှ ဒီလမ်းကို ရွေးခဲ့တာပါ။ ဥပဒေအရ အရေးယူထားတယ် ဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်ရုံပဲပေါ့ဗျာ ဟု ၎င်းက ဆက်ပြောသည်။ 

ဆန္ဒပြခွင့်ကို မတ်လ ၁၅ ရက်နေ့တွင် မြို့နယ်ကို တင်ပြခဲ့ရာ မတ်လ ၁၇ ရက်နေ့တွင် မြို့နယ်က ပလပ်ခဲ့သည်။ မတ်လ ၁၈ ရက်နေ့တွင် ပြည်နယ်သို့ အယူခံရာတွင်လည်း မတ်လ ၂၁ ရက်နေ့တွင် ပြည်နယ်ရဲမှူး ကိုယ်စား ဒု-ရဲမှူးကြီး အောင်ကျော်ဦး လက်မှတ်ရေးထိုး၍ ပလပ်ခဲ့သည်ဟု ဆိုသည်။ 

ထို့ပြင် မတ်လ ၇ ရက်နေ့မှစ၍ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် မြို့နယ်များတွင်လည်း ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပခဲ့ရာ ဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရ ပြုလုပ်ခြင်း မဟုတ်၍ ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်သူ အနည်းဆုံး ၆ ဦးကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးများက အရေးယူထာရှိပြီး ၎င်းတို့အား မခံဖြင့်ပြန် လွှတ်ပေးထားကြောင်း သိရသည်။ 

စစ်တွေဆန္ဒပြပွဲကို စီစဉ်မှုဖြင့် ယာယီထိန်းသိမ်းခံရရာမှ အာမခံဖြင့် ပြန်လွတ်
လာသူ စစ်တွေလူမှုကွန်ယက်ခေါင်းဆောင်ဒေါ်ညိုအေးက ဒီနေ့အထိတော့ 
အာမခံနှင့် လွှတ်ပေးထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်ဘက်က တယောက်မှ နောက်ထပ် ဆက်သွယ်တာမျိုး မရှိသေးဘူး ဟု ပြောပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင် ကလည်း ဆန္ဒဖော်ထုတ်ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအ
ရ နိုင်ငံသားတိုင်းရပိုင်ခွင့်ရှိပြီး အစိုးရအနေနှင့် ပွင့်လင်းမြင်သာမှု မရှိ၍ ယခုလို ဆန္ဒပြမှုများနှင့်ရင်ဆိုင်နေရကြောင်း ပြစ်တင်ဝေဖန်လိုက်သည်။

ရခိုင်မှာ ဆန္ဒဖော်ထုတ်မှုတွေကို ကြည့်ရင် အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အများကြီး သက်ဆိုင်နေတယ်။ သမ္မတ ဦးသိန်းစိန် က နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ ဆောင်ရွက်မယ် ပြောတယ်။ လက်တွေ့ ဆောင်ရွက်တဲ့အခါ ပွင့်လင်းမြင်သာမှု မရှိဘူး။ 

ဒီကြားထဲ အခု စစ်တွေမှာ လုံးချင်းအိမ် ၅၀၀၀ဆောက်မယ်ဆိုတာကို ဒေသခံ ရခိုင်လူမျိုးတွေဟာ သတင်းအရပဲ သိလာရတယ်။ အစိုးရဆီက ဒီကနေ့ထိ မသိရသေးဘူး။ ဒါဟာ ပွင့်လင်းမြင်သာမှု မရှိတာကိုပြနေတာ။ ဒီလိုပွင့်လင်း
မှုမရှိလို့ ဆန္ဒပြပွဲတွေ ဖြစ်လာရတာပဲ”ဟု ဦးမင်းအောင် က ဆိုသည်။ 

ဆန္ဒပြခွင့်နှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းအလိုက်၊ တနေရာနှင့်တနေ
ရာ ကျင့်သုံးပုံချင်း မတူကြသလို၊ ခွင့်ပြုချက် ပေးခြင်း မပေးခြင်းမှာလည်း ဥပဒေအပေါ် မူမတည်ဘဲ အာဏာပိုင်များ အပေါ်၌သာ တည်နေသည်ဟု ၎င်းက ဝေဖန်ထောက်ပြသည်။ 

ထို့အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ကလည်း “နိုင်ငံသား ဟုတ် မဟုတ်တောင် ကွဲကွဲပြားပြား မသိ
ဘဲ ဘယ်လို လုပ်နေရာချမလဲဗျာ။ ဒီကိစ္စ ALD က နဂိုကထဲက ပြောပြီးသား။ ဥပဒေနဲ့အညီ အမြန်စီစစ်ပါ။

နိုင်ငံသား ဖြစ်သင့်တဲ့လူ ဖြစ်ရမယ်။ နိုင်ငံသား လက်မှတ် ရှိပြီးသား
ဖြစ်ပေမယ့် မှန်မှန်ကန်ကန် ရထားတာ ဟုတ်မဟုတ် စီစစ်ဖို့ လိုမယ်။ တကယ်လို့ မတော်မတရားနည်းနဲ့ နိုင်ငံသားလက်မှတ် ရထားတဲ့သူ
တွေရှိရင် သူတို့တွေကို နိုင်ငံသား မဟုတ်သူတွေနဲ့အတူ Camp (ဒုက္ခသည်စခန်း) မှာ ထားဖို့ပြောခဲ့တယ်။ ဒါဟာ ALD ရဲ့ မူပဲဟု 
ဆိုသည်။ 

ရခိုင်ပြည်နယ်အတွင်း ယမန်နှစ် ဇွန်လမှ စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ
ကြောင့် အသက် အိုးအိမ် ဆုံးရှုံးပျက်စီး

ခဲ့ရပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများက ကမ္ဘာ့အစ္စလာမ် ပူးပေါင်း
ဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံ တွင် လာဖွင့်မှုအား ဆန့်ကျင်
သည့် ဆန္ဒပြမှုများမှာ ရခိုင်ပြည်နယ်မှသည် အခြားမြို့များသို့ ပြန့်နှံ့သွားခဲ့
ရပြီးနောက် ယခုဆန္ဒပြမှုများမှာ ရခိုင်ဒေသ၏ တကျော့ပြန် ဆန္ဒပြမှုများ
 ဖြစ်သည်။

ဒုက္ခသည်များ ပြန်လည်နေရာချထားရေးတွင် နိုင်ငံသားစိစစ်ခြင်းမရှိဘဲ လုံးခြင်းအိမ်များ ချပေးမည့်အပေါ် တောင်ကုတ်မြို့ရှိ ရခိုင်လူမှုကွန်ယက် ဦးဆောင်၍ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ဆန္ဒပြကြစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

No Response to "ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ"

Leave A Reply