Monday, July 8, 2013

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် မီဒီယာမှ သတင်းထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်(သတင်း)

Posted on 8:37 PM by tun tun



======================================
အလာဟာဘတ်မြို့တွင် Buddha Commune International ဗုဒ္ဓဘာသာ အဖွဲ့က ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ငြိမ်းချမ်းစွာ ဆုတောင်းမှုများ ပြုလုပ်နေစဉ်

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပျက်စီးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများအား နိုင်ငံပိုင် မီဒီယာဖြစ်သော မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဇူလိုင်လ ၇ ရက်ည ၈ နာရီက ဖော်ပြခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ဝင်း အတွင်းရှိ မဟာဗောဓိ ညောင်ပင်အောက်တွင် ဗုံးနှစ်လုံး၊ ရတနာဃရသတ္တာဟတွင် ဗုံးတစ်လုံး၊ အနိမိသသတ္တာဟတွင် ဗုံးတစ်လုံး၊ ဂျပန်ဘုရားကြီး ကာမာကူရ ဆင်းတုတော် အနီးတွင် ဗုံးတစ်လုံး၊ တိဘက်ဘုန်းတော်ကြီးကျောင်း ၀င်းအတွင်း ဗုံးနှစ်လုံး စုစုပေါင်း ဗုံးခုနစ်လုံး ပေါက်ကွဲခဲ့သည့်အပြင် ကာမာကူရ ဆင်းတုတော် အနီးတွင် မပေါက်ကွဲသေးသော အခြားဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာမှ ဇူလိုင် ၇ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ပေါက်ကွဲမှုကြောင့် မဟာဗောဓိ ညောင်ပင်အောက်တွင် ပဋ္ဌာန်းရွတ်ဆို ပူဇော်နေပြီး ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသော အိန္ဒိယနိုင်ငံရောက် မြန်မာစာသင်သား ရဟန်းတော် တစ်ပါးဖြစ်သည့် ဦးဝိလသဂ္ဂါလင်္ကာရ (သက်တော် ၂၇ ၊၀ါတော် ၇ ၀ါ) မှာ ယာလက်မောင်းနှင့် မျက်နှာတို့တွင် ဗုံးစထိမှန်ခဲ့ပြီး ဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

လက်ရှိတွင် ဗုဒ္ဓဂယာ ဆေးရုံမှ အက်ပိုးဆေးရုံသို့ ဒဏ်ရာရရှိ သူများအား ရွှေ့ပြောင်းကုသပေးနေကြောင်း သိရသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၊ အလာဟာဘတ်မြို့တွင် Buddha Commune International ဗုဒ္ဓဘာသာအဖွဲ့က ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ငြိမ်းချမ်းစွာ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ကိုးလ်ကတ္တားမြို့တွင်လည်း သံဃာတော်များက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အိန္ဒိယသမ္မတ ပရာနက်မူခါဂျီက ယခုကဲ့သို့ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုသည် အပြစ်မဲ့ ဘုရားဖူးများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် အသိဥာဏ် ကင်းမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ပြောကြားလိုက်သည်။  facebook

No Response to "ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် မီဒီယာမှ သတင်းထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်(သတင်း)"

Leave A Reply