ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်မှ ဗုဒ္ဓဘာသာမိသားစု (၁၄) စုသည် မောင်တော မြို့နယ် မြောက်ပိုင်မှ ၀င်ရောက်လာပြီး ခိုလုံခွင့်တောင်းခံခဲ့သည်ဟု သိရသည်။
သူတို့ကို ယခုအခါ မောင်တောမြို့နယ် မြောက်ပိုင်း နစက အမှတ် (၁) နယ်မြေမှ မောင်တောမြို့ ပေါ်သို့ ခေါ်ယူလာပြီး ဗဟိုကျောင်းတွင် နေရာချထားပေးထားသည်ဟု အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ အခု လောလောဆယ်တော့ သူတို့ကို မောင်းတောမြို့က ဗဟိုကျောင်းမှာ နေရာချထားပါတယ်။ သက်ဆိုင်ရာကတော့ စားရေး နေရေးထိုင်ရေး အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ မိသားစုက ၁၄ စု၊ လူက စုစုပေါင်း ၅၂ ဦး ပါဝင်ပါတယ်” ဟု သူက ပြောသည်။
အဆိုပါ မိသားစု ၁၄ စုသည် ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှ တဆင့် မောင်တောမြို့နယ် မြောက်ပိုင်းသို့ ၀င်ရောက်လာပြီး နီးစပ်ရာ နစက တပ်စခန်းများတွင် ခိုလုံခွင့်တောင်းခံခဲ့သည်ဟု သိရသည်။
“ ပထမ မိသားစု (၈) စုမှာ လူပေါင်း ၃၀ ပါဝင်ပြီး ဒီဇင်္ဘာလ ၂၀ ရက်နေ့က မောင်တောမြို့ နစက ကျီးကန်းပြင် ဌာနချုပ်ကို ရောက်ပါတယ်။ နောက်ထပ် မိသားစု (၆) စုမှာတော့ မိသားစု အဖွဲ့ဝင် ၂၂ ဦး ပါဝင်ပြီး ဒီဇင်္ဘာလ ၂၁ ရက်နေ့က ရောက်ရှိလာပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ၀င်ရောက်လာသူများနှင့် ပတ်သက်ပြီး နိုင်ငံတော် အဆင့်ထိ တင်ပြထားပြီး နိုင်ငံတော်မှ အကြောင်းပြန်ပြီးမှ မည်သို့ ဆောင်ရွက်မည်ကို သိရှိရမည်ဟု ဆိုသည်။
ဝင်ရောက်လာသူ အုပ်စုနှစ်စုတွင် ပထမ အုပ်စုမှာ ကံ့ကော်ချောင်းမှဟု ပြောဆိုကြောင်း သူက ပြောကြားသည်။ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ကံ့ကော်ချောင်းဟု မရှိဘဲ ကံ့ကော်ဝဟုသာရှိသည်ဟု သိရသည်။
မည်သည့် အတွက်ကြောင့် ထွက်ပြေး ခိုလုံလာသည်ကို သိရှိနိုင်ရန် အတွက် ထွက်ပြေးလာသူ မိသားစုများနှင့် နိရဉ္စရာက ဆက်သွယ်မေးမြန်းရန် ကြိုးစား ဆောင်ရွက်နေပါသည်။ narinjara




မျက်မှောက်ကမ္ဘာ၌
ရေနံနှင့်သဘာဝဓာတ်ငွေ့ လိုအပ်မှုမြင့်မားလာခဲ့သည်။
ကမ္ဘာ့သမိုင်းစဉ်တစ်လျှောက်တွင်လည်း နိုင်ငံကြီးများသည်
သူတို့နိုင်ငံတိုးတက်ရေး၊ စစ်ရေး၊ နိုင်ငံရေးအရ အသာရရှိရေးအတွက်
စစ်ပွဲများဖြစ်ပွားခဲ့ကြသည်။ နိုင်ငံ၏ စွမ်းအင်သယံဇာတများသည်
ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့တွင် ကြီးမားသော အခန်းကဏ္ဍက
ပါဝင်နေသည်။စွမ်းအင်သယံဇာတသည် နိုင်ငံတစ်နိုင်ငံ အသက်ရှင်ရပ်တည်ရေး၊
ဖွဲ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကကျသည်။ "သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး"
ဆိုသလို သယံဇာတသည် တိုင်းပြည် အကျိုးအတွက် အသုံးပြတတ်လျှင်
ရတနာတစ်ပါးဖြစ်ပြီး ပြည်သူအား ဖိနှိပ်ရာတွင် အသုံးပြုလျှင်
မီးသွေးခဲတစ်ခဲမျှလောက်ပင် တန်ဖိုးမရှိပေ။ တိုင်းပြည်၏
သယံဇာတပုံကြီးတွင်ခွထိုင်ပြီး ပြည်သူကို အကြမ်းဖက် နှိမ်နှင်းဖိနှိပ်၊
အခြားနိုင်ငံများကိုရန်စောင်၊ ဝေဖန်တင်ပြလာသူများအား
အကျဉ်းထောင်ထဲသို့ပို့ခဲ့သော အာဏာရှင်များ ကမ္ဘာကြီးတွင်
စိုးမိုးခဲ့သည်များကိုလည်း မြန်မာလူထုတစ် တစ်ရပ်လုံး မျက်ဝါးထင်ထင်
တွေ့ရှိခဲ့ရပြီးဖြစ်သည်။ လွန်ခဲ့သောနှစ်များစွာကပြုတ်ကျသွားခဲ့သော
အီရတ်နိုင်ငံအာဏာရှင်အစိုးရ ဆက်ဒမ်ဟူစိန်နှင့် မကြာခင်က
ဘဝနိဂုံးချုပ်သွားခဲ့သည့် လျစ်ဗျားနိုင်ငံ အာဏာရှင် ကဒါဖီတို့သည်
"ရေနံ"နှင့် သယံဇာတကိုပြည်သူအကျိုးအတွက် အသုံးမပြုဘဲ
မိမိတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုအား
ဖိနှိပ်ချုပ်ချယ်ရာတွင်အသုံးပြုခဲ့သည်။ အာဏာရှင်များလက်ထဲတွင် သယံဇာတ
ပစ္စည်းများ လက်ဝယ်ရှိနေခြင်းသည် ပြည်သူ၊ ပြည်သားများအတွက် ကျိန်စာသဖွယ်
ဖြစ်နေကြရသည်။
