|
အမေရိကန်ပြည်ထောင်စု
တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင်
မြန်မာတိုင်းရင်းသားပေါင်းစုံတို့မှ စုပေါင်းတည်ထောင်ကိုးကွယ်လျှက်ရှိသော
ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်း၏
တိုးချဲ့ဝယ်ယူခဲ့သည့် မြေကွက် ၂ ဧကခန့်အတွက် စေတနာရှင် အလှူရှင်များ
ပါဝင်လှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်လျှက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ တိုးချဲ့မြေ ၂ ဧကခန့်အား မြန်မာထေရဝါဒ ဗုဒ္ဓဘာသာအသင်းအမည်ဖြင့် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လတွင် လာအိုခြံပိုင်ရှင်တဦးထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းတစ်သောင်းကျော် အရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ငါးနှစ်ကြာပေးချေရမည် ဖြစ်သည်။ ၄င်းမြေကွက်တွင် ကျောင်းထိုင်ဆရာတော် ဘုန်းတော်ကြီးကျောင်းအဖြစ် သီတင်းသုံးနေထိုင်တော်မူသော အလျား ၇၆ ပေ၊ အနံ ၁၈ ပေခန့် ရှည်လျားသည့် ကျောင်းတစ်ဆောင်နှင့် ဓမ္မာရုံအဖြစ်အသုံးပြုထားသည့် အလျား ၃၀ ပေ၊ အနံ ၄၀ ပေခန့်ရှည်လျားသည့် အဆောက်အအုံတစ်လုံးပါဝင်ကြောင်း သိရှိရသည်။
ဘုန်းကြီးကျောင်း တိုးချဲ့မြေ၀ယ်ယူရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ " ရှေ့လာမယ့် အနာဂတ်ကာလတွေမှာ မျိုးဆက်သစ် ကျောင်းသားလူငယ် မောင်မယ်များအတွက် ပညာရိပ်သာခန်းမဆောင် တည်ဆောက်ပြီးတော့ အမျိုးဘာသာသာသနာနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းအမွေပေးနိုင်ဖို့ရယ်၊ လူကြီးများအတွက် တရားရိပ်သာခန်းမဆောင်နှင့် မြန်မာကွန်မြူနတီ စင်တာခန်းမအစရှိတဲ့ ခန်းမဆောင်များ တည်ဆောက်နိုင်ရေးအတွက် ဒီတိုးချဲ့မြေကွက်ကို ၀ယ်ယူခဲ့တာပါ။ " ဟု ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသက အာရ်ကန်တိုင်းမ်စ်သို့ မိန့်တော်မူသည်။
ယခင် နှစ်ကာလများက စီစဉ်ကျင်းပခဲ့သည့် တရားသဘင်ပွဲများနှင့် ရာသီအလိုက်ရိုးရာယဉ်ကျေးမှုး ဘာသာရေးပွဲတော်များတွင် အဆိုပါတိုးချဲ့မြေကွက်၌ ယာယီမဏ္ဍများထိုးကာ နေပူဒဏ်နှင့် နှင်းလေအေးဒဏ်တို့ကြားမှ အဆင်ပြေချောမွေ့ အောင်မြင်အောင် ကြိုးစားစီစဉ်ဆောင်ရွက် ကျင်းပခဲ့ကြရကြောင်း သိရသည်။
ယခုကာလသည် အမေရိကန်ပြည်ထောင်စုတွင် ပြည်သူများ တနှစ်တာပေးဆောင်ထားသည့် အခွန်ငွေများကို အစိုးရမှ ပြန်လည်ရှင်းတမ်းထုတ်ပေးနေသည့် ကာလဖြစ်သည့်အတွက် မိမိတို့၏စေတနာ သဒ္ဒါတရားထက်သန်သလောက် ပါဝင်လှူဒါန်းနိုင်ရန် နိုင်ငံတ၀ှမ်းရှိ စေတနာရှင်အလှူရှင်များအား တိုက်တွန်းနှိုးဆော်လျှက်ရှိကြောင်း သိရသည်။
ထို့အပြင် ဆရာတော်က " အရှင်နန္ဒ၀ံသ ဖုန်း +806-290-8017 ( ashinnandavamsa@gmail.com)၊ ဦးညီညီလွင် ဖုန်း +806+3168+441 ( nyithura2010@gmail.com)၊ ဦးကျော်ဝေစိုး ဖုန်း +806+881+8310 ( kyawwaisoe@gmail.com) နှင့် ဦးထွန်းတင် ဖုန်း +806+340+8705 ( tuntinaung9@gmail.com)" တို့အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း မိန့်ကြားခဲ့သည်။ ARAKAN TIMES



No comments:
Post a Comment