Saturday, June 22, 2013

စစ်ဆင်နေသည့် အစိုးရတပ်ဖွဲ့ကို TNLA နှင့် KIA တို့ ပူးပေါင်း တိုက်ခိုက်

Posted on 7:46 PM by tun tun

အေးချမ်းစွာနေလိုသော တအာင်း မိသားစုဘ၀ အေးချမ်းစွာနေလိုသော တအာင်း မိသားစုဘ၀ (ဓါတ်ပုံ - တအာင်းစာပေအဖွဲ့)
ယနေ့နံနက် ၈ နာရီ အချိန်တွင် ရှမ်းပြည်မြောက်ပိုင်း ရှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ပိန်းပွန် ကျေးရွာ အနီးတွင် စစ်ဆင်လာသည့် အစိုးရ တပ်ဖွဲ့အား တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIA) တို့က ပူး ပေါင်း တိုက်ခိုက်သဖြင့် နာရီဝက်ခန့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား နေဆဲဖြစ်ကြောင်း TNLA တပ်မှူး တစ်ဦးက ဆိုပါ သည်။
“သူတို့ တက်အလာကို စောင့်ပစ်တယ်။ အထိနာတာပေါ့။ ဒါကြောင့် နာရီဝက်ဘဲ ခံတယ်။ ပြန်ဆုတ်သွားတယ်။ အဲဒီ တပ်က ဘယ်တပ်လဲ ဆိုတော့ လောလောဆယ် မသိရသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ မနေ့ညကလည်း တပ်ဖွဲ့အသစ်တွေ ထပ်ရောက် လာတယ်လေ။ ဆိုတော့ မသဲကွဲသေးဘူး။ ဒါပေမဲ့ သေချာတာကတော့ စစ်ဆင်ရေး လက္ခဏာက စိပ်လာတယ်။ ကျနော်တို့ကလည်း အဆိုးဆုံးကို ပြင်ထားပါတယ်” ဟု ဆိုပါသည်။
ယခုတိုက်ပွဲသည် TNLA ၁၀၁ တပ်ရင်းနှင့် KIA တပ်မဟာ (၄) ထိန်းချုပ် နယ်မြေမှ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်း TNLA တပ်ရင်း ၁၀၁ အရာရှိ တစ်ဦးမှ ဆိုပါသည်။ ကွတ်ခိုင်မြို့နယ် ပိန်းပွန်ရွာသည် KIA တပ်မဟာ ၄ ၏ ထိန်းချုပ် နယ်မြေဖြစ်သဖြင့် အစိုးရ တပ်ဖွဲ့များသည် KIA ကိုပါ ဆက်လက် တိုက်ခိုက်နေခြင်းသာ ဖြစ်ပါသည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာနိုင်ကြောင်း၊ ယမန်နေ့ည ကလည်း လားရှိုးမှ မြန်မာစစ်တပ် စစ်ကား အစီး ၂၀ ကျော် ရှမ်းမြာက်ဖက်သို့ ထွက်ခွာ လာခဲ့ပြီး မနေ့ည ၉ နာရီအချိန်တွင် နမ့်ခမ်းမြို့သို့ စစ်ကား အစီး ၂၀ ကျော် ရောက်ရှိလာခဲ့ကြောင်း၊ ထိုမှတဆင့် မန်ဝိန်ကြီးဖက်သို့စစ်ကား ၁၁ စီးဖြင့် ခြေလျင်ဖြင့် စစ်သား ၂၀၀ ကျော် စစ်ဆင်သွားခဲ့ ပါသည်။  ကျန်သည့် စစ်ကား ၁၂ စီးမှာ နမ့်ခမ်းမြို့တွင် ရှိနေဆဲဖြစ်ပြီး TNLA ဒေသကို ဆက်လက် စစ်ဆင်မည်ဖြစ် ကြောင်း TNLA ကဆိုပါသည်။  
လက်ရှိ အခြေအနေတွင် ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဧရိယာ၌ ရှိသောKIA အမှတ် (၃၆)၊ အမှတ် (၃၈)၊ အမှတ် (၉)၊ အမှတ် (၂)၊ အမှတ်(၈)၊ အမှတ် (၃၄) အမှတ် (၁၇)နှင့် အမှတ် (၂၉) တပ်ရင်းတို့တွင်  နေရာတိုင်း၌ တစ်နေရာ မဟုတ် နှစ်နေရာ၊ သုံးနေရာတွင် နေ့တိုင်း လိုလို တိုက်ပွဲများ ဖြစ်လာခဲ့ပါသည်။
ယင်းတိုက်ပွဲများကြောင့် သိန္နီ၊ ကွမ်းလုံ၊ မူဆယ်၊ ကွတ်ခိုင် နှင့် မန်တုံမြို့နယ်များတွင် ရှိနေသည့် ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြကြောင်း၊ အကြောင်းမှာ အစိုးရတပ်များသည် တိုက်ပွဲ ဖြစ်ပွားခဲ့လျှင် ဖြစ်ပွားသည့် အနီးအနား ကျေးရွာ များအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာ လူထုအား အကြောင်းမဲ့ စွပ်စွဲပြီး သတ်ဖြတ်ခြင်း၊ အမြင်မတော် ဂလဲ့ စားချေ ပစ်ခတ်ခြင်း၊ လမ်းပြပေါ်တာ ဆွဲခြင်းများ ဖန်တီး တတ်သဖြင့် စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။  
အလားတူ TNLA တပ်ရင်းများ ဖြစ်သည့် အမှတ် (၁၁၂)၊ အမှတ် (၄၇၈)၊ အမှတ် (၃၆၇) အမှတ် (၁၂၅) အမှတ် (၂၅၆) အမှတ် (၁၀၁)နှင့် တပ်ရင်း အသစ် စခန်းများတွင်လည်း လပေါင်းများစွာ စစ်ဆင်နေရာမှ တဖြည်းဖြည်း ပြင်းထန်လာ ခဲ့ပါသည်။

ဤသို့ကြောင့် ကျောက်မဲ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းဝီးမြို့နယ်မှ တောနယ် ကျေးရွာ လူထုများ စိုးရိမ်ကြောက်ကြံ့နေကြပါသည်။
TNLA ဒေသ၌ စစ်ပြေး ဒုက္ခသည် အသစ်များ တိုးလာနေပါသည်။  နမ့်ဆန်၊ ကွတ်ခိုင်နှင့် မိုင်းငေါ့ဖက်မှ ဖြစ်ပြီး လူ့အခွင့် အရေး ချိုးဖေါက်မှု များစွာ ရှိနေကြောင်း၊ ဤကိစ္စအတွက် အချက်အလက်များ စုဆောင်းပြီး ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံး အပါဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများသို့ တင်ပြ သွားမည်ဟု တအာင်း အမျိုးသမီး ရေးရာ အဖွဲ့များက ဆိုပါသည်။.phophtawnews.org

No Response to "စစ်ဆင်နေသည့် အစိုးရတပ်ဖွဲ့ကို TNLA နှင့် KIA တို့ ပူးပေါင်း တိုက်ခိုက်"

Leave A Reply