Created on Monday, 25 February 2013 14:48
Hits: 463
အဆိုပါနေ့တွင် တောင်ကြီးမူးယစ်အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့ စုစုပေါင်း အင်အား ၁၃ ဦးခန့်တို့က ဟိုင်းလက်ကားနှစ်စီးဖြင့် အသက် ၂၅ နှစ်အရွယ် ဆန်းနိုင်ဆိုသူ နေအိမ်ကို ဝိုင်းထားခဲ့ကြကြောင်း ၎င်းရဲတပ်ဖွဲ့များ ဝိုင်းထားသည့်အိမ်မှာ ဧကဝက်ခန့်ကျယ်ပြီး ရှစ်ပေခန့်အမြင့်ရှိ အုတ်တံတိုင်းဖြင့် ကာရံထားကြောင်း၊ ထိုအချိန်တွင် ဆန်းနိုင်က ဓါးပြဗျို့ ဟုနေအိမ်အတွင်းမှ အော်ဟစ်သဖြင့် ရဲတပ်ဖွဲ့များက ယူနီဖေါင်းများကို ကျေးရွာနေပြည်သူလူထုမှ မြင်သာစေရန်အတွက် အပေါ်အင်္ကျီများကို ချွတ်နေကြစဉ် နေအိမ်အတွင်းမှ တူမီးသေနတ်ဖြင့် လှမ်းပစ်လိုက်သဖြင့် တောင်ကြီးမူးယစ်အထူးအဖွဲ့မှ ရဲအုပ်သန်းဇော်ဝင်း၏ ဝဲဖက်တင်ပါးတွင် သံတိုသံစတခု ထိမှန်ခဲ့ကြောင်းသိရသည်။
ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ၁၂ ဦးခန့်က နံနက် ၉ နာရီခန့်တွင် ထပ်မံရောက်ရှိလာပြီး ထိုအချိန်မှာပင် ဆန်းနိုင်မှာ တူမီးသေနတ်ကို လက်တဖက်မှ ကိုင်ဆောင်လျက် ဆပ်(ဖ်)ကားအနက်ရောင်ကို မောင်းနှင်ထွက်ပြေးရာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် (၄ ၊ ၅ ) ချက်ခန့် ပစ်ခတ်ဖမ်းဆီးသော်လည်း ထွက်ပြေး လွတ်မြောက်သွားကြောင်း ကျေးရွာနေ ရပ်မိရပ်ဖတဦးက ပြောသည်။
၎င်းရပ်မိရပ်ဖတဦးက “ ဆန်းနိုင်ရဲ့ နေအိမ်က နှစ်ထပ်တိုက်အိမ်ပါ။ မြေအောက်ခန်းလည်းရှိပါတယ်။ မြေအောက်ခန်းထဲမှာ ဘိန်းစိမ်းအနှံ့တွေလည်း ရပါတယ်။ ဘိန်းစိမ်း အကြွင်းအကျန်တွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းသွားပါတယ်။ များများစားစားတော့ မတွေ့ရတော့ပါဘူး။ ဆန်းနိုင်က မော်တော်ကားပေါ်ကို အထုပ်ငါးထုပ်လောက် ပစ်တင်သွားတာကို ပတ်ဝန်းကျင်အိမ်တွေက လှမ်းမြင်ရတယ်လို့ပြောပါတယ်။ ပစ္စည်းတွေက ကားပေါ်မှာ ပါသွားတယ်ထင်ပါတယ်။ ဆန်းနိုင်က ကားကိုမောင်းနှင်ထွက်ပြေးတော့
အေးအေးဆေးဆေးပဲ လို့အော်သွားပါသေးတယ်” လို့ ဆက်ပြောသည်။
ဆန်းနိုင်ကို ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း ဆန်းနိုင်မောင်းနှင်ခဲ့သည့် မော်တော်ကားကို လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ ခဲတောင်အနီးတွင် သေနတ်ထိမှန်ထားသောဒဏ်ရာ ခုနှစ်ခန့်နှင့်အတူ တွေ့ရှိခဲ့ကြကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူဒေသခံတဦးထံမှ သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖေါ်ဝါရီလ ၂၄ရက်က မိုးဗြဲရဲစခန်းသို့ သွားရောက်၍သော်လည်းကောင်း ၊ ဖုန်းဖြင့် သော်လည်းကောင်း ဆက်သွယ်မေးမြန်းရာ မိုးဗြဲရဲစခန်းမှ ဒုရဲအုပ်တဦးက “ဘာမှမသိဘူး” ဟု ဖြေကြားပြီး ဖယ်ခုံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးကမူ “ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာ မှန်ပါတယ်။ ဒီအသေးစိပ်ကိုတော့ အထက်လူကြီးတွေမှ သိမှာပါ” ဖြေကြားသည်။
ယခုအခင်း ဖြစ်ပွားရာနေရာ အနီးဝန်းကျင်ရှိ ဒေသများတွင် ရေ၊ မြေ ကောင်းမွန်ပြီး စပါးနှင့် အခြားသီးနှံများစိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်သော်လည်း ဘိန်းစိုက်ပျိုးသူများပြားနေပြီး ယခုနှစ်တွင်
ဘိန်းစိမ်းတပိဿလျှင် ကျပ်ခုနှစ်သိန်း ပေါက်ဈေးရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ktimes
No comments:
Post a Comment